ဇွန်လ ၄ ရက်နေ့နောက်ဆုံးထားပြီး ဦးဝီရသူကို ရဲကတရားရုံးသို့ ခေါ်လာရမည်

ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့၏ ဩဝါဒကို ခံယူရန် ဆင့်ခေါ်စာထုတ်ခံထားရသည့် ဦးဝီရသူသည် ရန်ကုန်သို့ ထွက်ခွာသွားနေပြီဖြစ်ပြီး ၎င်းကို ရဲက ရန်ကုန်မှာ ဖမ်းပါက အဖမ်းခံမည်ဟု ပြောသည်။

Published on May 29, 2019
ရန်ကုန်မြို့တွင် ၂၀၁၈ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲတွင် တွေ့မြင်ရသည့် ဦးဝီရသူ (ဓာတ်ပုံ - ရွှေပေါ်မြတင်)
ရန်ကုန်မြို့တွင် ၂၀၁၈ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲတွင် တွေ့မြင်ရသည့် ဦးဝီရသူ (ဓာတ်ပုံ - ရွှေပေါ်မြတင်)

ဦးဝီရသူကိုဖမ်းဆီးရန် တရားရုံးကထုတ်ထားသည့် ဖမ်းဝရမ်းပါ နောက်ဆုံးသတ်မှတ်ရက်မှာ ဇွန်လ ၄ ရက်နေ့ဖြစ်ပြီး ထို့နေ့နောက်ဆုံးထားကာ ရဲက ဦးဝီရသူကို တရားရုံးတော်ရှေ့မှောက်သို့ တင်သွင်းရမည်ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့နံနက်တွင် Myanmar Now ကို ပြောသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားခြင်း၊ ဆဲဆိုခြင်းတို့ကြောင့် တရားစွဲရခြင်း ဖြစ်သည်ဟု ယင်းတရားရုံးမှ ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး (၃) ဦးမင်းသန့်က ပြောခြင်းဖြစ်သည်။

“အုပ်ချုပ်ရေးတွေကို စော်ကားတာတွေ၊ နောက်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ၊ နောက်ဆုံး … မကြားဝံ့ … ဆဲ … မသုံးသင့်တဲ့ စကားလုံးတွေ သုံးပြီးတော့ ပြောတာတွေ ဘာညာ နောက်ပြီးတော့ အဲလိုတွေပါလာတာပေါ့။ နောက်ပြီးတော့ သူက ပြောတဲ့အချိန်မှာ လူစုလူဝေးကိုပြောတာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူကို အမှုဖွင့်ရန် ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးတိုက်လျှောက်ထားခြင်း ဖြစ်ပြီးနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ဦးတိုက် လျှောက်ထားခြင်းကို လက်ခံကာဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း ဖမ်းဝရမ်းလိပ်စာမှာမန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာကျောင်းတိုက် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဦးဝီရသူ၏ မေလ ၅ ရက်က ရန်ကုန်မြို့လယ် ဗဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောချက်များသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီး သုံးရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များပါဝင်ခြင်းကြောင့် ပုဒ်မ ၁၂၄ (က) ဖြင့် တရားရုံးက အမှုကိုလက်ခံလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုပုဒ်မသည် အစိုးရကိုမုန်းထားအောင်၊ မလေးမစားအောင်၊ မေတ္တာပျက်အောင် အားထုတ် သို့မဟုတ် လှုံ့ဆော်သည်ဟု အပြစ်ရှိကြောင်းပေါ်လွင်ပါက ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ထိ မြင့်ဆုံးအပြစ်ပေးနိုင်သည့် ပုဒ်မဖြစ်သဖြင့် အာမခံပေး၍ မရကြောင်းလည်း ဦးမင်းသန့်ကဆိုသည်။

ဖမ်းဝရမ်းအရ ဦးဝီရသူကို ရဲတပ်ဖွဲ့ကဇွန်လ ၄ ရက်တွင် တရားရုံးရှေ့သို့ ခေါ်ဆောင်လာရမည် ဖြစ်ပြီး ထိုရက်တွင် ဝရမ်းအတည်ဖြစ်မဖြစ်မှာ ရဲတပ်ဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

ဦးဝီရသူ အား ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် ယမန်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကလည်းကို ယမန်နေ့ညက အတည်ပြုပြောကြားထားသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ရဲမှူးဝင်းနိုင်ကမူ ၎င်းတို့ထံသို့ မည်သည့်အကြောင်းကြားစာမှ ရောက်မလာသေးသဖြင့် ဦးဝီရသူကို ယခု သွားရောက်ဖမ်းဆီးခွင့် မရှိသေးဟု ယနေ့မနက်က Myanmar Now ကို ပြောသည်။ မန္တလေးရှိ ဦးဝီရသူသီတင်းသုံးသည့် ကျောင်းတိုက်အပြင်ဘက်တွင်တော့ ဒေသခံ သတင်းထောက်များက ယမန်နေ့ညက ညဉ့်နက်သည်အထိ ကျောင်းရှေ့မှ စောင့်ဆိုင်းခဲ့ကြသည်။

ဦးဝီရသူသည် ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့၏ မေလ ၃၀ ရက်နေ့ ဆင့်ခေါ်ချက်အရ ဩဝါဒခံယူရန် ယနေ့တွင် ရန်ကုန်သို့ကြွချီသွားပြီဟု မဟာအောင်မြေမြို့နယ် ရဲသတင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ မကြာသေးမီက ရန်ကုန်မြို့၌ကျင်းပသည့် ၂၀၀၈ အခြေခံဥပဒေထိန်းသိမ်းစောင့်ရှောက်ရေး ဟောပြောပွဲ တွင် ဦးဝီရသူ၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး ဦးဝီရသူကို ဩဝါဒပေးရန် ရန်ကုန်တိုင်း သံဃာ့နာယကက ဆင့်ခေါ်စာ ထုတ်ထားခြင်း ဖြစ်သည်။

ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင်မူ ဦးဝီရသူသည် ရန်ကုန်သို့ရောက်ရှိနေပြီ ဖြစ်ပြီး ဖမ်းဆီးပါက အဖမ်းခံမည်ဟု ၎င်းကပြောသည်ဟု ရေးသားထားသည်။

ဦးဝီရသူသည် ၂၀၀၃ ခုနှစ်က ကျောက်ဆည်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်ပြီး ၎င်း၏သွေးထိုးလှုံ့ဆော်မှုကြောင့်ဟုဆိုကာ ပုဒ်မ ငါးခုဖြင့် ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရကာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ထောင်မှပြန်လွတ်ခဲ့သည်။

၎င်းပြန်လွတ်ပြီးနောက် ၂၀၁၂ ခုနှစ် မေနှင့်ဇွန်လများအတွင်း ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးတစ်ဦး အသတ်ခံရမှုမှ စတင်ကာ ဖြစ်ပွားခဲ့သည့် ဘာသာရေးအဓိကရုဏ်းကာလအတွင်း ဦးဝီရသူသည် မွတ်စလင် မုန်းတီးရေး၊ မွတ်စလင် ဆန့်ကျင်ရေး တရားများ တစိုက်မတ်မတ် ဟောကြားရုံမက ၉၆၉ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ရာမှ ပြည်တွင်းမှာရော ပြည်ပမှာပါ လူသိများလာခဲ့သည်။

အစွန်းရောက်မုန်းတီးရေးဟောပြောချက်များ ပြုလုပ်မှုကြောင့် ဗုဒ္ဓဘာသာအကြမ်းဖက်ပြယုဂ် (The Face of Buddhist Terror) ဟု ကမ္ဘာကျော် Time မဂ္ဂဇင်းက မျက်နှာဖုံးတင် ရေးခြင်းကိုခံထားရသူလည်း ဖြစ်သည်။

ထို့နောက်တွင် ဦးဝီရသူသည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင် ဘုန်းကြီးတစ်ပါး ဖြစ်လာခဲ့ပြီး အငြင်းပွားစရာ မျိုးစောင့်ဥပဒေလေးရပ်ကို ဦးသိန်းစိန်သမ္မတသက်တမ်းအတွင်း လွှတ်တော်က ပြဋ္ဌာန်းနိုင်အောင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလတွင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့် ပါတီကိုသာ မဲပေးဖို့ တရားပွဲများ၌ ဟောကြားခဲ့ပြီး ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLD အစိုးရတက်လာပြီးနောက်မှစကာ NLD အစိုးရ ဆန့်ကျင်ရေး၊ တပ်မတော်၏နိုင်ငံရေးအခန်းကဏ္ဍကိုထောက်ခံရေးများတစိုက်မတ်မတ် ဟောပြောလာခဲ့သည်။

၎င်း၏ ဟောပြောချက်များသည် ပြည်သူလူထုအတွင်း ပွဲဆူစေပြီး အငြင်းပွားစရာ အများဆုံး ဖြစ်ခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ကျင်းပသည့် တရားပွဲတစ်ပွဲ၌ အမျိုးသမီးများအား အမျိုးကိုစောင့်ရန်၊ မွတ်စလင်အမျိုးသားကို ယူခြင်းထက် ခွေးသတ္တဝါနှင့်ယူခြင်းက ပိုမြတ်သည်ဟု ဟောပြောခဲ့သည်။

မကြာသေးမီ ကာလများအတွင်း ဦးဝီရသူ၏ ဟောပြောချက်များထဲတွင် ဧပြီ ၂၉ ရက်နေ့ကတနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ဟောပြောချက်မှာ လူပြောအများဆုံး ဖြစ်သည်။

ထိုစဉ်က ဟောပြောချက်ထဲတွင် အစိုးရနှင့် အစိုးရခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်ပြီး ပြင်းထန်သည့် ပြောဆိုချက်များ ပါဝင်သည်။

ဦးဝီရသူ၏ မြိတ်မြို့ ပြောဆိုချက်များထဲတွင် အရင်လူတွေခိုးတာက … မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတ သစ်ပင်လေးတွေပဲ ခိုးတာ၊ အခုလူတွေက ပြည်သူ့ပါးစပ်ထဲက နှိုက်ပြီး ခိုးတာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာဖွေထားတာတွေကို အခွန်ကောက်၊ အဲဒီအခွန်တွေကို ဘတ်ဂျက်တွေ တိုးတောင်း၊ အကုန် သူခိုးတွေချည်းပဲ။ ရိုးရိုးခိုးတာ မဟုတ်ဘူး၊ နှိုက်ခိုးတာဟုဟောပြောသည်ကို တွေ့ရသည်။

ထို့ပြင် မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ထောက်မြင့်လေးနဲ့ ကော့ကော့ကော့ကော့ လျှောက်သွားဖို့လောက်ပဲ တတ်...ဒီကြားထဲ နိုင်ငံခြားသားတွေနဲ့တွေ့ရင် ဖင်က ယမ်းချင်သေးတယ်။ ဒီလောက် သရမ်းနေတဲ့ဟာကြီးကို သမ္မတတင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်။

ဆက်ပြီး ၎င်းက “ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပက ကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူသွားလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း ...ဟု ဟောပြောစဉ် ပရိသတ်က လက်ခုပ်လက်ဝါးတီးကာ အားပေးခဲ့ကြသည်။

မေလ ၅ ရက်နေ့ကလည်း အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ရန်ကုန် မြို့တော်ခန်းမရှေ့ ဟောပြောပွဲတွင် ဦးဝီရသူက လွှတ်တော်တွင်းမှ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။

ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းကြောင့်ဟုဆိုကာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို ၂၀၁၇ မတ်လမှစပြီး တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်သည်။

အမုန်းစကား ဖြန့်သည်ဟု ဆိုကာ Facebook က ဦးဝီရသူကို ၎င်းတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ ဖေဖော်ဝါရီတွင် ကြေညာခဲ့သည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading