ခွေးလေခွေးလွင့်တွေကို ရှင်းလင်းဖို့ ရန်ကုန်စည်ပင်မှာ တာဝန်အပြည့်ရှိတယ် (အတွေးအမြင်)

ရန်ကုန်မြို့ရဲ့ အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခုက ခွေးလေခွေးလွင့်ပြဿနာဖြစ်ပြီး အဲဒီ ပြဿနာဟာ တာဝန်မဲ့တဲ့ခွေးချစ်သူအချို့နဲ့ မပြတ်သားတဲ့ စည်ပင်သာယာရေးကော်မတီ ရဲ့ လုပ်ဆောင်ပုံတွေကြောင့် ခုလို မဖြေရှင်းနိုင်သေးဘဲဖြစ်နေရတဲ့ ပြည်သူ့ကျန်းမာရေးကိစ္စတစ်ခု ဖြစ်နေရတယ်လို့ ပြင်ပဆောင်းပါးရှင်း သွေး (စစ်ကိုင်း) က ရေးသားထားပါတယ်။

ရန်ကုန်မြို့ရှိ ပိုင်ရှင်မဲ့ခွေးတစ်ကောင် (ဓာတ်ပုံ - ဇာနည်ဝင်း)
ရန်ကုန်မြို့ရှိ ပိုင်ရှင်မဲ့ခွေးတစ်ကောင် (ဓာတ်ပုံ - ဇာနည်ဝင်း)

ကျမတို့ရဲ့နေ့စဉ်လူနေမှုဘဝမှာ “လုံခြုံမှု” ရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ လူဦးရေ ထူထပ်များပြားတဲ့ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် လမ်းပေါ်မှာရော၊ လမ်းဘေးမှာရော၊ ရပ်ကွက်တွေမှာပါ တွေ့နေရတဲ့ ခွေးလေခွေးလွင့်တွေရဲ့ အန္တရာယ်ကို စိုးရိမ်နေရတာကြောင့် လုံခြုံမှု နည်းပါးနေသလို ခံစားရပါတယ်။

ခွေးလေခွေးလွင့်တွေ ရှိနေတာက ဟိုးအရင်နှစ်တွေကတည်းကဆိုပေမယ့် အခုအချိန်မှာ အရေအတွက်က သိသိသာသာ များလာနေတာက ပြဿနာပါ။ အဲဒီလို အရေအတွက် များလာတာနဲ့အမျှ ရန်ကုန်လိုမြို့ကြီးဟာ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ဘဲ ခွေးချေးပုံတွေကိုပါ စိတ်ပျက်စရာ တွေ့မြင်နေရပါတယ်။ ပိုဆိုးတာက ခွေးလေခွေးလွင့်တွေ အကိုက်ခံရလို့ လူသေဆုံးရတဲ့အဖြစ်တွေပါ ဖြစ်လာနေတာပါပဲ။

သိပ်မကြာသေးမီကပဲ ခွေးလေခွေးလွင့် အကိုက်ခံရတာကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရပါတယ်။ တယောက်က သာကေတမြို့နယ်ကဖြစ်ပြီး၊ တယောက်က မင်္ဂလာဒုံမြို့နယ်ကပါ။ ဧပြီ ၂၃ ရက်နေ့က သာကေတမြို့နယ်က အသက် ၁၂ နှစ်အရွယ် မောင်ဝေယံမင်းအောင်ဟာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။ တခါ မေလထဲမှာတော့ မင်္ဂလာဒုံမြို့နယ်က အသက် ၁၂ နှစ်အရွယ် မောင်ဇော်မင်းနိုင် (အားပု) ဟာလည်း ခွေးသွားနဲ့ခြစ်မိရာကနေ ရောဂါပိုးဝင်ပြီး သေဆုံးခဲ့ရပါတယ်။

အခုလို ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရပေမယ့် ရန်ကုန်စည်ပင်ရဲ့ ခွေးလေခွေးလွင့်ရှင်းလင်းရေး လုပ်ဆောင်မှုဟာ နှေးကွေးလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရတာပါ။

ရန်ကုန်တမြို့လုံးမှာ ခွေးလေခွေးလွင့်အကောင်ရေဟာ နှစ်သိန်းခြောက်သောင်းကနေ နှစ်သိန်းရှစ်သောင်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း ခွေးကိုက်ခံရသူဦးရေဟာ တစ်သိန်းကိုးသောင်းအထိ ရှိခဲ့ပြီး သေဆုံးသူ ၆၉ ဦး အထိ ရှိခဲ့ပါတယ်။

အဆိုးဆုံးကတော့ ပျော်ဘွယ်မြို့နယ်မှာ ခွေးအုပ်ကလိုက်ကိုက်လို့ လေးနှစ်အရွယ် သမီးငယ်လေးတယောက် သေဆုံးခဲ့ရတဲ့ ကိစ္စပါ။ ၂၀၁၈ ခုနှစ်သြဂုတ် ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ဒီးဒုတ်ကုန်းကျေးရွာမှာ “မဝေဖူးအောင်” ကို ခွေးလေခွေးလွင့် ငါးကောင်ထက်မနည်းက ဝိုင်းကိုက်ခဲ့တာပါ။

၂၀၁၉ ခုနှစ်ဇန်နဝါရီလမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေ ကောက်ယူရရှိခဲ့တဲ့ တိရစ္ဆာန်စာရင်းအရ တနိုင်ငံလုံးမှာ ခွေးကောင်ရေ ၃ ဒသမ ၈ သန်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်လိုမြို့ပြမှာ ခွေးကောင်ရေ များပြားလာနေလို့ ခွေးလေခွေးလွင့်တွေကို လမ်းပေါ်ကနေ ဖယ်ရှားပေးမှသာ အများပြည်သူ စိတ်ချလက်ချ သွားလာနိုင်မယ်လို့ ပြည်သူတွေက ယူဆလာကြပါတယ်။ တဖက်ကလည်း ခွေးတွေကို စည်းကမ်းမဲ့ ခွေးစာကျွေးတာ၊ ခွေးတွေကိုရှင်းလင်းတော့ မယ်ဆိုရင် ခွေးချစ်သူဟုဆိုသူတွေရဲ့ ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အခန်း ၅၊ ကော်မတီ၏လုပ်ငန်းတာဝန်များဆိုတဲ့အပိုင်းမှာ “အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို ဖမ်းဆီး၊ ထိန်းသိမ်း၊ သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် တည်ထောင်ခွင့်ပြုခြင်း၊ လေလွင့်တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း” လို့ ဖော်ပြထားပါတယ်။

ရန်ကုန်စည်ပင်ကနေ ကျောက်တံတားမြို့နယ်ထဲက လမ်းဘေးခွေးတချို့ကို ခွေးဂေဟာကို ပို့ဆောင်ဖို့ ဖမ်းဆီးနေစဉ်မှာ လူတစုက ဟန့်တားနှောက်ယှက်ခဲ့တဲ့ ဖြစ်စဉ်တခု မေ၂၀ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ခွေးချစ်သူလို့ဆိုတဲ့ လူတစ်စုက ခွေးတွေကို လုယူဖို့ပါ ကြိုးစားတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကိုပါ ပြစ်တင်ပြောဆိုခဲ့တာပါ။

အဲဒီလိုလုပ်ရပ်ဟာ အများပြည်သူအတွက် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းကို နှောင့်ယှက်တာဖြစ်လို့ ဝတ္တရားနှောင့်ယှက်မှုနဲ့အရေးယူဖို့ စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပေမယ့် အခုထိ ထိရောက်တဲ့ ဆောင်ရွက်ချက် ဘာမှမတွေ့ရသေးပါဘူး။

ခွေးချစ်သူတွေဘက်က ခွေးတွေမှာလည်း အသက်ရှိလို့ သုတ်သင်ရှင်းလင်းဖို့ ကန့်ကွက်နေတာလို့ အကြောင်းပြပါတယ်။ ဒါပေမယ့် ကျမတို့ မမေ့မလျော့ ထည့်သွင်းစဉ်းစားရမှာက ရန်ကုန်မြို့ကလမ်းဘေးခွေးအားလုံးကို ခွေးချစ်သူတွေက တာဝန်ယူနိုင်မှာလားဆိုတဲ့အချက်ပါပဲ။ တစ်ယောက်ယောက် ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးပေးဖို့တောင် တာဝန်ယူသူ မရှိတာပါ။ ခွေးရူးပြန်ရောဂါကာကွယ်ဆေးဟာ တစ်လုံးကို ကျပ် ၁၅,၀၀၀ အထိ ရှိတာမို့ အခြေခံလူတန်းစားများအတွက် အဆင်မပြေနိုင်ပါဘူး။

လမ်းဘေးခွေးတွေကို ကုသိုလ်လုပ်တယ်ဆိုပြီး အစာလိုက်ကျွေးနေသူတွေကြောင့် ခွေးကောင်ရေ များလာရတာလည်း ဖြစ်ပါတယ်။ အရင်တုန်းကထက်ပိုပြီး မြို့ကိုလှည့်ပတ်ပြီး ခွေးကျွေးသူတွေ များလာတာ၊ တားမြစ်သူကို ရန်ရှာတာလည်း အံ့သြစရာကောင်းပါတယ်။ တကယ်တော့ အများပြည်သူပိုင်နေရာတွေမှာ ခွေးစာကျွေးရင် ခွေးစာကျွေးသူကို စည်ပင်ဥပဒေအရ အရေးယူလို့ရပါတယ်။

စည်ပင်ဥပဒေ ပုဒ်မ ၃၂၂(မ) မှာ “အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် တိရစ္ဆာန်များအား အစားအစာကျွေးမွေးခြင်းကို ကျူးလွန်ရင် ဒဏ်ငွေ ၅၀,၀၀၀ ကျပ်ကနေ တသိန်းကျပ်အထိ ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မင်းစိုးနှင့် အင်တာဗျူးမှာလည်း “Environmental Control မှာ အစာကို အလွယ်တကူ မရနိုင်အောင် ထိန်းချုပ်ထားမယ်ဆိုရင် လေလွင့်ခွေးတွေ ရှင်သန်ပေါက်ပွားမှုနှုန်း လျော့ကျလာမယ်၊ ဒီနေရာမှာမှီတင်းနေထိုင်မှုနှုန်း လျော့ကျလာမယ်၊ ဧရိယာတစ်ခုနဲ့ ကြည့်မယ်ဆိုရင် ဒီဧရိယာမှာ လေလွင့်ခွေးသည် အစာမရရင် စွန့်လွှတ်သွားမှာ” လို့ ထည့်သွင်းဖြေကြားသွားပါတယ်။

ဒါပေမယ့် စည်ပင်မှာ အဓိကတာဝန်ရှိတဲ့ မကြာသေးမီကမှ လောလောလတ်လတ် ဒုတိယမြို့တော်ဝန် ဖြစ်လာတဲ့ ဦးစိုးလွင်က ဧရာဝတီသတင်းဌာနနဲ့အင်တာဗျူးမှာပဲ သေသွားတဲ့ ကလေးတွေနဲ့ပတ်သက်လို့ “ခွေးရူးပြန်ရောဂါနဲ့ သေတယ်ဆိုတာ ဘယ်သူကပြောတာလဲ၊ တိရစ္ဆာန်တွေကိုလည်း မေတ္တာတရားထားရမယ်” လို့ ပြောဆိုခဲ့တဲ့အတွက် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ပြည်သူတွေက ခွေးတွေကို မေတ္တာမထားနိုင်လို့မဟုတ်ဘဲ ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်တဲ့အန္တရာယ်ကို တွေးပူနေကြတာပဲ ဖြစ်ပါတယ်။

လမ်းဘေးခွေးတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ ခွေးရူးပြန်ရောဂါပိုး ရှိနိုင်တယ်ဆိုတဲ့အချက်က ထိတ်လန့်စရာကောင်းပါတယ်။ ဒါကြောင့် ခွေးတွေကို ဂေဟာပို့တာ၊ ခွေးထီးတွေကို သင်းကွပ်တာ၊ ခွေးမတွေကို သားကြောဖြတ်တာ၊ သားအိမ်ထုတ်တာ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးတာ၊ သုတ်သင်ရှင်းလင်းတာ စတဲ့ နည်းလမ်းတွေထဲက အဆင်ပြေတဲ့နည်းလမ်းတွေကို ရွေးချယ်စေလိုကြတာပါ။

လက်တွေ့ကျကျ ပြန်စဉ်းစားကြည့်ရင် ခွေးထီးတစ်ကောင်ကို သင်းကွပ်တာက ကျပ် ၁၀,၀၀၀ အထိ ကုန်ကျပြီး၊ ခွေးမတစ်ကောင်ကို သားကြောဖြတ်တာ၊ သားအိမ်ထုတ်တာက ကျပ်၂၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ကုန်ကျနိုင်လို့ နည်းနည်းနောနော မဟုတ်ပါဘူး။

ရန်ကုန်မြို့ရဲ့ခွေးကောင်ရေ နှစ်သိန်းခြောက်သောင်းကို တကောင် ပျမ်းမျှကုန်ကျစရိတ် ကျပ် နှစ်သောင်းနဲ့ တွက်ရင်တောင် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၅ ဒသမ ၂ ဘီလီယံအထိ ရှိနေပါတယ်။ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို အစိုးရဘက်က ကျခံနိုင်ဖို့ မလွယ်သလို ခွေးချစ်သူတွေဘက်ကလည်း ကျခံမှာမဟုတ်ပါဘူး။

ရန်ကုန်စည်ပင်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်အချိန် ရောက်နေပါပြီ။ လမ်းဘေးခွေးလေခွေးလွင့်တွေကို တကယ်ချစ်ရင် တရားဝင်မှတ်ပုံတင်ပြီး မွေးဖို့၊ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းသင့်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လမ်းပေါ်ခွေးစာကျွေးသူတွေကို ဒဏ်ရိုက် အရေးယူရပါမယ်၊ ပညာပေးမှုတွေ ပြုလုပ်ရပါမယ်၊ တရားဝင်ခွေးဂေဟာ တည်ထောင်မှုတွေကို ခွင့်ပြုပေးပြီး ခွေးချစ်သူတွေကို တာဝန်ယူတာဝန်ခံမှု ရှိလာအောင် တွန်းအားပေးရမှာပါ။

ထုတ်ပြန်ထားတဲ့ဥပဒေ ရှိပါလျက်နဲ့ ခွေးချစ်သူလူတစ်စုရဲ့ဝေဖန်မှု၊ ကန့်ကွက်မှုကြောင့် အများပြည်သူကို အန္တရာယ်ပေးနေတဲ့ ခွေးလေခွေးလွင့်ကိစ္စကို မရှင်းနိုင်ရင် ပြည်သူရဲ့ယုံကြည်မှု ကင်းမဲ့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်အနေနဲ့ အများပြည်သူအကျိုးအတွက် ခွေးလေခွေးလွင့်တွေကို သင့်တော်တဲ့နည်းလမ်းနဲ့ ရှင်းလင်းသွားဖို့ တာဝန်အပြည့်အဝရှိကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။  ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading