သတင်း

ရန်ကုန်မြို့နယ် ၉ ခုတွင် အများပြည်သူအပန်းဖြေနိုင်ရန် ပန်းခြံမရှိ

ရန်ကုန်မြို့တွင် အများပြည်သူပိုင် ပန်းခြံ ၆၃ခု (၅၂၂ ဧက) ရှိပြီး မြို့နယ် ခုနစ်မြို့နယ်တွင် ပြည်သူများ အပန်းဖြေအနားယူနိုင်သည့် ပန်းခြံတစ်ခုသာ ရှိကာ အခြား ကိုးမြို့နယ်တွင်မူ ပန်းခြံတစ်ခုမျှ မရှိသေးကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ယင်း မြို့နယ် ကိုးမြို့နယ်တို့မှာ လသာ၊ လမ်းမတော်၊ တာမွေ၊ ဆိပ်ကမ်း၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် တို့ဖြစ်သည်ဟု ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့သော ရန်ကုန်အခြေစိုက်အကျိုးအမြတ်မယူသော မူဝါဒရေးရာအကြံပေးအဖွဲ့ Another Development (AD) ၏AD ၏ “ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသောမြို့အား ဖော်ဆောင်ခြင်း” သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့်လူဦးရေအများဆုံး မြို့လည်းဖြစ်၊ စီးပွားရေးမြို့တော်လည်းဖြစ်သည့် ရန်ကုန်မြို့တွင် ပြည်သူများ အပန်းဖြေရန်နှင့် ကလေးငယ်များ အပျင်းပြေ ကစားနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားသော မြေကွက်လပ်ပန်းခြံများတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)  က ယခုအစိုးရလက်ထက်အတွင်း အဆောက်အအုံများ ဆောက်လုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးမှုများရှိခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြထားခဲ့သည်။

ယင်းအပြင် ၁၉၉ဝ ပြည့်နှစ်က ရန်ကုန်မြို့၌ လူတစ်ဦးချင်းစီအတွက် အသုံးပြုနိုင်သော စိမ်းလန်းဧရိယာ အကျယ်အဝန်းမှာ ၃ဝ ဒသမ ၅ စတုရန်းပေအထိ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ ဒသမ ၄ စတုရန်းပေသာ ရှိတော့သည်ဟု Another Development(AD) သုတေသနအဖွဲ့မှ သုတေသီ ဦးရေချမ်းက ပြောသည်။

သုတေသန စာတမ်းတွင် ရန်ကုန်မြို့ရှိ လူတစ်ဦးချင်းစီအတွက် အသုံးပြုနိုင်သည့် စိမ်းလန်းဧရိယာ အကျယ်အဝန်းမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။

ဤကဲ့သို့ စိမ်းလန်းဧရိယာ လျော့နည်းသွားခြင်းသည် လူဦးရေ တိုးပွားလာခြင်း နှင့် မြို့ပြတိုးချဲ့မှု လျင်မြန်လာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများက စိမ်းလန်းဧရိယာများကို အစားထိုးဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။

ကန်သာယာပန်းခြံနှင့် မြကျွန်းသာ အပါအဝင် အများပြည်သူဆိုင်ရာ စိမ်းလန်းဧရိယာများတွင် လုပ်ပိုင်ခွင့်ရရှိသည့် ပုဂ္ဂလိကကုမ္ပဏီများလည်း ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့သည် ယခင်က “အာရှတိုက်၏စိမ်းလန်းမြို့ကြီး” ဟု အမည်တွင်ခဲ့သော်လည်း လက်ရှိတွင်မူ စိမ်းလန်းစိုပြည်ရေးနှင့်သစ်ပင်များစိုက်ပျိုးခြင်းတို့ကို ပို၍လုပ်ကိုင်ရန်လိုအပ်လာနေသည်ဟု ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးက ပြောသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် ခြံပတ်ပတ်လည် ကွန်ကရစ်အပြည့်ခင်းထားခြင်းသည် ရေစုပ်ယူမှုကို အားနည်းစေပြီး မြေအောက်ရေလျော့နည်းလာနိုင်ကြောင်း၊ မြေအောက်ရေ ခန်းခြောက်လာသောကြောင့် မြေကျွံကျနိုင်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ဆွေးနွေးပြောကြားသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် အငြိမ်းစားဒုတိယပါမောက္ခချုပ် ဒေါက်တာဆွေဆွေအေးက “စိမ်းလန်းတဲ့ ရပ်ဝန်း ဖန်တီးတယ်ဆိုတာ နံရံတွေ ခေါင်းမိုးတွေကိုပဲ ဆေးအစိမ်းရောင်သုတ်တာကို ဆိုလိုတာမဟုတ်ဘူး”ဟု ပြောသည်။

ပန်းခြံအသုံးပြုသူများ၏ လိုလားချက်များနှင့် ကိုက်ညီနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အရိပ်ရအပင်များ၊ အမိုးအကာများ၊ အားကစားပြုလုပ်နိုင်သည့် နေရာများနှင့်ပစ္စည်းများ၊ အမှိုက်ပုံးများ၊ မီးတိုင်နှင့် ထိုင်ခုံများ၊ ကလေးငယ်များအတွက် ပညာရေးဆိုင်ရာပစ္စည်းများ ထည့်သွင်းပေးရန်နှင့် အိမ်သာအသုံးပြုခ ကောက်ခံခြင်းများ ဖယ်ရှားပေးရန် AD ၏သုတေသနစာတမ်းတွင် ဖော်ပြတိုက်တွန်းထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဒုဌာနမှူး ဦးမင်းအောင်က ပန်းခြံများသည် အရှေ့ပိုင်းခရိုင်တွင် ၁၅ ခု၊ အနောက်ပိုင်းခရိုင်တွင် ၁၉ ခု၊ တောင်ပိုင်းခရိုင်တွင် ၁၄ ခု၊ မြောက်ပိုင်းခရိုင်တွင် ၁၃ ခုရှိပြီး အချို့မြို့နယ်များတွင် တစ်မြို့နယ်အတွင်း၌ပင် ပန်းခြံတစ်ခုထက်ပို၍ ရှိနေကြောင်းနှင့် အချို့မြို့နယ်များတွင်မူ ပန်းခြံ မရှိသေးကြောင်း ရှင်းပြသည်။

လသာနှင့် လမ်းမတော်ကဲ့သို့သော မြို့နယ်များတွင် ပန်းခြံများမရှိရခြင်းအကြောင်း နှင့်ပတ်သက်၍ ဦးမင်းအောင် က “လသာနဲ့လမ်းမတော်လို မြို့နယ်တွေက အစဉ်အဆက် လူနေထူထပ်ခဲ့တဲ့ နေရာတွေပေါ့နော်။ မြေကွက်အလွတ်တွေရှိမှပဲ ဆောက်ပေးလို့ရမှာပါ။ မြေကွက်အလွတ်တွေရှိသေးရင် ဆောက်ပေးတာပေါ့ဗျာ။ ပြီးရင် စည်ပင်သာယာပိုင်တဲ့ မြေပေါ်မှာပဲ ဆောက်လို့ရတာပါ” ဟု ပြောသည်။

Another Development (AD) အဖွဲ့သည် မြန်မာနိုင်ငံအခြေပြု အကျိုးအမြတ်မယူသော မူဝါဒဆိုင်ရာ သုတေသန ပြုစုသည့် အဖွဲ့အစည်းဖြစ်ပြီး လူ့အခွင့်အရေး၊ ဗဟုယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဖက်ဒရယ်ဝါဒ၊ ကျေးလက်စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း၊ eGovernment နှင့် ပြည်သူဟူသည့် အဓိက ကဏ္ဍရပ် ၅ ခုကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။

Show More

Related Articles

Back to top button