ဦးဝီရသူအတွက် ဆုတောင်းပွဲများတွင် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ပါဝင်ဦးဆောင်

ဖမ်းဝရမ်းထုတ်ခံထားရပြီး ရှောင်ပုန်းနေသည့် ကမ္ဘာကျော် ဘုန်းကြီးကို ဝန်းရံထောက်ခံနေသူများ၏ ဆုတောင်းပွဲဆိုသည်များတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အချို့ ပါဝင်နေကြောင်း Myanmar Now က တစေ့တစောင်း စုံစမ်းထားပါသည်။

ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်စောင်းတန်းအနီး တန်ဆောင်းများ၌ လူလေးယောက်၊ ငါးယောက် တစ်စုစီ ထိုင်နေကြသူများသည် “ထွက်ကြတော့လေ… လွတ်တဲ့နေရာမှာ ဝင်ထိုင်ကြ” ဟု ဆော်ဩသူ တစ်ဦး၏ အသံနောက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ ဇွန်လ ၁၂ ရက်နေ့၏ တဖျောက်ဖျောက်ကျနေသည့် မိုးစက်မိုးပေါက်များ အောက်မှာပင် ထိုလူစုများ ထွက်လာကြကာ အောင်မြေ၌ စုရုံးလိုက်ကြသည်။

ထိုသူတို့ ထွက်လာကြသည့် တန်ဆောင်းချင်း မတူသော်လည်း တူညီသည့်အချက်က ထိုလူအစုတစ်စုစီတွင် ဦးဆောင် ညွှန်ကြားသူတစ်ဦးစီရှိခြင်းဖြစ်သည်။

ထိုသူတို့သည် မန္တလေးမြို့မှ နာမည်ကျော် ဘုန်းကြီး ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့ရန် စုရုံး ရောက်ရှိ ခဲ့ကြခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများကြသည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - က ဖြင့် အမှုဖွင့် ခံထားရပြီး ယခု တိမ်းရှောင်လျက်ရှိသည်။ ဦးဝီရသူသည် “အမျိုးသားရေး ဆရာတော်” ဟု ကိုယ့်ကိုယ်ကိုယ် အမည်တပ်သူဖြစ်ပြီး ယခု ၎င်းအတွက် လာရောက် ဆုတောင်းကြသူ များမှာလည်း အမျိုးသားရေးသမားများဆိုသည့် ခေါင်းစဉ်အောက်မှ ဦးဝီရသူအတွက် လာရောက်ဝန်းရံ နေကြခြင်း ဖြစ်သည်ဟု ကြွေးကြော်ကြသည်။

ဇွန်လ ၁၀ ရက်မှစကာ ၁၃ ရက်နေ့အထိ ကြေးသွန်းဘုရား၊ ဆူးလေ၊ ကမ္ဘာအေး၊ ရွှေတိဂုံ၊ ဗိုလ်တထောင် စေတီတို့၌ လေးရက်ဆက်တိုက်ပြုလုပ်ခဲ့သော ဦးဝီရသူဆုတောင်းပွဲများတွင် ပါဝင်သူများမှာ ရန်ကုန်မြို့ဆင်ခြေဖုံး မြို့နယ်အချို့တွင် နေထိုင်သူအများစုဖြစ်ပြီး၊ ပါဝင်သူတချို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်ခြေအဖွဲ့ဝင်များဖြစ်ကြောင်း Myanmar Now ၏ နှစ်ပတ်ကြာ စုံစမ်းမေးမြန်းမှုပြုရာမှ သိရှိရသည်။

သို့ရာတွင် ယခုကဲ့သို့ပါဝင်ပတ်သက်မှုသည် ပါတီက မူဝါဒတစ်ရပ်အနေဖြင့် တိုက်ရိုက်ခိုင်းစေခြင်း မဟုတ်ကြောင်းနှင့် ဆုတောင်းပွဲတွင် ပါဝင်သူများကို အဖွဲ့အစည်းတစ်ခုခုက ငွေကြေးပေးခိုင်းစေခြင်း မဟုတ်ကြောင်း၊ ပါတီစည်းကမ်းမထိခိုက်သရွေ့ ထိုပါတီဝင်များ၏ ကိုယ်ရေးကိုယ်တာသဘော ပါဝင်မှုကို မတားဆီးကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

မီဒီယာနှင့်စကားမပြောရ

ဆုတောင်းပွဲများတွင် ပါဝင်သူများသည် မိမိသဘောဖြင့် လာရောက်ပူးပေါင်းကြခြင်းဖြစ်သည်ဟု ပါတီဘက်က ဆိုသော်လည်း Myanmar Now ၏မြေပြင် ကွင်းဆင်း သတင်းရယူချက် အရမူ ကွဲလွဲမှုအချို့ရှိနေသည်။

ဆုတောင်းပွဲတွင်ပါဝင်သူများကို သတင်းထောက်များက မေးခွန်းမေးမြန်းမည် လုပ်တိုင်း လာရောက် တားမြစ်သူများ ရှိသလို ၎င်းတို့အား ဆုတောင်းပွဲများသို့ လိုက်ပါရန်အတွက် ‘ရွှေတိဂုံဘုရားဖူးရန်’၊ ‘ဆရာတော်တစ်ပါး အတွက် ဆုတောင်းရန်’ စသည်ဖြင့် စရိတ်ငြိမ်း လာရောက်စည်းရုံး ခေါ်ဆောင်မှုများ ရှိပြီး ထိုသို့ ခေါ်ဆောင်သူများသည် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်၊ ရပ်ကွက်အဆင့် ပါတီတာဝန်ယူထားသူများ ဖြစ်နေသည်ကိုတွေ့ရသည်။

ဇွန်လ ၁၂ ရက်နေ့က ရွှေတိဂုံစေတီတော်၌ ဦးဝီရသူအတွက် လာရောက်ဆုတောင်းကြသူ ရာဂဏန်းခန့် ရှိသည့်အနက် အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ၎င်းသည် မြောက်ဥက္ကလာပ မြို့နယ်မှ လာရောက်ကြောင်း ပြောပြသည်။ သို့သော် ၎င်း၏ စကားအဆုံးမှာပင် ၎င်းတို့အစု၏ အဖွဲ့ခေါင်းဆောင် ဟု ယူဆရသူက လာရောက် တားမြစ်သဖြင့် ထပ်မံ မဖြေကြားတော့ပေ။ ထို့ပြင် ဝတ်ပြု ဆုတောင်းသူများ အနက်မှ အမျိုးသားလေးဦးကို မေးမြန်းသည့် အခါမှာလည်း မဖြေဆိုရန် လာရောက် တားဆီးသူများ ရှိသည်။

ထို ဆုတောင်းသူများသည် ချမ်းသာကြီးတန်ဆောင်းရှေ့ရှိ အောင်မြေတွင် ထိုင်ကာ ၁၅ မိနစ်ခန့် ဝတ်ပြုဆုတောင်းပြီးသည့်အခါ အများစုက မြောက်ဘက်နှင့် အနောက်ဘက်မုခ်များမှ တစ်ဆင့် ပြန်လည် ထွက်ခွာ သွားကြသည်။

မြောက်ဘက်မုခ်မှ ပြန်လည်ထွက်ခွာသွားသူ ၃၀ ခန့်ရှိပြီး ၎င်းတို့သည် ဓာတ်လှေခါးနှစ်စင်းကို နှစ်ဖက်ခွဲကာ အပြင်လူပေးမဝင်ဘဲ ဆင်းသွားကြပြီး ယာဉ်ရပ်နားကွင်းရှိ လိုက်ထရပ်ကား သုံးစီးပေါ်သို့ ခွဲတက်သွားကြ သည်။ အဆိုပါလိုက်ထရပ်ယာဉ် သုံးစီးအနက် အပြာရောင်ယာဉ်သည် ‘ရုံးရှေ့’ မှတ်တိုင်နှင့် ‘တံတားဖြူ’ မှတ်တိုင်ကြားရှိ လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု Myanmar Now က စုံစမ်းသိရှိခဲ့သည်။

၎င်းယာဉ်မှဆင်းလာသူများထဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ် အလုပ်အမှုဆောင် ဦးမျိုးဆန်းဝင်းလည်း ပါကြောင်း Myanmar Now ၏ မှတ်တမ်းဓာတ်ပုံပါ လူတစ်ဦးကို ထောက်ပြ၍ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့ပြင် ၁၂ ရက်နေ့ ရွှေတိဂုံဆုတောင်းပွဲနှင့် ၁၃ ရက်နေ့ ဗိုလ်တထောင်ဆုတောင်းပွဲများတွင် လှိုင်သာယာမှလိုက်ပါသူများကို တင်ဆောင်လာသည့် လိုက်ထရပ်ကားအပြာရောင်သည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကား ဖြစ်ပြီး ပါတီရုံးဝင်းအတွင်း အမြဲတွေ့ရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ဦးမျိုးဆန်းဝင်း၏ လက်ကိုင်ဖုန်းကို ဆက်သည့်အခါ မည်သူမည်ဝါဟု မပြောသည့် ဖုန်းကိုင်သူက Myanmar Now ၏မေးခွန်းများကို ဖြေကြားပါက ၎င်းအပေါ် ပုဒ်မများတပ်လာနိုင်မည်လား မေးမြန်းသည်။ ထို့နောက်ပိုင်းတွင် ၎င်းနှင့် ထပ်မံဆက်သွယ်၍ မရတော့ပေ။

၂၀၁၅ ဇူလိုင်လ ၇ ရက် နေ့စွဲဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏facebook စာစုတစ်ခုတွင် လှိုင်သာယာမြို့နယ် သွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းမှာ ပါဝင်သူများအမည်ကို ဖော်ပြထားပြီး ဦးမျိုးဆန်းဝင်းအား လူငယ်တာဝန်ခံဟု ဖော်ပြထားသည်ကို တွေ့ရသည်။

‘ဘုရားဖူးရမယ်ဆိုလို့ လိုက်လာတာ’

ဦးဝီရသူအတွက် ဆုတောင်းပွဲများတွင် လိုက်ပါခဲ့သူများအနက်Myanmar Now နှင့် စကားပြောခွင့် ရခဲ့သူတို့ ပြောပြချက်အရ ၎င်းတို့သည် ဆုတောင်းပွဲပြုလုပ်ရခြင်း၏ အကြောင်းရင်းကို ဂဃနဏ မသိရှိကြပေ။ ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက ကမ္ဘာအေးစေတီသို့ စီတန်းလမ်းလျှောက်သူ လူတန်းထဲတွင် ပါဝင်သူ ၁၀ ဦးခန့်ကို ချဉ်းကပ်မေးမြန်း ကြည့်ရာ ၎င်းတို့သည် တွံတေး၊ တိုက်ကြီး၊ သုံးခွ၊ သာကေတ၊ လှိုင်သာယာ မြို့နယ်များမှဖြစ်ကြောင်း၊ ‘ရန်ကုန်သို့ သွားပြီး ရွှေတိဂုံဘုရားဖူးရမည်’ ဟု ပြောကာ ၎င်းတို့ကို ရွာထဲအထိ လိုက်ထရပ်ကားများဖြင့် လာရောက် ခေါ်ဆောင်ကြောင်း ပြောပြသည်။

ထိုနေ့ကလူအုပ်သည် ရဟန်းဝတ်နှင့် လူဝတ် နှစ်ရပ်ပေါင်း ၁,၀၀၀ ဝန်းကျင်ခန့်ရှိပြီး မရမ်းကုန်းမြို့နယ် စွယ်တော်စေတီ ပရိဝုဏ်အတွင်း စုရပ်ပြုလုပ်ကာ ကမ္ဘာအေးစေတီအထိ လမ်းလျှောက်ချီတက်ခြင်းဖြစ်သည်။ မိသားစုအလိုက် လာရောက်သူများပြီး အသက် ၁၅ နှစ်ဝန်းကျင် လူငယ်များအပြင် အသက် ၅၀ ကျော် ၆၀ အရွယ် သက်ကြီးပိုင်းများလည်း ပါသည်။

သွားမယ်တဲ့၊ ရန်ကုန်ဘုရားဖူးတဲ့၊ ကြံ့ခိုင်ရေးပါတီကတဲ့၊ လိုက်ခဲ့ပေးပါဆိုလို့...

လူအုပ်ထဲတွင် အသက် ၃၀ ကျော် ၄၀ ဝန်းကျင် အမျိုးသားများကိုလည်း တွေ့ရပြီး ၎င်းတို့သည် ကိုယ့်အသိစိတ်ဖြင့်ကိုယ် ဦးဝီရသူအတွက် လာရောက် ဆုတောင်းခြင်းဖြစ်သည်ဟု ပြောသည်။ ၎င်းတို့အနက် တချို့၏ မျက်လုံးများမှာ နီစပ်စပ်ဖြစ်နေပြီး လူအုပ်အတွင်း မေတ္တာသုတ်ကို အော်ဟစ်နေသည့် ထိုလူတချို့ထံမှ အရက်နံ့ ရသလို ခြေလှမ်းများမှာလည်း ယိမ်းထိုးနေသည်ကို တွေ့ခဲ့ရသည်။

ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်နေရင်း “မင်း သတ္တိမရှိဘူးလား၊ ယောက်ျားမဟုတ်ဘူးလား” ဆိုသည် အသံများလည်း ထွက်ပေါ်လာသည်။ ဦးဆောင်သူဟု ယူဆရသူများက အဆိုပါလူအုပ်နှင့်အတူ ဆက်လက်မလိုက်ပါလိုသူတို့ကို ဆက်လိုက်ဖို့ စည်းရုံးနေခြင်းဖြစ်သည်။

ထိုနေ့က ဦးဝီရသူအတွက် ဆုတောင်းပွဲတွင် ပါဝင်သည့် ရဟန်းဝတ်အချို့ကလည်း လူအုပ်ဘေးမှ နေပြီး သံပြိုင်ညီညာ ရွတ်ဆိုကြရန် ညွှန်ကြားလျက်ရှိသည်။

“ကမ္ဘာကြီး ငြိမ်းချမ်းပါစေ… ဆရာတော် ဦးဝီရသူ စိတ်ဆင်းရဲခြင်း ကင်းပါစေ … သံဃာတော်များ မတရား ဖိနှိပ်ချုပ်ခြယ်မှုများ ကင်းဝေးပါစေ … ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါစေ” စသည့် ကြွေးကြော်သံများ ရွတ်ဆိုလျက် လမ်းလျှောက်ချီတက်ကြသည်။

“ဆရာတော် အဖမ်းခံရတယ်တဲ့။ အဲဒါ ဆုတောင်းပွဲလုပ်မယ်ဆိုလို့ လိုက်လာတာ ဘုရားလည်း ဖူးရမယ် ဆိုလို့လေ။ ဘယ်ဆရာတော်လဲတော့ အမေတို့လည်း မသိဘူး၊ ဒါပေမဲ့ ဆုတောင်းတာကတော့ ကိုယ့် ဘာသာအရလည်း ကောင်းတယ်လေ” ဟု တွံတေးမြို့မှ လိုက်လာသည့် အသက် ၆၅ နှစ်အရွယ် ဒေါ်ငြိမ်းက ပြောသည်။

သို့သော် ဒေါ်ငြိမ်းကိုဆက်လက်မေးမြန်းခွင့် မရလိုက်ပါ။ ချီတက်လမ်းလျှောက် ဆုတောင်းသူများကို စောင့်ကြည့်ညွှန်ကြားနေသော သာသနာ့အလံကိုင် အသက် ၄၀ ဝန်းကျင် အမျိုးသားအချို့ အနားသို့ ဝိုင်းလာသည့်အတွက်ဖြစ်သည်။

“သွားမယ်တဲ့၊ ရန်ကုန်ဘုရားဖူးတဲ့၊ ကြံ့ခိုင်ရေးပါတီကတဲ့၊ လိုက်ခဲ့ပေးပါဆိုလို့။ ရွှေတိဂုံလည်း ရောက်မယ် ဆိုပြီးတော့။ ဟိုကျတော့ ရွှေတိဂုံလည်း မရောက်ပါဘူးဗျာ” ဟု ဆုတောင်းပွဲသို့ လာခဲ့သည့် တွံတေးမြို့နယ် အိုးဘိုနောက် (အနောက်ဘက်ခြမ်း) ရွာနေ အသက် ၁၅ နှစ်အရွယ် မောင်မင်းမင်းက ၎င်း၏ ကျေးရွာသို့ပြန်ရောက်ပြီးနောက် Myanmar Now ကို ပြောသည်။

ဘုရားဖူးသွားမည်ဟုဆိုကာ ကားဖြင့် ၎င်းတို့ကိုလာခေါ်ခဲ့ပြီး စွယ်တော်စေတီပရိဝုဏ်တွင်းရောက်မှ သပြေပန်းခက်များ ကိုင်စေကာ သတ်မှတ်ထားသည့် ပလပ်စတစ်ကြိုးတန်းအတွင်း ဝင်ရောက်၍ ရှေ့ကတိုင်ပေးသည့် စာကြောင်းများ ရွတ်ရခြင်းဖြစ်သည်ဟု မောင်မင်းမင်းနှင့်အတူ လိုက်သွားခဲ့သည့် တစ်ရွာတည်းသား မောင်ကိုကိုကလည်း ပြောသည်။

“ရွာထဲက ၁၀ ယောက်။ တခြားရွာက လူတွေလည်း ရှိတာပေါ့။ သား တစ်ခါမှ မလိုက်ဖူးဘူး။ အခုမှ လိုက်ဖူးတာ။ အသံထွက်တဲ့ဟာလေးနဲ့ အော်ပြီးလာခေါ်တာ။ ကားတွေကို သာယာကုန်း (လမ်းမ) မှာပဲ ရပ်ထားပြီး လူ ငါးယောက်၊ ခြောက်ယောက်လောက်က လာခေါ်တာ။ ထမင်းကျွေးတယ်။ မနက်ဖြန် ထပ်သွားရမှာ” ဟု ၎င်းက ​ပြောသည်။ ၎င်းတို့နှစ်ဦးစလုံး ကျောင်းမနေတော့ဟု ပြောသည်။

အိုးဘိုနောက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ၎င်းအနေဖြင့် ဆုတောင်းပွဲလိုက်မည့် လူများကို လိုက်လံခေါ်ဆောင်ပေးသည်မှာ မှန်သော်လည်း ပါတီညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ကားသမားတစ်ဦးက အခမဲ့ဘုရားဖူးပို့ပေးမည်ဟုဆိုကာ ရွာရှိလူများကို လာရောက် ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

“ပါတီက ပို့ခိုင်းတာတော့ မဟုတ်ဘူးဗျ။ ရပ်ကွက်ထဲက လူငယ်လေးတွေ … ကျွန်တော့ရွာကတော့ သုံးယောက်ပါသွားတယ်။ ကျန်တာကတော့ မြို့ပေါ်မှာ ရှစ်ရပ်ကွက်ရှိတယ်လေ။ ဘုရားဖူးဖို့ ရည်ရွယ်ချက် ပါပဲ။ သူတို့ ‘ဘုရားဖူးသွားမယ်။ မင်းဆီက လိုက်ချင်တဲ့သူရှိရင် လိုက်ခဲ့’ ဆိုပြီးတော့ပေါ့” ဟု ၎င်းက နေအိမ်၌ ပြောသည်။

အဆိုပါ ကားသမားကိုဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို တောင်းသည့်အခါ ဖုန်းပျက်နေသဖြင့် မရနိုင်ဟု ၎င်းက ပြောသည်။

တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်က ၎င်းအနေဖြင့် ရပ်ကျေးအဆင့်သို့ ထိုသို့ လုပ်ဆောင်ရန် ညွှန်ကြားချက်မထုတ်ထားဟု ပြောသည်။

“ပါတီက ခိုင်းတာတွေက ကျွန်တော့ဆီ တိုက်ရိုက်မလာဘူး။ သူတို့ (ဒီကိစ္စကို) သပ်သပ်တာဝန်ပေးတဲ့သူ ရှိရင်တော့ မပြောတတ်ဘူး။ ကျွန်တော့ကိုတော့သတင်းမပို့ဘူး” ဟု ၎င်းက တွံတေးမြို့ရှိ ၎င်း၏ နေအိမ်၌ ပြောသည်။

‘ကြံ့ခိုင်ရေးရုံးမရှိဘူးလား’

နိုင်ငံတော်အစိုးရအဖွဲ့ကို ပုတ်ခတ်ဆဲဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ဦးဝီရသူကို မေလ ၂၈ ရက်နေ့စွဲဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း ၎င်းကို ထောက်ခံသူဟု ဆိုသူများက ဆုတောင်းပွဲများ ဆက်တိုက်ဆိုသလို ကျင်းပလာခဲ့ရာတွင် ဆုတောင်းပွဲများ အားလုံး၏ တူညီသည့်အချက်က “သံဃာတော်များ မတရားဖိနှိပ်ချုပ်ခြယ်ခံရမှုမှ ကင်းဝေးပါစေ”၊ “ဆရာတော်ဦးဝီရသူ စိတ်ဆင်းရဲခြင်း ကင်းပါစေ”၊ “သံဃာတော်များ အချုပ်အနှောင်ကင်းပါစေ” ဆိုသည့် ကြွေးကြော်သံများ ပင်ဖြစ်သည်။

ထိုဆုတောင်းပွဲများအားလုံးသို့ သတင်းမီဒီယာများကို ဖိတ်ကြားခြင်းမရှိသလို လိုက်ပါလာသည့် လူအုပ်ကိုလည်း ပွဲစီစဉ်သူခေါင်းဆောင်များက သတင်းထောက်များနှင့် အမေးအဖြေလုပ်ခွင့်မပေးပါ။ ဆုတောင်းပွဲ လိုက်ချင်ပါက မည်သို့လိုက်ရမည်လဲဟု ဇွန်လ ၁၂ ရက်နေ့ ရွှေတိဂုံစေတီ ဆုတောင်းပွဲ လိုက်ပါလာသူများကို Myanmar Now သတင်းထောက်က မေးသည့်အခါ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက “နင်ဘယ်မှာနေလဲ၊ နင်တို့ရပ်ကွက်ထဲမှာ ကြံ့ခိုင်ရေးရုံးမရှိဘူးလား” ဟု ပြန်မေးသည်။

၎င်းသည် တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ၌ နေထိုင်သူဖြစ်ကြောင်း၊ ယနေ့ပွဲတွင် ၎င်းတို့ရပ်ကွက်မှ ပြည်ခိုင်ဖြိုးပါတီရပ်ကွက်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ လိုက်ပါလာကြောင်း ၎င်းက ခပ်တိုးတိုးဖြေသည်။ ထို့နောက် မလှမ်း မကမ်း၌ ရပ်နေသည့် အသားဖြူဖြူ၊ ဝဝဖိုင့်ဖိုင့် စတစ်ကော်လာအဖြူ၊ ဆံပင်အရှည်ကို နောက်စည်းထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို လှမ်းခေါ်လိုက်သည်။

“ကိုဆံရှည်… ဒီကလေးမက ကျွန်တော်တို့နဲ့ ပူးပေါင်းချင်လို့တဲ့” ဟု ပြောသောအခါ ကိုဆံရှည်ဆိုသူက “မင်းဟာက ယုံရလို့လား” ဟု ချက်ချင်းပြန်ပြောကာ ၎င်းနှင့်ပါလာသည့် အတွင်းရေးမှူးဆိုသူ အမျိုးသမီးနှင့် အတူ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

ကိုဆံရှည်၏စကားအပေါ် တောင်ဒဂုံ ရပ်ကွက် ၂၀ နေ အမျိုးသားက ၎င်းတို့အနေဖြင့် ယခုကိစ္စများသည် အရေးကြီးခြင်းကြောင့် ယခုလို မေးမြန်းရခြင်းဖြစ်သည်ဟု Myanmar Now သတင်းထောက်ကို ပြောသည်။

“ရပ်ကွက်တိုင်းမှာ ကြံ့ခိုင်ရေးရုံးရှိတယ်။ (လာမေးတဲ့သူတွေကို) မယုံတာမဟုတ်ဘူး။ ဒါတွေက လျှို့ဝှက် ဝှက်ဖဲတွေ။ ကိုယ့်အိမ်က မိသားစုတောင် ကိုယ်ဒီက လုပ်လာခဲ့တဲ့ဟာတွေကို ပြောလို့မရဘူး။ ပြောလို့ အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။

ပွဲတိုင်းကျော် ကိုဆံရှည်

တောင်ဒဂုံ ရပ်ကွက် ၂၀ နေ အမျိုးသားပြောပြသည့် ပြည်ခိုင်ဖြိုးရပ်ကွက်ဥက္ကဋ္ဌဟုဆိုသူ ကိုဆံရှည်သည် ပါတီရပ်ကွက်ဥက္ကဋ္ဌမဟုတ်ဘဲ မြို့နယ် စည်းရုံးရေးမှူးတစ်ဦး ဖြစ်သည်ဟု Myanmar Now က စုံစမ်းရရှိသည်။ ၎င်း၏ အမည်ရင်းမှာ ကျော်ကျော် (ခေါ်) ဖိုးကျော်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက် တွင် နေထိုင်သူ ဖြစ်သည်။

၎င်းသည် ဦးဝီရသူ၏ ဆုတောင်းပွဲများအတော်များများတွင် လာရောက်ဆုတောင်းသည်ကို မှတ်တမ်းများ အရ တွေ့ရှိရသည်။၎င်းနောက်ဆုံး ပါဝင်ခဲ့သည့်ပွဲမှာ မကြာသေးမီက လွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဇွန်လ ၂၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြပွဲမှာ ဖြစ်သည်။

ကိုကျော်ကျော်က ၎င်းအနေဖြင့် ဗုဒ္ဓဘာသာကို ကာကွယ်လိုသောကြောင့် ဆုတောင်းပွဲများသို့ သွားရောက် ခဲ့ခြင်းသာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် မသက်ဆိုင်ဟု တယ်လီဖုန်းဖြင့်ပြောသည်။

“ပါတီက ပါတီလေ။ အမျိုးသားရေးက အမျိုးသားရေးလေ။ ငါတို့က ဗုဒ္ဓဘာသာအတွက် ကာကွယ်တာ၊ ဆုတောင်းတာလေ။ ဆန္ဒပြတာမှ မဟုတ်ပဲ။ ဆန္ဒပြ ဆိုတဲ့ စကားတစ်လုံးမှမပါဘူး။ ဆုတောင်းတာ လူတိုင်း ဆုတောင်းလို့ ရတာပဲ” ဟု ၎င်းက ပြောသည်။

တောင်ဒဂုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များကိုယ်တိုင် ဆုတောင်းပွဲတွင် ပါဝင်ခြင်းမှာလည်း ၎င်းတို့၏ စိတ်ဆန္ဒအရသာဖြစ်သည်ဟု ကိုကျော်ကျော်က ပြောသည်။

ကိုကျော်ကျော်သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ပါတီတွင်းလှုပ်ရှားမှုများ၊ သာရေးနာရေး အတော်များများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း လူမှုကွန်ရက်Facebook ပေါ်ရှိ ဓာတ်ပုံမှတ်တမ်း များတွင်တွေ့ရှိရသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်မှ ပြည်ခိုင်ဖြိုး ပါတီဝင်အချို့နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက တပ်မတော် ထောက်ခံပွဲများ၊ ဦးဝီရသူ ထောက်ခံပွဲများ သွားရောက်လေ့ရှိသဖြင့် စောင့်ကြည့်ခဲ့ရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနိုင်ကပြောသည်။

ထိုသို့ သွားသူများထဲတွင် ပြည်ခိုင်ဖြိုးပါတီ နောက်ခံရှိသည့် ဆယ်အိမ်မှူးတချို့ပင် ပါဝင်နေသဖြင့် သတိပေးခဲ့ရသည်ဟုလည်း ၎င်းကပြောသည်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းထဲက ပါလာရင်တော့ ကျွန်တော်က လက်မခံဘူး။ ပါတဲ့လူကိုလည်း ကျွန်တော်က သတိပေးတာမျိုးတွေရှိတယ်” ဟု ဦးနေဝင်းနိုင်က ပြောသည်။

အခကြေးငွေနဲ့ခေါ်တာလား

ဇွန်လ ၁၀ ၊ ၁၁၊ ၁၂၊ ၁၃ ရက်နေ့ ဆုတောင်းပွဲများတွင် ပါဝင်ခဲ့ကြသူများကို အခကြေးငွေဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရက်ဆက် ပြုလုပ်ခဲ့သည့် အဆိုပါဆုတောင်းပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်နှင့်မြို့နယ် အဆင့် ခေါင်းဆောင်များ ပါဝင်နေပြီး ဆုတောင်းပွဲလိုက်မည့်သူများကို စရိတ်ငြိမ်းအပြင် ရက်တွက်ကြေးပေးပြီး ခေါ်ယူသည်ဟု အဆိုပါ မျက်မြင်သက်သေ နီးစပ်သူက Myanmar Now ကို ပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ကြေးသွန်းဘုရားမှ ဆူးလေစေတီသို့ ဆုတောင်းချီတက်ပွဲလိုက်ပါသူ မည်သူမဆို တစ်ဦးလျှင် ကျပ် ၁၀,၀၀၀ အထိ ပေးကြောင်း၊ နောက်နေ့များတွင် ထမင်းကျွေး စရိတ်ငြိမ်းအပြင် ကျပ် ၃,၀၀၀ စီပေးကြောင်း၊ အရက်လည်း တိုက်ကြောင်း ထိုမျက်မြင်သက်သေက ပြောသည်။ ထိုနေ့က လှိုင်သာယာမှ လူ ၄၀ ခန့်သာ ခေါ်ယူနိုင်ခဲ့ပြီး လိုက်ပါသူအများစုမှာ လှိုင်သာယာမြို့နယ် ဇုန် (၅)၊ ‘ငါးသုံးလုံး’ ကျူးကျော်ကွင်းများမှ ကျူးကျော်သူအများဆုံးဖြစ်သည်ဟု လည်း အဆိုပါသတင်းပေးက ပြောသည်။

ထိုအသေးစိတ်အချက်များနှင့် ပတ်သက်ပြီး မှန်မမှန်ကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

‘ညွှန်ကြားထားတာမရှိဘူး’

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့တို့သည် “အမျိုးသားရေး” ရပ်တည်မှုခြင်း တူသည့်အဖွဲ့ဖြစ်သလို ပြည်ခိုင်ဖြိုးနှင့်မဘသတို့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိကြသည်။

၂၀၁၃ ဇွန်လကရန်ကုန်တွင် ကျင်းပခဲ့သည့် ပထမဦးဆုံးသော မဘသညီလာခံတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါတီတံဆိပ်ရင်ထိုးပြီး တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးစိုးမိုးခဲ့သည့် ယခင်လွှတ်တော်သက်တမ်းတွင် မဘသက အဆိုပြုသည့် မျိုးစောင့်ဥပဒေ လေးရပ်ကိုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး၊ မဘသခေါင်းဆောင်များကလည်း ပြည်ခိုင်ဖြိုးပါတီကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန် မျိုးစောင့်ဥပဒေအောင်ပွဲဆိုသော အခမ်းအနားများတွင် တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။

ထိုသို့ နီးကပ်မှုရှိသော်လည်း ဦးဝီရသူထောက်ခံဆုတောင်းပွဲများတွင် ပြည်ခိုင်ဖြိုးပါတီဝင်များပါဝင်နေခြင်း သည် ပါတီ၏ညွှန်ကြားချက်မဟုတ်ကြောင်း၊ ဆုတောင်းပွဲများတွင်ပါဝင်သူများအား ငွေပေးစည်းရုံး ခေါ်ဆောင်မှု မရှိကြောင်းပါတီပြောရေးဆိုခွင့်ရှိသူများကဆိုကြသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ ဦးဝီရသူထောက်ခံပွဲများနှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်နေကြခြင်းသည် ၎င်းတို့၏လူတစ်ဦးချင်းစီ လွတ်လပ်ခွင့်ဖြစ်ပြီး ပါတီ၏အခြေခံစည်းမျဉ်းများကို ထိခိုက်မှုမရှိပါက မည်သို့မျှပြောစရာမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Myanmar Now ကိုပြောသည်။

“သူတို့ဆန္ဒအလျောက်ဆောင်ရွက်ခွင့်ကကျွန်တော်တို့ပါတီရဲ့အခြေခံစည်းမျဉ်းစည်းကမ်းတွေကို မထိခိုက်ရင် ကျွန်တော်တို့ ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ညွှန်ကြားထားတာမရှိဘူး။ ပါဝင်တယ် ဆိုတဲ့ လူတွေက personal (ကိုယ်ရေးကိုယ်တာ)အရ သွားရောက်ပူးပေါင်းမှုဖြစ်နိုင်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ဦးဝီရသူအား တရားစွဲဆိုမှုသည် တိုင်းပြည်တွင်အရှုပ်အထွေးများဖြစ်ပေါ်လာနိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်သည့် ဦးနန္ဒာလှမြင့်က ဦးဝီရသူဖမ်းဝရန်းထုတ်ခံရပြီး မကြာမီမှာပင် သတင်းထောက်များအား တရားဝင်ပြောကြားထားသည်။

ဦးဝီရသူ ဆုတောင်းပွဲများကို ဦးဆောင်သူများတွင် ပါဝင်သည့် ဘုန်းတော်ကြီးအချို့ကို Myanmar Now က ဆက်သွယ်သော်လည်း မရရှိသေးပါ။ 7Day သတင်းစာပါ သတင်းတစ်ပုဒ်အရ ဇွန်လ ၁၀ ရက်နေ့က ဆုတောင်းပွဲကို ဦးဆောင်သူ ရဟန်းဝတ်များဖြစ်သည့် ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတနှင့် ဦးဝီရတေဇော အပြင် လူဝတ်များဖြစ်သည့် ကိုသက်မျိုးဦးနှင့် ကိုတင်ထွဋ်ဇော်အပါအဝင် စုစုပေါင်း ကိုးဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဗဟန်း မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

 စိုင်းဇော်၊ ဝင်းနန္ဒာ၊ ဖြိုးသီဟချို၊ ချမ်းသာ၊ ခင်မို့မို့လွင်၊ အောင်ငြိမ်းချမ်း၊ ကေဇွန်နွေး၊ မုန်ဆန်အောင်တို့ စုပေါင်းသတင်းရယူသည်။ ညွန့်ဝင်းရေးသားတည်းဖြတ်ကာ ထွန်းခိုင် သုတေသနထောက်ကူပြုလုပ်သည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading