ဗြိတိန်ဝန်ကြီးချုပ် ထီရီဆာမေသည် ဇွန်လ ၇ ရက်နေ့တွင် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် အဖြစ်မှ နုတ်ထွက်မည်ဟု ကြေညာလိုက်သဖြင့် ဝန်ကြီးချုပ်အသစ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရတော့မည် ဖြစ်သည်။
ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ပြောကြားသော စိတ်ခံစားမှုအပြည့်ပါသည့် မိန့်ခွန်းတွင် သူ့အနေဖြင့် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် အီးယူမှနုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲရလဒ်ကို အကောင်အထည်ဖော်ရေး “အစွမ်းကုန်” ကြိုးစားခဲ့သည်ဟု ပြောကြားသည်။
သူ့လက်ထက်တွင် ဘရက်ဇစ် ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ခြင်းသည် “အလွန်အမင်းစိတ်မကောင်းစရာ” ဖြစ်နေလိမ့်မည်ဟုလည်း ဆိုသည်။

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ် ရွေးချယ်မှုများ မပြီးမချင်း သူ့အနေဖြင့် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိ နေမည်ဟု မစ္စစ်မေက ပြောသည်။
ဘရက်ဇစ်ကိစ္စ အောင်မြင်ဖို့အတွက် သူ့နေရာကို ဆက်ခံသည့် ဝန်ကြီးချုပ်သစ်အနေဖြင့် ပါလီမန်အတွင်း အားလုံးပါဝင်သည့်သဘောတူညီချက်ကို ရအောင်ယူရလိမ့်မည်ဟု ဆိုသည်။


“ဒီလိုမျိုး သဘောတူညီမှုကို ရဖို့ဆိုတာကလည်း ဆွေးနွေးငြင်းခုံကြတဲ့ ဘက်အားလုံးမှာပါတဲ့သူတွေဟာ အလျှော့ပေးစေ့စပ်ချင်စိတ် ရှိမှ ရပါလိမ့်မယ်” ဟု မေက ဆိုသည်။
မိန့်ခွန်း၏နောက်ဆုံးအပိုင်းမှာတော့ မစ္စစ်မေ၏ အသံများ တုန်ယင်လာခဲ့သည်။


“ကျွန်မဘဝမှာ ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ရတဲ့ ဒီအလုပ် ဒီရာထူးကနေ မကြာခင်မှာပဲ ကျွန်မ ဆင်းပေးပါ တော့မယ်။”
“ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ကျွန်မဟာ နောက်ဆုံးမဟုတ်ဘူးလို့ ပြောချင် ပါတယ်။”
“ကျွန်မအနေနဲ့ မကောင်းတဲ့စိတ်စေတနာနဲ့ မလုပ်ကိုင်ခဲ့ပါဘူး။ ကျွန်မချစ်တဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းခွင့်ရတဲ့ အခွင့်အရေးကို အရယူပြီး တိုင်းပြည်ကျေးဇူးဆပ်တဲ့အနေနဲ့ အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောကြားသွားခဲ့သည်။
BBC
ထီရီဆာ မေနှင့် ပတ်သက်သောအချက်အချို့
- ဝန်ကြီးချုပ်သက်တမ်း - ၃ နှစ် (ဒေးဗစ် ကင်မရွန်းကို ဆက်ခံ)
- ဝန်ကြီးချုပ်မဖြစ်မီ - ပြည်ထဲရေးဝန်ကြီးအဖြစ် ၆ နှစ်
- ၂၀၁၇ အထွေထွေရွေးကောက်ပွဲ ပြတ်ပြတ်သားသား မနိုင်ခဲ့သော်လည်း ဝန်ကြီးချုပ်ဆက်ဖြစ်
- ၂၀၁၆ အီးယူမှခွဲရေးတွဲရေး သဘောထားတွင် တွဲရေးမှ မဲပေးခဲ့
- အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်ရောက်သည့် တစ်လျှောက်လုံး ဘရက်ဇစ် ကိစ္စသာ လွှမ်းမိုးခဲ့
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








