သွေးလိုသူနှင့် သွေးလှူသူကြား အရေးပါနေသော Facebook

Facebook သည် သွေး အရေးပေါ်လိုသူနှင့် လှူသူတို့ကြား ပေါင်းကူးပေးရာတွင် အဓိကကျသည့် ကြားခံမီဒီယာ ဖြစ်လာသည်

Published on May 30, 2019

ဒေါ်ရွှေအိမ်စည်သည်  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာမြို့ကြီးတို့မှ ဆေးရုံများသို့ ရောက်ဖူးခြင်း မရှိပေ။ သို့သော်လည်း ထိုဆေးရုံများရှိ သွေးအလှူရှင်ကွန်ရက်စာရင်းတွင် သူ့အမည်၊ ဖုန်းနံပတ်တို့ ရှိနေသည်။

သူ၏ နေ့စဉ်အလုပ်များထဲတွင် မည်သည့်ဆေးရုံမှ လူနာ မည်သည့်သွေးအမျိုးအစား လိုနေကြောင်း သွေးကုသိုလ်ကွန်ရက်-ရွှေအိမ်စည် အမည်ရှိ Facebook စာမျက်နှာတွင် အသိပေး ရေးသားခြင်းလည်း ပါဝင်သည်။

"ဟယ်ပင်ကလေးဆေးရုံ အထူးကြပ်မတ်ဆောင်လူနာအတွက် #Aသွေး ၃လုံး လိုအပ်ပါတယ် လူနာရှင်တိုက်ရိုက်ပါ ကုသိုလ်ပြုလိုပါက ဖုန်း ထားပေးပါ လူနာရှင်မိသားစု ပြန်လည်ဆက်သွယ်ပါမည်" ဟု ထိုစာမျက်နှာတွင် မေ ၂၈ ရက်နေ့က ရေးလိုက်သည်။

နာရီပိုင်းအတွင်းမှာပင် သွေးလှူမည့်သူက ဆက်သွယ်လာရာ သွေးအလိုရှိကြောင်း ကြေညာချက် အပေါ်ဆုံးတွင် "သွေးကုသိုလ်ရှင်ရပြီ" ဟူသော စာတန်း ဖြည့်စွက်လိုက်သည်။

"သွေးအလှူ ရှင်ပေါ်လာရင် လူနာရှင်နဲ့ တိုက်ရိုက် ချိတ်ပေးတယ်။ သွေးလှူရှင်လည်း လူနာကို ကယ်ပေးနိုင်တာကို တွေ့ရတော့ သဘောကျတယ်" ဟု ရန်ကုန်၊ တာမွေမြို့နယ်တွင် နေထိုင်သော ဒေါ်ရွှေအိမ်စည်က ပြောသည်။

ဤသို့ဖြင့် မြန်မာပြည်တွင် အသုံးတွင်ကျယ်နေသော Facebook သည် သွေးလိုအပ်သူနှင့် သွေးလှူဒါန်းနိုင်သူတို့ကြား ပေါင်းကူးပေးရာတွင်  အရေးပါ၊ လူသုံးများသော ကြားခံ ဆက်သွယ်ရေး ဖြစ်လာသည်။

ဒေါ်ရွှေအိမ်စည် ဦးဆောင်သော သွေးကွန်ရက်ကဲ့သို့သော    ပရဟိတ အသင်းများမှအစ အစိုးရ၏ သွေးလှူဘဏ်အဆုံး Facebook ကို အသုံးပြုပြီး လူနာအများအပြား၏ အသက်ကို ကယ်တင်နေကြသည်ကို တွေ့နိုင်သည်။

အမျိုးသားသွေးဌာန

သွေးလှူဘဏ်ကို အမည်ပြောင်းထားသော အမျိုးသားသွေးဌာနသည်လည်း ဆိုရှယ်မီဒီယာကို ကောင်းစွာ အသုံးပြုခြင်းဖြင့် သွေးစေတနာရှင်များကို စည်းရုံးလျက်ရှိသည်။

ဆေးရုံအသီးသီးတွင် နေ့စဉ် လိုအပ်နေသော သွေးမျိုးစုံကို ပုံမှန် ထောက်ပံ့ပေးနိုင်ရန် National Blood Center အမည်ဖြင့် Facebook စာမျက်နှာ ဖွင့်ထားပြီး လှုပ်ရှားမှု သတင်း၊ ဓာတ်ပုံများကို အဆက်မပြတ် တင်ဆက်နေသည်ကို တွေ့နိုင်သည်။ သွေးလှူရှင် ရရှိရန် ရန်ကုန်ရှိ ကုန်တိုက်များ၊ ပရဟိတ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဌာန၏ ဝက်ဆိုက်တွင်  သွေးအမျိုးအစားလေးခု လက်ကျန်စာရင်း အပါအဝင် သတင်းအချက်များ  ဖော်ပြထားပြီး သွေးလှူလိုသူတို့ အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းနိုင်ရန် စီစဉ်ပေးထားသည်ကိုလည်း တွေ့ရသည်။ 

၂၀၁၇ နှင့်၂၀၁၈ ခုနှစ်ကြား သွေးရရှိမှုနှုန်း ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းသည် Facebook မှ တစ်ဆင့် စည်းရုံးခြင်းနှင့်လည်း ဆက်စပ်နေဖွယ်ရှိသည်။

အမျိုးသားသွေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်ကို မကြာသေးမီက သီးသန့် တွေဆုံမေးမြန်းစဉ် ၎င်းက  ရန်ကုန်မြို့ အတွင်း ဆေးရုံများ၏ သွေးလိုအပ်ချက်ကို  ၆၉ ဒသမ ၃ ရာခိုင်နှုန်းသာ ထောက်ပံ့ ပေးနိုင်သောကြောင့် အစိုးရဆေးရုံများကိုသာ ဦးစားပေးနေသည်ဟု  ပြောသည်။ 

အထူးကုဆေးရုံများတွင် အရေးပေါ်လိုအပ်လာလျှင် သက်ဆိုင်ရာ ဆရာဝန်က အမျိုးသားသွေးဌာနကို တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

"စေတနာ သွေးအလှူရှင် ရှာရတာ အရမ်းခက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက လှိုင်သာယာ ဆေးရုံမှာ သွေးလှူပွဲ ကျင်းပတယ်။ ကျွန်မတို့ သွေးဌာနက သွားပြီး စစ်ဆေးတာတွေ လုပ်ပြီး သိမ်းဆည်းပေးပါတယ်။ လိုအပ်တဲ့အခါ ပြန်လာထုတ်ပါတယ်။ သွေးအလှူရှင်ကို သူတို့ပါ ဝိုင်းရှာပေးတဲ့ အတွက် ပိုပြီး အဆင်ပြေပါတယ်" ဟု ဒေါက်တာသီတာလွင်က ပြောသည်။

စေတနာရှင်များ လာရောက် လှူဒါန်းသော သွေးကို   အဆင့်ဆင့် စစ်ဆေးခြင်း၊ အုပ်စုခွဲခြင်း ၊ သတ်မှတ်ထားသော အပူချိန်အတိုင်း  ထိန်းသိမ်းခြင်း အစရှိသော နည်းပညာများအတွက်  နှစ်စဉ် သိန်းပေါင်း ၁၄,ဝဝဝ  ခန့် ကုန်ကျ ကြောင်း သိရသည်။

သွေးဌာနသို့ ရောက်လာသော စေတနာရှင် အရေအတွက်မှာ ၂၀၀၃ ခုနှစ်က လစဉ် ၃,၅၀၀ ခန့် ရှိခဲ့သည်။ ယခုအခါ ထိုအရေအတွက်၏ နှစ်ဆ ရှိလာပြီဖြစ်သည်။

သွေးဌာန၏ Facebook စာမျက်နှာတွင် အများပြည်သူကို ဆက်သွယ်၊ ရေးသား၊ စည်းရုံးသည့်အခါ နှစ်လိုဖွယ်ရှိသည်ကို တွေ့ရသည်။

ပြင်ပတွင်လည်း အလုပ်သဘောအရ ဆက်ဆံသည့်အခါ ထိုအတိုင်း ဖြစ်သင့်သည်ဟု ရန်ကုန်၊ လှိုင်မြို့နယ်မှ အကြိမ် ၃ဝ ကျော် သွေးလှူဖူးသူ ဦးမျိုးညွန့်မောင်က ပြောသည်။

သွေးလက်ခံဌာန ဝန်ထမ်းတချို့အနေဖြင့် အချိန်ပေးပြီး လာရောက်သော သွေးလှူရှင်များနှင့် ပြောဆို ဆက်ဆံရေးတွင် ပြုပြင်ပြောင်းလဲသင့်သည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

"လာလှူသူအပေါ် ဆက်ဆံပုံတွေ မကြိုက်ဘူး။ ဒါက ကျွန်တော့်အမြင်ပါ" ဟု ဦးမျိုးညွန့်မောင်က ပြောသည်။

လူနာရှင်တို့ သတိပြုရန်

သွေးလှူသူတို့ မှတ်ပုံတင်နိုင်သည့်အစီအစဉ်ကို Facebook ကုမ္ပဏီက ၂ဝ၁၇ တွင် အိန္ဒိယနိုင်ငံအတွက် အစပြုခဲ့သည်။ ကမ္ဘာ့အင်အားကြီးဆိုရှယ်မီဒီယာဖြစ်လာသော Facebook က သွေးလှူလိုသူများနှင့် သွေးလှူဘဏ်များကြား  ချိတ်ဆက်ပေးခြင်းပင်။ သွေးလှူဘဏ် သို့မဟုတ် သွေးဌာန တစ်ခုခုက သွေးအရေးပေါ် လိုအပ်မည် ဆိုပါက သွေးလှူမည်ဟု အာမဘန္တေခံထားသူတို့ကို Facebook က လှမ်းပြီး အချက်ပြသည့် အစီအစဉ်ဖြစ်သည်။

နောက်ပိုင်းတွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးတို့တွင်လည်း ထိုအစီအစဉ်ရောက်ရှိသွားသည်။ Facebook တည်ရှိရာ အမေရိကန်ပြည်ထောင်စုတွင် လာမည့် လအနည်းငယ်အတွင်း ထိုအစီအစဉ်ကို မိတ်ဆက်ပေးမည်ဟု သိရကြောင်း အမေရိကန်အခြေစိုက် MobiHealthNews သတင်းတစ်ပုဒ်တွင် ဖေဖော်ဝါရီလလယ်ပိုင်းက ဖော်ပြထားသည်။

အဆိုပါအစီအစဉ်မှာ သွေးလှူသူနှင့် Facebook သုံးသူ အများအပြားရှိသော မြန်မာပြည်အတွက်လည်း အသင့် မဖြစ်သေးပေ။

စစ်တွေခရိုင် ကမန်တိုင်းရင်းသားများ သာရေးနာရေး လူမှုရေးအသင်း၏ အတွင်းရေးမှူး ဦးသောင်းရွှေသည်လည်း သွေးလှူရှင်တစ်ဦး ဖြစ်သည်။

"အသင်းကို ဖုန်းဆက်ပြီး သွေးအလှူခံသူတွေကို တတ်နိုင်သမျှ ကိုယ့်လမ်းစရိတ်နဲ့ကိုယ်သွားပြီး အကူအညီ ပေးပါတယ်။   ကျန်မာရေး မကောင်းဖြစ်နေတာ၊ သွေးလှူပြီး လေးလ မပြည့်တာတွေ ဖြစ်နေရင်လည်း လှူလို့မရပါဘူး"  ဟု ဦးသောင်းရွှေက ပြောသည်။

ပရဟိတအသင်း၊ နိုင်ငံရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့က အလှူရှင်အများအပြားကို စည်းရုံးခေါ်ဆောင်လာလေ့ ရှိသဖြင့် ထိုအဖွဲ့များသည် သွေးဌာနအတွက် အရေးပါလှသည်။

သွေးလိုသည့် လူနာ၏ အရေးပေါ်အခြေအနေကို အမြတ်ထုတ်သူတချို့လည်း ရှိနေသည်ဟု သိရသည်။

သတင်းဆိုးနှစ်ခုမှာ အမြတ်ထုတ်သူတို့က ပရဟိတလုပ်ငန်း လုပ်ဟန် ပြထားခြင်း၊ တစ်ကြိမ်အကျိုးဆောင်ခအဖြစ်  တစ်သိန်းဝန်းကျင် တောင်းခံခြင်းတို့ ဖြစ်သည်။ ရှားပါးသွေးအုပ်စုမျိုးကို အရေးပေါ်လိုအပ်နေလျှင် ထိုငွေပမာဏထက် ပိုတောင်းလေ့ရှိသည်ဟု ဆိုသည်။

ရန်ကုန် မင်္ဂတောင်ညွန့်မြို့နယ်မှ ဒေါ်ဝင်းဝင်းရွှေက သူ၏အဒေါ်ဖြစ်သူ ရန်ကုန် အထူးကု ဆေးရုံတစ်ရုံတွင် ကုသမှု ခံယူစဉ် လိုအပ်သော သွေးအတွက် ကူညီမည့်သူတချို့ကို ငွေပေးခဲ့ရသည်ဟု ဆိုသည်။

"အရေးပေါ် သွေးသွင်းရမယ်လို့ တာဝန်ကျ ဆရာဝန်က ပြောတဲ့အခါ ကျွန်မ ပျာယာခတ်နေတယ်။ အဲဒီဆေးရုံမှာတွေ့တဲ့ လက်ကမ်းစာစောင်က ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာ ပထမတော့ လမ်းစရိတ်၊ စားစရိတ်ပေးရမယ် ပြောတယ်။ နောက်ဆုံး သူတိုတောင်းတဲ့ ငွေ ရှင်းလိုက်ရတယ်" ဟု ဒေါ်ဝင်းဝင်းရွှေက ပြောပြသည်။

ထိုသို့သော အခြေအနေမျိုးတွင် လူနာရှင် ပျာယာခတ်လေ သွေးဈေးနှုန်း တတ်လေ ဖြစ်သွားနိုင်သည်ဟု သူက ဆက်ပြောသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှ   ရာသက်ပန် ကြက်ခြေနီ အသင်းဝင်ဖြစ်သူ ဦးရန်နိုင်သည် ၄၁ ကြိမ်မြောက် သွေးလှူရှင် ဖြစ်သည်။

"ကိုယ့်သွေးနဲ့ တစ်ခြားလူတစ်ယောက်ကို အသက်ကယ်တင်ပေးခွင့်ရတဲ့ အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကူးစက်ရောဂါတွေ မဖြစ်အောင် အမြဲ ဂရုစိုက်ရပါတယ်" ဟု ဦးရန်နိုင်က ပြောသည်။ 

"အကျိုးဆောင်ခ တောင်းယူသူတွေ မပါဝင်အောင် လူနာအပါအဝင် ဆေးရုံ၊ ကြက်ခြေနီ တာဝန်ရှိသူများက တိုက်ရိုက် ဖုန်းဆက်ပြီး သွေးအလှူတောင်းခံမှ  လှူဖြစ်ပါတယ်" ဟု ဦးရန်နိုင်က ဆိုသည်။

ရန်ကုန်မှ AB သွေး အမျိုးအစားပိုင်ရှင် အကြိမ် ၃ဝ ကျော် သွေးလှူရှင် ဦးမျိုးညွန့်မောင်က သွေးဌာနသို့ တိုက်ရိုက် သွားရောက်လှူဒါန်းသူ ဖြစ်သော်လည်း ရံဖန်ရံခါ ပရဟိတအသင်းတစ်ခုက  အရေးပေါ် ဆက်သွယ်လာတတ်သည်ဟု ပြောသည်။

"မသမာမှုတော့ မတွေ့ပါဘူး။  ငွေညှစ်သူကိုတော့ ကွန်တော် မကြုံဘူးသေးပါဘူး" ဟု အရေးပေါ်လူနာ သွေးလိုအပ်မှုနှင့် ပတ်သက်ပြီး Facebook တွင် သတင်းမျှဝေတတ်သူ ဦးမျိုးညွန့်မောင်က ပြောသည်။

ဦးမျိုးညွန့်မောင်က လူနာရှင်နှင်သာ တိုက်ရိုက်တွေ့ဖူးသည်ဟု ဆိုသော်လည်း သွေးကုသိုလ်ကွန်ရက်-ရွှေအိမ်စည်   Facebook စာမျက်နှာကို ကိုင်တွယ်သူ အမျိုးသမီးကတော့ ကြားပွဲစားကို သတိထားရမည်ဟု သတိပေးသည်။

သူ့ထံ အဆက်မပြတ် ဆက်သွယ်လာသူများထဲတွင်  လူနာရှင်ယောင်ဆောင်ထားသူလည်း ပါဝင်နိုင်သောကြောင့် သေချာစွာ စစ်ဆေးနေရကြောင်း၊ အမြတ်ထုတ်သူဟု သံသယဖြစ်ဖွယ်ရှိသူကို ကူညီခြင်း မပြုနိုင်ကြောင်း သူက ပြောသည်။

"ဖုန်းနံပတ် တစ်ခုတည်းနဲ့ သွေး ၇ ပုလင်း တောင်းတယ်။ နင်တို့ သွေးပွဲစားလားလို့ ကျွန်မ မေးလိုက်တယ်။ ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်နဲ့ လူနာရှင် တိုက်ရိုက် ကျွန်မကို ဆက်သွယ်ပါ" ဟု ဒေါ်ရွှေအိမ်စည်က ပြောလိုက်သည်။    ။

စိုးစံထိုက်သည် အလွတ်တန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading