ကျည်ဆန်တွေ တဝေါဝေါထွက်ခဲ့တဲ့ ကျောက်တန်းရွာ

မငြိမ်မသက်ဖြစ်နေသော ရခိုင်ဒေသမှ စစ်ပြေးဒုက္ခသည်များ၊ အထိန်းသိမ်းခံရသူများသည် အသက်အန္တရာယ်ရှိသော အခြေအနေဆိုးများနှင့် ရင်ဆိုင်နေရသည်

Published on May 22, 2019

ဧပြီ ၃၀ ရက်နံနက်တွင် အင်အားနှစ်ရာကျော်ရှိ တပ်မတော်စစ်ကြောင်း တစ်ကြောင်း ရသေ့တောင်မြို့၏ မြောက်ဖက် ကျောက်တန်းရွာသို့ ရောက်ရှိလာခဲ့သည်။ 

မြန်မာနိုင်ငံအနောက်ဖက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဆိုကာ တိုက်ပွဲဝင်နေသော ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများစဖြစ်သည့် ၂၀၁၅ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် ကျောက်တန်းရွာသို့ တပ်မတော်သားများ ဝင်ရောက်လာခြင်းဖြစ်သည်။

AA သည် ရခိုင်ပြည်ရှိ မြို့ရွာများတွင် အရပ်သားများ အသွင်ယူ၍ တပ်မတော်ကို ပြောက်ကျားစစ်ဖြင့် တိုက်ခိုက်နေသည်ဟု တပ်မတော်ဖက်က မကြာခဏ စွပ်စွဲမှုများ ရှိပြီး၊ အကျိုးဆက်အားဖြင့် ရခိုင်ပြည်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး နှင့် ကျောက်တော်မြို့ရှိ ကျေးရွာများတွင် AA သင်္ကာမကင်းဖြစ်သူများကို တပ်မတော်က ဝင်ရောက် ရှာဖွေစစ်ဆေးနေသည်။

ယခုလည်း ထိုရည်ရွယ်ချက်ဖြင့် တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ရာနှင့်ချီသော ရွာရှိ အရွယ်ရောက်ပြီးသား အမျိုးသားများကို AA  နှင့် ပတ်သက်မှု ရှိမရှိ ရက်ပေါင်းများစွာ စစ်ဆေးစဉ် ရွာသား ၇ ဦး သေဆုံးခဲ့ရပြီး၊ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ဆေးမှု ပြီးဆုံးပြီးတွင် ရွာသား ၈ ဦးကို AA နှင့် ပတ်သက်သည်ဟု ဆိုကာ တရားစွဲမည်ဟု တပ်မတော် တာဝန်ရှိသူများက ကြေညာခဲ့ပြီး၊ ကျန်သူများကို ပြန်လည်လွှတ်ပေးခဲ့သည်။

မင်္သကာသော ရခိုင်အမျိုးသားများအား တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတချို့ လွန်ခဲ့သည့်လများက ဖြစ်ပေါ်ခဲ့သော်လည်း မေလ ၂ ရက် ကျောက်တန်း ဖြစ်စဉ်ကဲ့သို့ လူအများအပြား သေနတ်ပစ်ခံရမှုကြောင့် သေဆုံးခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ အဆိုအရ ရွာသားများက အန္တရာယ်ပြုရန် ကြိုးစားမှုကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့သော ရွာသားများနှင့် ၎င်းတို့၏ မိသားစုဝင်များက Myanmar Now ကို ပြောကြားချက်များအရ ရွာသားတို့က တပ်မတော်သားများကို မည်သည့်အန္တရာယ်မျှ ပြုရန် မကြိုးစားခဲ့ကြောင်း၊ စစ်ကြောခံရသူများတွင် ပါဝင်သည့် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး ကယောင်ကတမ်း ထအော်သည်ကို တပ်မတော်သားတို့က လူအုပ်ထဲသို့ မဆင်မခြင် ပစ်ခတ်ခဲ့ခြင်းကြောင့်သာ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။

“ ကျောင်းစာသင်ကျောင်း လေးဘက် လေးလံကနေ ဝေါဝေါနဲ့ တရစပ် ပစ်တယ်။ ကျွန်တော်က အပေါ့သွားပြီး ပြန်လာနေတဲ့အချိန်ပေါ့။ ကျွန်တော့်ဘယ်ဖက် ခြေသလုံးနဲ့ လက်ကို ကျည်မှန်တယ်။ ကျွန်တော်က တွားသွားပြီး ကျွန်တော် အိပ်နေတဲ့နေရာကို သွားခဲ့ရတယ်” ဟု ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့ပြီး၊ ယခု ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ် အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။

ငရဲပွက်ခဲ့သော အော်ဟစ်သံများ 

ကျောက်တန်းရွာသည် ရေကြည်လင်သည့် မယူမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိပြီး၊  အိမ်ခြေ ၆၀၀ ခန့်နှင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းမအနီးတွင် ရှိသောကြောင့် အလွန်စည်ကားသည့် တိုက်နယ်ရွာတစ်ရွာ ဖြစ်သည်။

ရွာထဲဝင်လာသော တပ်မတော်စစ်ကြောင်းမှာ တပ်မ ၂၂ မှ ဖြစ်သည်ဟု ရွာသားတို့က ပြောသည်။ ထိုတပ်သည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် စစ်တပ်က ရန်ကုန်ရှိ လူထုအား နှိမ်နှင်းရာတွင် ပါဝင်ခဲ့သော တပ်မဖြစ်သည်။

တပ်မ ၂၂ စစ်ကြောင်းမှ စစ်ဗိုလ်များက ကလေးများမှလွဲ၍ ရွာရှိ အမျိုးသားများအားလုံးကို ရွာအနောက်ဖက်တွင် ကပ်လျက်ရှိသော အထက်တန်း စာသင်ကျောင်းတစ်ကျောင်းတွင် အစည်းအဝေးပြုလုပ်ရန်ဆိုကာ သွားရောက် စုဝေးစေခဲ့သည်။ တပ်မတော်စစ်ကြောင်းက ရွာဝင်ပေါက်ထွက်ပေါက်များကိုလည်း ပိတ်ဆို့ထားပြီးဖြစ်သည်။

ထိုနေ့မနက် ၁၁ နာရီတွင် စာသင်ကျောင်းတွင် အမျိုးသားအားလုံး စုဝေးပြီးနောက် တပ်မတော်သားများက အသက် ၁၅ နှစ်အောက်နှင့် အသက် ၅၀ အထက် အမျိုးသားများကို ခွဲထုတ်ကာ ကျောင်းမှ ပြန်လွှတ်ခဲ့သည်။ ကျန်ရှိ အမျိုးသားများကိုမူ မိသားစု သန်းခေါင်စာရင်းများနှင့် တိုက်ပြီး ကျောက်တန်းရွာက ဟုတ်မဟုတ်၊ AA  အဖွဲ့ နှင့် အဆက်အစပ် ရှိမရှိကို တပ်မတော်သားများက စစ်ကြောရေးလုပ်ငန်းများ ရက်သတ္တပတ်နှစ်ပတ် နီးပါး ပြုလုပ်ခဲ့သည်။

စစ်ကြောရေးလုပ်ခံရသည့် အမျိုးသားစုစုပေါင်းမှာ ၂၇၅ ဦးဖြစ်သည်။

စာသင်ကျောင်းရှေ့ မြေကွက်လပ်ကျယ်တွင် အစည်းအဝေးခေါင်းစဉ်ဖြင့် ရောက်လာသည့် ရွာသားများ အသက် ၁၅ နှစ်အောက် တစ်စု၊ အသက် ၅၀ နှင့်အထက် တစ်စု၊ သက်လတ်ပိုင်း တစ်စု ခွဲပြီး ထိုင်ရသည်။

နောက်တစ်နေ့ နံနက်ရောက်မှ မိသားစုက အစားအစာ ပို့ခွင့်ရသည်။ အနည်းငယ်စစ်မေးပြီးလျှင် ပြန်လွှတ်မည်ဟု တပ်အရာရှိတချို့က မိသားစုများကို ပြောသည်။

ထိုနေ့ တစ်နေ့လုံးလည်း အထပ်ထပ် စစ်ဆေးမေးမြန်းမှုများနှင့်သာ အချိန်ကုန်သွားသည်၊ ရိုက်နှက်နှိပ်စက်ခြင်း မရှိဟု ထိန်းသိမ်းခံရသူတို့က ပြောသည်။ နေ့စဉ် သုံးကြိမ်ထက်မနည်း  စစ်ဆေးခံရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။ ညရောက်လျှင် မြေပြင်ပေါ်တွင်ပင် အိပ်စက်ကြရသည်။ 

ထိန်းသိမ်းခံနေရသူများထဲတွင် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးလည်း ပါဝင်သည်။ ရွာသားတို့က ထိုသူ့ကို လွှတ်ပေးရန် တောင်းဆိုသော်လည်း တပ်အရာရှိများက လစ်လျှူရှုခဲ့သည်။  မေ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အိပ်မပျော်သူ ၄ ဦးခန့် ရှိနေသည်။ ထိုအချိန်တွင် စိတ်ကျန်းမာရေးချို့တဲ့သူက‘ပြေးကြပြေးကြ’ ဟု ရုတ်တရက် ကျယ်ကျယ်လောင်လောင် ထအော်လိုက်သည်။

သူ၏ အော်သံအဆုံးတွင် ပစ်ခတ်သံများလည်း တရစပ် ထွက်ပေါ်လာသည်။ ကျောင်းရှေ့ ကွင်းပြင်သည် သေနတ်သံများ၊ အော်ဟစ်သံများ၊ အကူအညီပေးရန် တောင်းဆိုသံများနှင့် ငရဲပွက်သကဲ့သို့ ဖြစ်သွားသည်။

မိနစ်အနည်းငယ်အကြာတွင် ပစ်ခတ်မှုများ ရပ်တန့်ရန် အမိန့်ပေးသံ ထွက်လာသည်။

သေနတ်သံများ ငြိမ်သက်သွားသည့်နောက်တွင်တော့ ညည်းညူသံများ ဆက်တိုက် ပေါ်ပေါက်လာသည်။ အရာရှိတစ်ယောက်က ဒဏ်ရာရသူများကို လက်နှိပ်ဓာတ်မီးဖြင့် လိုက်ကြည့်သည်။

“ကျွန်တော့် ခြေထောက်က ဒဏ်ရာကို သွေးတိတ်အောင် ကျွန်တော့် အင်္ကျီကို ဖြဲပြီး စည်းထားလိုက်ရတယ်” ဟု ဒဏ်ရာရသူတစ်ဦးက ပြောသည်။

မနက် ၄ နာရီခန့်တွင် ဒဏ်ရာရထားသူများကို ဆေးထည့်၊ ပတ်တီးစည်းပေးသည်။

ပွဲချင်းပြီး သေဆုံးသူ ၆ ဦးမှာ ဦးသံခဲအောင်(၄၃ နှစ်)၊ ဦးထွန်းရွှေဝင်း (၃၈)၊ ဦးမောင်ခင်ဌေး (၄၂)၊ ကိုကျော်ငြိမ်းအောင် (၁၇)၊ ကိုလှဖြူသီး (၁၈)၊ ကိုဇော်လတ် (၂၄) တို့ ဖြစ်သည်။

ဒဏ်ရာရသူ ၈ ဦး ရှိရာ ကျောတွင် ကျည်ထိမှန်ထားသူ ကိုအောင်လင်းကျော်မှာ ရန်ကုန်သို့ ပြောင်းရွှေ့ကုသစဉ် သေဆုံးသွားသည်။

ညနေပိုင်းတွင် ဆရာဝန်တချို့ ရောက်လာပြီး ရုပ်အလောင်းများကို ကျောင်းအတွင်း၌ပင် ရင်ခွဲစစ်ဆေးကြသည်။ နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ကျေးရွာသုဿန်တွင် မြေမြှပ် သြင်္ဂိုဟ်သည်။

စာသင်ကျောင်းအတွင်း ပစ်ခတ်သည့်ညက ရွာသားများအားလုံး အိမ်တွင်းမှ အိမ်ပြင် မထွက်ရဲကြပေ။ မနက်မိုးလင်းမှသာ သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်များကို သိရသည်ဟု Myanmar Now က တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည် ရွာသားတချို့က ပြောသည်။

တပ်မတော်၏ဖြေရှင်းမှု

မေ ၂ ရက်ပစ်ခတ်မှုအတွက် တပ်မတော်က စုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး လတ်တလောစုံစမ်းမှုများအရ ယခင်ထုတ်ပြန်ချက်အတိုင်းဖြစ်သည့် သေနတ်လုရန်ကြိုးစားမှု၊ လူစုလူဝေးဖြင့် အန္တရာယ်ပေးရန် ကြိုးစားမှုများကြောင့် ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ဆေးမှုရလဒ် အမြန်ဆုံးထွက်ပေါ်လာရန် ကြိုးစားနေပြီး ရက်အနည်းငယ်အတွင်း ပြီးပြတ်ရန် ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သိပ်မထူးဘူးဆိုရင်တော့ ထုတ်ပြန်ချင်မှ ထုတ်ပြန်လိမ့်မယ်။ အရေးယူ ဆောင်ရွက်မှု ရှိမယ် ဆိုရင်တော့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေ ၁၅ တွင် Myanmar Now ကို ပြောသည်။

ရွာသားများကို ထိန်းသိမ်းစစ်ဆေးနေသည့် ရက်သတ္တနှစ်ပတ်အတွင်း ကျောက်တန်းရွာ ဝင်ထွက်ခွင့်ကို တပ်က ကန့်သတ်ခဲ့သည်။ ထိုအတောအတွင်း ဘုန်းတော်ကြီးတချို့၊ လွှတ်တော်အမတ်တချို့ ဝင်ရောက်ခွင့်ရပြီး အကူအညီအနည်းငယ် ပေးနိုင်ခဲ့သည်။

စတင်စစ်ဆေးစဉ်ကသာ ရွာပြင်ထွက်ခွင့်ကို ယာယီပိတ်ပင်ထားခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို မေ ၇ ရက်နေ့က ပြောသည်။

“အစကတည်းက အပြစ်မရှိတဲ့သူတွေ ဆိုရင် ဟိုမသွားရဘူး၊ ဒီမသွားရဘူးဆိုပြီး ကန့်သတ်ထားတာ မရှိပါဘူး။ သူတို့လည်း သွားနေကြတာပဲ” ဟု ၎င်းက ပြောသည်။

ကျောက်တန်းရွာအတွင်း တပ် ဝင်ရောက်ပြီး နောက်တစ်နေ့တွင် အနီးရှိ အောင်သာစည်၊ ထီးစွဲ၊ သောင်းဒရားရွာတို့မှ ဒေသခံများသည် ရွာစောင့်အနည်းငယ်သာ ထားကာ မြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြသည်။

ရွာများတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ ရှိနေသည်ဟု တပ်က သံသယ ဝင်နေကြောင်း သောင်းဒရားရွာမှ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ယောက်ျားတွေကလည်း ကျောက်တန်းလိုဖြစ်မှာစိုးလို့ အကုန်လုံး ရှောင်ပြေးကြပြီ” ဟု သူက ဆိုသည်။

မေ ၉ ရက်နေ့ နေ့လယ်က ထီးစွဲရွာတွင် အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် နေအိမ်အများအပြား လူသူကင်းမဲ့နေသည်ကို တွေ့ခဲ့ရသည်။ ရွာအတွင်း လမ်းသွားလမ်းလာ မရှိပေ။

ရွာပေါင်း ၁၅ ရွာမှ စစ်ရှောင်အရေအတွက် ၉၀၀ ဝန်းကျင်သည် ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်း ၅ ခုတွင် ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်။

ရခိုင်စစ်ဘေးရှောင်များကို ကူညီခြင်းနှင့် အချက်အလက်စုဆောင်းခြင်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC ) ၏ မေလ ၈ ရက်နေ့ အချက်အလက်များအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ရှောင်အရေအတွက် စုစုပေါင်း ၃၈,၀၀၀ ခန့်ထိ ရှိနေသည်။

စစ်ဆေးပြီးသော ရွာသားတို့ကို တစ်သုတ်စီ ခွဲပြီး ပြန်လွှတ်ပေးခဲ့ရာ ကျောင်းအတွင်း ထိန်းသိမ်းထားမှုများ မရှိတော့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေ ၁၃ တွင် ပြောသည်။  

အပြီးသတ် စစ်ဆေးမှုများမတိုင်မီ ရွာသား ၈ ဦးကို စစ်တွေသို့ ပို့ဆောင်လိုက်သည်။ ၎င်းတို့ထဲမှ ၆ ဦးမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ကျန်သည့် ၂ ဦးမှာ အသေးစိတ် ဆက်လက်စစ်ဆေးရန် လိုအပ်သေးကြောင်း တပ်က မေ ၈ ရက်နေ့တွင် ပြောသည်။  

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ ကျောက်တန်းကျေးရွာအနီးတဝိုက်တွင် ၎င်းတို့စစ်ကြောင်းများ သွားလာ လှုပ်ရှားခြင်း မရှိသကဲ့သို့ ထို ၈ ဦးမှာလည်း ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ဟု ငြင်းဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံများ မြေဇာပင်ဖြစ်ကာ သေဆုံးရသည့် အလားတူဖြစ်စဉ်မျိုး မြောက်ဦးမြို့နယ် အောက်သားကန်ရွာ၊ ရသေ့တောင်မြို့နယ် သမီးလှ၊ မင်းဖူးရွာများနှင့် ဘူးသီးတောင်မြို့နယ် စေတောင်ရွာတို့တွင် ဖြစ်ပွားခဲ့သည်။

မြောက်ဦးမြို့နယ် လက္ကာရွာရှိ ရွာသား ၂၇ ဦးကို AA တပ်ဖွဲ့ဝင် ဖြစ်ဖွယ်ရှိသည်ဟူသော သံသယဖြင့် ဧပြီ ၁၀ ရက်နေ့တွင် တပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သည်။

ကျောက်တန်းရွာအတွင်း တပ်မတော်၏ အပြုအမူမှာ လက်ခံနိုင်ဖွယ်ရာ မရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဆိုသည်။

“တစ်ရွာလုံးကို ရွာက လူကြီးလူငယ် အကုန်လုံးကို ဖမ်းသွားတယ် ဆိုတဲ့ အချက်က မှားတာပေါ့။ သံသယရှိရုံနဲ့ ဖမ်လို့ မရဘူးလေ။ အထောက်အထား မခိုင်လုံဘဲနဲ့  သုံးလေးငါးရက်လောက် ရွာတစ်ရွာလုံးကို ပိတ်ပြီးတော့ လုပ်ထားတယ်” ဟု ရသေ့တောင် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောလိုက်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading