သတင်း

ဦးထုပ်နှင့် ရေခဲဖိနပ်ကိုတွေ့ပြီး မီတာ ၁၀၀ အကွာတွင် မစိမ့်ထက်အလောင်းကိုတွေ့

ဖန်ဂရန်ရာဇီရေခဲတောင် တက်ရင်း ပြုတ်ကျကွယ်လွန်ခဲ့သည့် မစိမ့်ထက်၏အလောင်းကို ပြန်လည် ရှာဖွေရာတွင် ၎င်း၏ဦးထုပ်နှင့်ရေခဲဖိနပ်တို့ကို အရင်တွေ့ပြီး ၎င်းတို့နှင့် မီတာ ၁၀၀ အကွာ၌ မစိမ့်ထက်၏ ရုပ်အလောင်းကို တွေ့ခဲ့ခြင်းဖြစ်သည်ဟု လမ်းပြခေါင်းဆောင် ဦးလန်ဝမ်ထိန်က ပြောသည်။

မစိမ့်ထက်၏ ရုပ်အလောင်းကို မေလ ၂၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က ရန်ကုန်မြို့Central Hotel ၌ ဇွန်လ ၇ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောခြင်းဖြစ်သည်။

ကျောက်နံရံများမှာ မတ်စောက်လွန်းကြောင်း၊ ကြိုးများဖြင့် တက်ခဲ့ရကြောင်း ဦးလန်ဝမ်ထိန်က ပြောသည်။“လျှိုကြားတွေက ရေတံခွန်က တော်တော်မတ်တယ်။ ဘယ်လိုမှသယ်လို့မရတဲ့အခါကျရင် ကျွန်တော်တို့က ကြိုးနဲ့အောက်မှာ လေးယောက်နဲ့ အပေါ်က သုံးယောက်လောက် ဖြည်းဖြည်းချင်း ချပြီး သယ်ရတယ် ဟု ၎င်းက ပြောသည်။ မစိမ့်ထက်သည် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက အဖွဲ့ဝင် ၂၀ ပါသော The Summiter တောင်တက်အဖွဲ့နှင့် အတူ ကချင်ပြည်နယ် ပူတာမြို့နယ်ရှိ ဖန်ဂရန်ရာဇီရေခဲတောင်တက်ရာတွင် လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့၏အဆိုအရ တောင်ထိပ်မှပြန်အဆင်း ဧပြီလ ၁၂ ရက်တွင် မတော်တဆ ခြေချော်ကာ တောင်အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

မစိမ့်ထက်ပြုတ်ကျခဲ့ပြီးနောက် ၎င်း၏တောင်တက်အဖွဲ့သည် ၎င်းကို လိုက်လံရှာဖွေ ကယ်ဆယ်ခြင်း မလုပ်ဘဲ ပြန်ဆင်းလာခဲ့သည့်နောက် မစိမ့်ထက်၏မိသားစုက ယင်းကိစ္စကို မကျေနပ်ကြောင်းနှင့် မစိမ့်ထက်၏အလောင်းကို ပြန်တွေ့မှသာ ယုံကြည်မည်ဖြစ်ကြောင်း ပြောခဲ့ပြီးနောက် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးကျင်ဦးခေါင်းဆောင်ကာ ဒေသခံလမ်းပြများဖြင့် မစိမ့်ထက် ပြုတ်ကျခဲ့သည်ဆိုသော နေရာသို့ မေလတတိယပတ်က ဒုတိယအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ယခုဒုတိယအကြိမ် ရှာဖွေရေး ခရီးစဉ်ကို မိသားစုဘက်က ဦးဆောင်ခြင်းဖြစ်ပြီး နယ်မြေကျွမ်းကျင်သော ဒေသခံလမ်းပြ သုံးဦးနှင့် အထမ်း ငါးဦး ပါဝင်ကြောင်း၊ ရှာဖွေရေးခရီးစဉ် တစ်ခုလုံးအတွက် ကျပ်သိန်း ၁၃၀ ခန့် ကုန်ကျကြောင်း မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးက ပြောသည်။

ဤဖြစ်ရပ်အတွက် မစိမ့်ထက်နှင့်အတူ လိုက်ပါခဲ့သော အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ဒုခေါင်းဆောင် ကိုအောင်ခိုင်မြင့်တို့သည် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြီးစလွယ် ထွက်ဆိုခဲ့မှုများကြောင့် ရဲစခန်းသို့ တိုင်စာပို့ထားသည်ဟု သေဆုံးသူ မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောသည်။

တိုင်စာများကို ပူတာအိုရဲစခန်း၊ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်ရဲစခန်းများသို့ ပို့ထားပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က လူသေမှုပုဒ်မ ၃၀၄က ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။

 

ငွေနှစ်သိန်းနဲ့ အသက်တစ်ချောင်းကို လဲလိုက်တာပါပဲ

– ဦးမောင်မောင်လေး (မစိမ့်ထက်၏ဖခင်)

မြစ်ကြီးနားသတင်းဂျာနယ် (Myitkyina News Journal) ၏ သတင်းတစ်ပုဒ်တွင်မူ ၎င်းအဖွဲ့ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ပုဒ်မ ၃၀၄-ကဖြင့် ပူတာအိုရဲစခန်းက ချုပ်ရမန်ယူကာ ပူတာအိုအကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်း၊ သက်သေ ၂၁ ဦးကို ပူတာအိုမြို့မရဲစခန်းက စစ်ဆေးနေကြောင်း စခန်းမှူး ဒုရဲမှူး ခင်ဇော်ဦးကို ကိုးကားပြီး ရေးသားထားသည်။

တိုင်တန်းစာပါ အချက်များတွင် ခေါင်းဆောင်နှစ်ဦးသည် မစိမ့်ထက် မတော်တဆမှုဖြစ်ပြီး တောင်အဆင်းတွင် ဒေသခံများနှင့် ပူးပေါင်း၍ အမြန်ဆုံး ရှာဖွေရန် ပျက်ကွက်ခြင်း၊ ကနဦးထွက်ဆိုချက်အရ ကိုယ်အပိုင်းပိုင်းဖြစ်သည်ဟုဆိုကာ ပေါ့လျော့မှားယွင်းစွာ ထွက်ဆိုထားခြင်း၊ မစိမ့်ထက် ချော်ကျသည့်နေရာတွင် တောင်တက်ကြိုး အသုံးမပြုခဲ့ခြင်း၊ ပေ ၁၀,၀၀၀ အထက် တက်လျှင် အကြောင်းကြားသင့်သော ဌာနဆိုင်ရာများကို အကြောင်းမကြားခြင်း၊ ၎င်းတို့အဖွဲ့မှာ တရားဝင် လိုင်စင်ရထားသည့် တောင်တက်အဖွဲ့အစည်းမဟုတ်ခြင်း စသည်တို့ ပါဝင်ကြောင်း ဦးမောင်မောင်လေးက ပြောသည်။

“အလွန်နက်တဲ့ ပေ ၄၀၀၀ လောက်ရှိတဲ့ ချောက်ကြီးနားက ဖြတ်သွားတာကို တောင်တက်ကြိုး မသုံးဘူးဆိုတာ အလွန်အမင်း ပေါ့ဆမှုပဲလို့ ကျွန်တော် ယူဆတယ်။ ဒီတောင်တက်ကြိုးခ ငွေနှစ်သိန်းကို ချွေတာလိုက်တယ်လို့ သိရတယ်။ ငွေနှစ်သိန်းနဲ့ အသက်တစ်ချောင်းကို လဲလိုက်တာပါပဲ” ဟု ၎င်းက ပြောသည်။

မှုခင်းဆရာဝန် ပြောပြချက်အရ မစိမ့်ထက်သည် ခေါင်းပိုင်းထိခိုက်ထားပြီး အရိုးကြေဒဏ်ရာများ ရရှိထားသော်လည်း ခန္ဓာကိုယ်မှာ တောင်တက်ခေါင်းဆောင်များပြောသလို အပိုင်းပိုင်းမဟုတ်ဘဲ ရေခဲကြောင့် အနေအထား ကောင်းကောင်းရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော့သမီးလေးကို ဆုံးရှုံးလိုက်တာဟာ ကျွန်တော်တို့မိသားစုအတွက် ဘယ်အရာနဲ့မှ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုဖြစ်တဲ့အတွက် နောက်နောင် တောင်တက်သူတွေအနေနဲ့ ခုလိုအဖြစ်ဆိုးမျိုး မကြုံရအောင် ခေါင်းဆောင်နှစ်ယောက်ရဲ့ပေါ့ဆမှုနဲ့ညီမျှတဲ့ ပြစ်ဒဏ်ကို တရားဥပဒေက ချမှတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မိသားစုနဲ့တကွ မစိမ့်ထက်ရဲ့သူငယ်ချင်း အသိုင်းအဝိုင်းကလည်း ယုံကြည်နေကြပါတယ်ဟု မစိမ့်ထက်၏ ဖခင်က ပြောသည်။

မစိမ့်ထက်၏ အလောင်းကို မေလ ၂၇ နှင့် ၂၈ ရက်တွင် မှုခင်းဆရာဝန်က ပူတာအိုဆေးရုံ၌ စစ်ဆေးကာ ပူတာအိုမှာပင် မီးသင်္ဂြိုဟ်ခဲ့သည်။

ယခုလက်ရှိတွင် မစိမ့်ထက်၏အရိုးပြာအိုးကို ရန်ကုန်မြို့ရှိ ဘုရားကျောင်းတစ်ကျောင်းတွင် သိမ်းဆည်းထားကြောင်း မစိမ့်ထက်၏ဖခင်က ပြောသည်။

Show More

Related Articles

Back to top button