မိခင်အရင်းက သေဆုံးသူမကရင်မအား သူခိုးဟု စွပ်စွဲ၊ အမှုရုပ်ပေးရန် တရားခွင်တွင်လျှောက်ထား

သေဆုံးသူအိမ်အကူ မကရင်မ၏ မိခင် ဒေါ်လှလှဝင်းက သူ့သမီးသည် ခိုးတတ်သူဖြစ်ကြောင်း၊ တပ်မတော် အရာရှိဇနီးဖြစ်သူ ဒေါ်သိင်္ဂီစုက နှိပ်စက်သည် ဆိုခြင်းမှာ မတရားစွပ်စွဲချက်သာဖြစ်ပြီး ၎င်းအနေနှင့် ဒေါ်သိင်္ဂီစုကို လေးစားပါကြောင်း ထွက်ဆိုခဲ့သည်။

တပ်မတော်အရာရှိ ဦးသန့်ဇော်ဦး၏ ဇနီးဖြစ်သူ မသိင်္ဂီစုက နှိပ်စက်သဖြင့် အိမ်အကူ သေဆုံးသည်ဆိုကာ တရားစွဲဆိုထားမှုကို ပြန်ရုပ်သိမ်းခွင့်ပြုပါရန် အိမ်အကူ၏ မိခင်ဖြစ်သူ ဒေါ်လှလှဝင်းက တောင်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ လျှောက်ထားလိုက်သည်။

ဒေါ်လှလှဝင်းက ၎င်း၏ သမီးသည် ခိုးတတ်သူ တစ်ဦးဖြစ်ကြောင်း၊ ၎င်း၏ သမီးကို ဒေါ်သိဂီၤစုက နှိပ်စက်သည်ဆိုခြင်းမှာ မတရားစွပ်စွဲချက်ဖြစ်ကြောင်း ဒေါ်သိင်္ဂီစုက သူ့သမီးကို နှိပ်စက်သည်ဆိုခြင်းကို မယုံကြည်ကြောင်းနှင့် ဒေါ်သိင်္ဂီစုကို လေးစားကြောင်းလည်း ယနေ့ ရုံးချိန်းတွင် တောင်ပိုင်းခရိုင်တရားရုံး၌ ထွက်ဆိုခဲ့သည်။

ဤအမှုတွင် ရုပ်သိမ်းရန် လျှောက်ထားသူသည် တရားလို မဟုတ်ကြောင်း အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်းသူများသည် သေဆုံးသူ၏ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများသာဖြစ်ပြီး ဒေါ်လှလှဝင်း မဟုတ်ခဲ့ကြောင်း ဒေါ်ခင်သန္တာဦး (ခ) မကရင်မ သေဆုံးမှုကို ဥပဒေအရ ကူညီရန် ပြည်ထောင်စု ဥပဒေအထောက်အကူပြုအဖွဲ့က တာဝန်ပေးအပ်ခံရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောဆိုထားသည်။

“ဒီအမှုကို တိုင်တာကလည်းပဲ (သေသူရဲ့အမေ) ဒေါ်လှလှဝင်း မဟုတ်ခဲ့ဘူး။ တရားရုံးက သမ္မန်စာ ပို့တော့မှ သက်သေအဖြစ်နဲ့ ထွက်ဆိုရအောင်ဆိုပြီး ရောက်လာတာ။ ကျွန်မတို့ကို ကိုယ်တိုင်လာပြီး အပ်နှံတာ မဟုတ်ဘူး။ နစ်နာသူ တစ်ယောက်အနေနဲ့လည်း မအပ်နှံဘူး။ သေဆုံးသူရဲ့ မိခင်တစ်ယောက်အနေနဲ့လည်း မအပ်နှံဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

အမှု ရုပ်သိမ်းရသည့် အကြောင်းရင်းကို မီဒီယာများက မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆန်ပြီး ၎င်းသည် မည်သည့်ဘက်ကမျှ ငွေကြေး တစ်စုံတစ်ရာ မရရှိထားကြောင်း ပြောဆိုသည်။

တောင်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးရာတွင် သေဆုံးသူ၏ မိခင် ဒေါ်လှလှဝင်းကို အမှု၌ တရားလိုပြသက်သေအဖြစ် စစ်ဆေးဖူးပြီး ယခု စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစုတို့ဘက်မှ ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးချိန်တွင် ယခင်ထွက်ဆိုမှုနှင့် ကွဲပြားမှုများရှိနေသည်။

ဒေါ်လှလှဝင်းသည် ပထမ အကြိမ် တရားလိုပြသက်သေ အဖြစ် စစ်ဆေးရာ၌ ၎င်း၏ သမီး မည်သူ့အိမ်၌ အိမ်အကူ လုပ်ကိုင်သည်ကို မသိရှိကြောင်း၊ မကရင်မ သေဆုံးကာနီး အခြေအနေတွင် တွံတေးမြို့ရှိ ခတ္တိယ ကျေးရွာ နေအိမ်သို့ ပြန်ပို့ပေးသူများမှာလည်း မည်သူမှန်း မသိရှိကြောင်း ထွက်ဆိုထားရာမှ ယနေ့ ဒေါ်သိင်္ဂီစု၏ ရှေ့နေဘက်မှ ပြန်ခေါ် သက်သေအဖြစ် စစ်ဆေးချိန်တွင် ၎င်းသမီးအလုပ်လုပ်ကိုင်သည့် အိမ်၊ အလုပ်ရှင်နှင့် ရင်းနှီးကျွမ်းဝင်မှု အလုံးစုံကို ခရေစေ့တွင်းကျ သိရှိနေကြောင်း ရှင်းပြ ထွက်ဆိုခဲ့သည်။

ထိုသို့ ကွဲလွဲနေရခြင်း ပထမ အကြိမ်ဖြေကြားစဉ်က ၎င်းမှာ ကြောက်ရွံ့နေသဖြင့် အမှန်အတိုင်း မထွက်ဆိုနိုင်ခဲ့ကြောင်း ယနေ့ ထွက်ဆိုချက်များသည်သာ အမှန်အတိုင်း ဖြစ်ကြောင်း တရားခွင်၌ ပြောကြားသည်။

ထို့ပြင် တရားခွင်၌ စွပ်စွဲခံရသူဘက်မှ ရှေ့နေက မေးမြန်းခြင်း မရှိပါဘဲ သူ၏ သမီးမှာ ခိုးတတ်သူ တစ်ဦး ဖြစ်သည်ကို သူအသိဆုံးဖြစ်ကြောင်း သူကိုယ်တိုင်၏ သဘောဆန္ဒဖြင့် ဖြေကြားသည်ကို တွေ့ခဲ့ရသည်။

စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု၏ ရှေ့နေက သမီးဖြစ်သူ၏ အကြွေးများနှင့် ငွေကြေးအရှုပ်အရှင်းများအကြောင်း မေးမြန်းသည်ကိုလည်း မှန်ကန်ကြောင်း ထွက်ဆိုသည်။ များသောအားဖြင့် ဒေါ်သိင်္ဂီစု ရှေ့နေ၏ မေးခွန်းအားလုံးနီးပါးကို မှန်ကန်ကြောင်းသာ ထွက်ဆိုသည်ကို တွေ့ရသည်။

ထိုထဲမှာ မကရင်မက ဒေါ်သိင်္ဂီစု၏ ဆွဲကြိုးခိုးသဖြင့် ရပ်ကွက်လူကြီးများဖြင့် ခေါ်ယူမေးမြန်းသည့် ဖြစ်စဉ်တွင် မကရင်မသည် ဒေါ်သိင်္ဂီစုအပေါ် ကျေနပ်ခြင်း မရှိဟု ရှေ့နေက မေးမြန်းသည်ကိုလည်း မကရင်မ၏ မိခင်ဒေါ်လှလှဝင်းက ဟုတ်မှန်ကြောင်း ဖြေဆိုသည်။

မကရင်မသည် ကျန်းမာရေးကောင်းမွန်သူ မဟုတ်ဘဲ လိပ်ခေါင်းရောဂါ၊ ရေဖျဉ်းရောဂါ၊ အစာအိမ်ရောဂါများ ရှိသူ ဖြစ်ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေက မေးမြန်းသည်ကို ဟုတ်မှန်ကြောင်း ဖြေကြားသည်။ မကရင်မ မသေဆုံးမီက ပင် သူ့အား သူ့သမီးက အထက်ပါရောဂါများ ပြန်ဖြစ်နေပြီဟု ပြောကြားထားကြောင်းလည်း ဆိုသည်။

 

ထို့ပြင် ဒေါ်သိင်္ဂီစုတို့ဘက်မှ မကရင်၏ ဒဏ်ရာများတွင် လေအေးပေးစက်မ ရင်း လှေကားပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာများ ဖြစ်သည်ဟု ချေပထားရာ ယင်းအချက်မှာလည်း ဟုတ်မှန်ကြောင်း၊ မကရင်မ၏ မိခင်က ထွက်ဆိုသည်။

လာမည့် မေလ ၁၁ ရက် ရုံးချိန်းတွင် မကရင်မ၏ မိခင် ဒေါ်လှလှဝင်း၏ အမှုရုပ်သိမ်းလွှာအပေါ် တရားရုံးက အမိန့် ချမှတ်မည် ဖြစ်ပြီး ဒေါ်သိင်္ဂီစုကို ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း တရားရုံးမှ သိရသည်။

“ကျွန်မ တကယ် လုပ်တယ်ဆို အချိန်မဆွဲဘဲ ဝန်ခံမှာပါ။ ကျွန်မ မလုပ်တဲ့အတွက် ကျွန်မမှာ အပြစ် မရှိပါဘူး” ဟု မသိင်္ဂီစုက တရားခွင်၌ ပြောကြားသည်။

မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ စွဲချက်တင်ထားခြင်းဖြစ်ပြီး ယင်းပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဌာန်းထားသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင်သံချပ် ကာတပ်ရင်း၊ အရာရှိရိပ်သာရှိ ဒေါ်သိင်္ဂီစု၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်သော အသက် ၃၈ နှစ်အရွယ် မကရင်မ(ခ)မခင်သန္တာဦးကို ရေဖျဉ်းဆွဲပြီး လိပ်ခေါင်းရောဂါရှိ၍ဆိုကာ အိမ်ရှင် ဒေါ်သိင်္ဂီစုကိုယ်တိုင် နေအိမ်သို့ ပြန်ပို့ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ ရာအိမ်မှူးက တရားရုံး၌ ထွက်ဆိုထား သည်။

၂၀၁၈ ခုနစ် မေလ ၁၉ ရက်က တွံတေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ မကရင်မ၏ နေအိမ်သို့ ၎င်း၏ ပိုလျှံလစာ ကျပ် ၁၈၀,၀၀၀ နှင့်အတူ ပြန်ပို့ပြီးနောက် ၁ နာရီခန့် အကြာတွင် မကရင်မ သေဆုံးခြင်းဖြစ်ကြောင်း ရာအိမ်မှူးက ထွက်ဆိုထားသည်။

မကရင်မ မသေဆုံးမီ ဆေးရုံပို့ပေးရန် တောင်းဆိုပြီး အိမ်ရှင် အမျိုးသမီးက ၎င်းကို ဆွဲကြိုးခိုး သည်ဆိုကာ နှိပ်စက်သည်ဟု ပြောကြားကြောင်း တရားလို ရာအိမ်မှူးက ထွက်ဆိုထားသည်။ မကရင်မ သည် လွန်ခဲ့သော လေးနှစ်က ခင်ပွန်းသေဆုံးပြီးနောက် စီးပွား ရေးမပြေလည်သဖြင့် အိမ်အကူ လုပ်ကိုင်ပြီး သေဆုံးခဲ့ရာ ဆယ်ကျော်သက်အရွယ် သား တစ်ဦး၊ သမီးသုံးဦး ကျန်ရစ်ခဲ့ သည်။

ဒေါ်သိဂီၤစုသည် ပဲခူးခရိုင်၊ ဥပဒေအရာရှိ၊ အဆင့် (၄) ဒုဦးစီးမှူး ဖြစ်ပြီး မဟာဥပဒေဘွဲ့ရရှိထားသူဖြစ်ကြောင်း တရားရုံးတွင် စစ်ဆေးမေးမြန်းချက်များအရ သိရသည်။ ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဦးသန့်ဇော်ဦးမှာ တပ်မတော်တွင် ဗိုလ်မှူးအဆင့် ရှိသူ ဖြစ်ပြီး လားရှိုးရှိ သံချပ်ကာ တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းလည်း တရားရုံး၌ စစ်ဆေးချက်အရ သိရသည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading