သတင်း

ဒုတိယ ဝရမ်းသက်တမ်းကုန်သော်လည်း ဦးဝီရသူမလာရောက်၍ မျက်ကွယ်စစ်ဆေးကြားနာမှုစမည်

ဒုတိယမြောက် ဖမ်းဝရမ်းသက်တမ်းမှာ ယနေ့ကုန်ဆုံးပြီဖြစ်သော်လည်း ဦးဝီရသူကို ဖမ်းဆီးနိုင်ခြင်း မရှိ၍ အနောက်ပိုင်းခရိုင် တရားရုံးအနေဖြင့် လာမည့် ဇွန်လ ၁၈ ရက်တွင် မျက်ကွယ်စစ်ဆေးကြားနာမှုအဖြစ် မင်နက်သက်သေများကို စတင်စစ်ဆေးတော့မည်ဟု တရားသူကြီးက တရားခွင်တွင် ပြောကြားလိုက်သည်။

မင်နက်သက်သေဆိုသည်မှာ တရားလိုက ထွက်ပြေးနေသည်မှာ သေချာကြောင်း မင်နီသက်သေ စစ်ဆေးပြီးဆုံးသည့်နောက် တရားလိုပြသက်သေများကို စွပ်စွဲခံရသူ၏ မျက်ကွယ်တွင် တစ်ဖက်သတ် စစ်ဆေးခြင်း ဖြစ်ကြောင်း ဝါရင့် တရားလွှတ်တော်ရှေ့နေများက ရှင်းပြသည်။

“ဥပဒေကိုလှည့်စား မရဘူးဆိုတာ ပြလိုက်တာပဲ။ သူမလာမချင်း စောင့်မနေဘူးလေ။ မင်နက်သက်သေအားလုံး စစ်ဆေးပြီးရင် အမိန့်ချမှာ။ သူခုခံ ချေပခွင့် မရတော့ဘူးပေါ့ ” ဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

သို့သော်မင်နက်သက်သေ စစ်ဆေးနေစဉ် ထွက်ပြေးနေသည့် တရားခံပြေးက လာရောက်အဖမ်းခံခြင်း၊ ရဲတပ်ဖွဲ့က ဖမ်းမိခြင်း ဖြစ်စဉ်ပေါ်ပေါက်ပါက သက်သေများကို ပြန်လည် စစ်ဆေးမည်ဟု ရှေ့နေများက ပြောသည်။

ပြည်ထောင်စုဥပဒေ အထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက “သက်သေက ကြာရင် ပျောက်တာ၊ ရှာမတွေ့တာ တွေ ရှိမယ်။ ဆုံးပါးတာတွေ ရှိမယ်။အဲဒါကြောင့် တရားခံထွက်ပြေးမှန်း သေချာတယ်ဆိုရင် သက်သေတွေကို စစ်ထားရတာပေါ့။ တရားခံ ပြန်မိရင် သက်သေတွေ ပြန်စစ်မှာပေါ့ သေသွားတဲ့ ရှာမရတော့တဲ့ သက်သေဆို သူ့ထွက်ချက်က အတည် ဖြစ်တာပေါ့” ဟု မင်နက်သက်သေ၏ သဘောတရားအား ရှင်းပြသည်။

မင်နက်သက်သေများ စစ်ဆေးပြီးသည်အထိ တရားခံမမိပါက ကာလတစ်ခု သတ်မှတ်ကာ တရားခံလာရောက် ဖြေရှင်းခွင့်ကို စောင့်မည်ဖြစ်ကြောင်း ယင်းကာလသတ်မှတ်ချိန် ပြီးသည်အထိ လာရောက်ခြင်းမရှိပါက အမိန့်ချမည်ဖြစ်ကြောင်း၊ အမိန့်ချပြီးနောက်ပိုင်း ဖမ်းမိပါက သက်သေများကို ပြန်လည်စစ်ဆေးမည်မဟုတ်ဘဲ ယင်းအမိန့်အတိုင်းသာ အတည်ဖြစ်မည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးကဆိုသည်။

ယနေ့ရုံးချိန်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးစားသော်လည်း စွပ်စွဲခံရသူ ထွက်ပြေးနေကြောင်း ဖမ်းဆီးသူ ရဲအပါအဝင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မင်နီသက်သေ အဖြစ် တရားရုံးတွင် သက်သေ ထွက်ဆိုကြသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ၁၁ ရပ်ကွက် ပန်းဝါလမ်း၊ အမှတ် ၄၄ ရှိ ဦးကျော်နီ နေအိမ်တွင် ဦးဝီရသူ ရောက်ရှိနေခြင်း ရှိ မရှိ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်ထွန်း ဦးဆောင်သော အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ ဇွန်လ ၅ ရက်မှ ၁၀ ရက်အထိ စုံစမ်းရှာဖွေခြင်း စောင့်ကြည့်ခြင်းများ ဆောင်ရွက်ရာတွင် အဆိုပါ နေအိမ်၌ ဦးဝီရသူကို မတွေ့ခဲ့ရကြောင်း ဒုရဲမှူး တင်ထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ဆယ်အိမ်မှူးတို့က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် ရုံးချိန်းက မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တွင် ဦးဝီရသူ၏ ရှာဖွေရာတွင် မတွေ့ရှိကြောင်း ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထွက်ဆိုခဲ့ကြသည်။

ဦးဝီရသူကို ဖမ်းဆီးနိုင်ခြင်း မရှိ၍ လာမည့် ဇွန်လ ၁၈ ရက်တွင် တရားလို ဦးစန်းမင်းအပါအဝင် တရားလို သက်သေများကို မင်နက်သက်သေအဖြစ် စစ်ဆေးတော့မည်ဟု ယနေ့ တရားခွင်တွင် တရားသူကြီးက ပြောကြားခဲ့သည်။

ဦးဝီရသူသည် မေလ ၅ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံကြောင်း မဟာဗန္ဓုလပန်းခြံရှေ့ ဟောပြောချက်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုသည်ဆိုကာ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အနောက်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုပြီး ဝရမ်းထုတ်ခံထားရသည်။

ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသော်လည်း VK ရုရှလူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်များတင်ကာ ဟောပြောလျက်ရှိပြီး ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ၎င်းအား စွပ်စွဲထားသော ပုဒ်မသည် ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

Show More

Related Articles

Back to top button