မွတ်စလင်များ ဥပုသ်လဝတ်ပြုပွဲများကို နှောင့်ယှက်ခဲ့သည့် ခေါင်းဆောင်နှစ်ဦးစလုံးကို ဖမ်းမိပြီဖြစ်ပြီး ၎င်းတို့သည် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်ခြေရှိသည်။
ရန်ကုန်မြို့ မေလ တောင်ဒဂုံဘာသာရေး ဆူပူမှုတွင် အဓိကကြိုးကိုင်သူဟု ရဲက စွပ်စွဲပြီး တရားခံပြေး ကြေညာ ခံထားရသူ မိုက်ကယ်ကျော်မြင့်ကို ယနေ့ နေ့လယ်က မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့ရှိ ဖလံကျင်းကျေးရွာရှိ ယောက္ခမဖြစ်သူ၏ နေအိမ်တွင် ဖမ်းဆီးမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
၎င်း၏ အမျိုးသားကို မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းကလည်း Myanmar Now ကို ယနေ့နေ့လယ်က ပြောသည်။

“ခရိုင်ရုံးကို ခေါ်သွားတာဆိုတော့ ခရိုင်ရောက်မှ တွေ့ရမှာဆိုတော့ ခုထိတော့ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းက ပြောသည်။ ၎င်းကိုယ်တိုင်လည်း ဝမ်းတွင်းနေအိမ်မှ ခင်ပွန်းနောက်သို့ လိုက်သွားနေသည်ဟု ဖုန်းဖြင့် ပြောသည်။
မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းမှာ ခင်ပွန်း၏ ညွှန်ကြားမှုဖြင့် တည်ထောင်ထားသည့် အခြေခံလူတန်းစားဘဝ တိုးတက်မြင့်မားရေးပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။


မေလ ၁၅ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညသန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။
ထိုလူအုပ်တွင် တုတ်၊ ဓားကိုင်ထားသူ အချို့လည်း ပါဝင်သည်ဟု မျက်မြင်သက်သေများက ပြောသည်။
- အစ္စလာမ်ဥပုသ်ဝတ်ပြုမှုများကို မျိုးချစ်ဆိုသူများက တုတ်ဓားများဖြင့် လာရောက် တားဆီး
- လာဖမ်းမည်ဆိုပါက အဖမ်းခံမည်ဟု မိုက်ကယ်ကျော်မြင့် ပြော
- သတ်မှတ်ရက်ရောက်သော်လည်း မိုက်ကယ်ကျော်မြင့် လာရောက်အဖမ်းခံခြင်းမရှိ


ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ဦးဆောင်သူများဖြစ်သည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင် (နိုင်ဒဂုံ) တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရသလို ရဲက တရားရုံးသို့ ဆင့်ခေါ်ထားသည့် မေလ၂၃ ရက်နေ့တွင် လာရောက်ခြင်း မရှိသောကြောင့် တောင်ဒဂုံမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံထားရသူဖြစ်သည်။ သီဟမျိုးနိုင်(နိုင်ဒဂုံ)ကို ပြီးခဲ့သည့် အပတ်က တောင်ဒဂုံ တရားရုံးတွင် လာရောက် အဖမ်းခံခဲ့သည်။
အသက် ၄၃နှစ် အရွယ်ရှိ မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ခြောက်လ ၊ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု) ဖြင့် ထောက်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












