အမှုကို ပိတ်သိမ်းရန် ကြိုးပမ်းနေသည့် သေဆုံးသူ မခင်သန္တာဦး(ခေါ်)မကရင်မ၏ မိခင်သည် တရားရုံးက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန် ဆင့်ခေါ်သော်လည်း ၂ကြိမ်တိုင် လာရောက်ခြင်းမရှိ၍ လာမည့်ရုံးချိန်းတွင် ထပ်ခေါ်ထားသည်။
တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်သိင်္ဂီစုက နှိပ်စက်သဖြင့် သေဆုံးသည်ဆိုသော အိမ်အကူ မခင်သန္တာဦး(ခ)မကရင်မ သေဆုံးမှုတွင် မကရင်မ ကျန်းမာရေးမကောင်းသည်ကို သေဆုံးပြီးမှသာ သိရှိခဲ့ကြောင်း စွပ်စွဲခံရသူ၏ခင်ပွန်းက ယနေ့ ယင်းအမှု ရုံးထုတ်တွင် တောင်ပိုင်းခရိုင်တရားရုံးရှေ့၌ မီဒီယာများကို ဖြေကြားသည်။
“ သူ့မှာ လိပ်ခေါင်းရောဂါတွေ ရှိပါတယ်။ ရေဖျင်းရောဂါတွေ ရှိပါတယ်ဆိုတဲ့အကြောင်းကို ခတ္တိယတိုက်နယ်ဆေးရုံမှာ တက်ရောက်ခဲ့ပါတယ်ဆိုတဲ့ အကြောင်းတွေဟာ သူကိုယ်တိုင်လည်း ပြောကြားခဲ့တယ်။ သူ့ရဲ့မိခင် ထွက်ဆိုချက်ထဲမှာလည်း ပါခဲ့ပြီးပြီ။ သူအရင်ကတည်းက ကျန်းမာရေး မကောင်းတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော်တို့က သူသေပြီးမှ သိခဲ့ရတာ ” ဟု ၎င်းက ဆိုသည်။

ယင်းအမှုကို တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ယခုအခါ သေဆုံးသူ၏မိခင် ဒေါ်လှလှဝင်းသည် အမှုကို ရုပ်သိမ်းခွင့်ရရန် တောင်ပိုင်းခရိုင်ဥပဒေရုံးတွင် လျောက်ထားနေသည်။
ဒေါ်လှလှဝင်းက ထိုသို့ လျောက်ထားခြင်းမှာ ၎င်းက ငွေကြေးပေးထားခြင်းမျိုး မရှိကြောင်း စွပ်စွဲခံရသူ ဒေါ်သိဂီစု၏ခင်ပွန်းက ဆိုသည်။ ဒေါ်သိင်္ဂီစု၏ခင်ပွန်း တပ်မတော်အရာရှိက မီဒီယာများကို ဖြေကြားခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ပြီး သူ၏နာမည်ကို မဖော်ပြရန် မီဒီယာများကို ပြောဆိုသည်။


ဒေါ်သိင်္ဂီစုသည် ပဲခူးခရိုင်၊ ဥပဒေအရာရှိ၊ အဆင့် (၄) ဒုဦးစီးမှူး ဖြစ်ပြီး မဟာဥပဒေဘွဲ့ ရရှိထားသူဖြစ်ကြောင်း တရားရုံးတွင် စစ်ဆေးမေးမြန်းချက်များအရ သိရသည်။ ဒေါ်သိင်္ဂီစု၏ ခင်ပွန်းမှာ တပ်မတော်တွင် ဗိုလ်မှူးအဆင့်ရှိသူ ဖြစ်ပြီး လားရှိုးရှိ သံချပ်ကာတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းလည်း တရားရုံး၌ စစ်ဆေးချက်အရ သိရသည်။
အသက် ၃၈ နှစ်အရွယ် မခင်သန္တာဦး(ခေါ်)မကရင်မသည် လှည်းကူးမြို့နယ်၊ အင်းဒိုင်သံချပ်ကာတပ်ရင်း ရိပ်သာရှိ တပ်မတော်မိသားစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ပြီး အိမ်ရှင် ဒေါ်သိင်္ဂီစုက ၎င်း၏နေရပ် တွံ့တေးမြို့ရှိ ခတ္တိယကျေးရွာသို့ ပိုလျှံလစာ ကျပ် ၁၈၀၀၀၀ နှင့်အတူ ပြန်လည် ပို့ဆောင်ပြီးနောက် တစ်နာရီခန့် အကြာတွင် သေဆုံးခြင်း ဖြစ်ကြောင်း ထိုရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် မကရင်မ မသေမီ အနီးကပ် ပြုစုလိုက်သည်ဆိုသော အိမ်နီးချင်းများက တောင်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုထားသည်။


၂၀၁၈ ခုနှစ် မေလ ၁၉ ရက်က မကရင်မ မသေဆုံးမီတွင် ဆေးရုံပို့ပေးရန် တောင်းဆိုခဲ့ပြီး အိမ်ရှင်ဒေါ်သိင်္ဂီစုက ကျောက်ပျဉ်နှင့် ထုကြောင်း၊ ဆွဲကြိုးခိုးသည်ဟု ဆိုကာ စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ကြောင်း ပြောခဲ့သည်ဟု အိမ်နီးချင်းများက မီဒီယာများကို ပြောဆိုခဲ့ပြီး တရားရုံး၌လည်း သက်သေထွက်ဆိုထားသည်။
- လှည်းကူး တပ်အရာရှိအိမ်မှ အိမ်အကူသေဆုံးမှု အမှုရုပ်သိမ်းရေး တရားစွဲအဖွဲ့အစည်း ကန့်ကွက်
- မကရင်မ မိသားစုကို အစိုးရ စောင့်ရှောက်မည်
အဆိုပါ တပ်မတော်အရာရှိကမူ မကရင်မကို ၎င်း၏ဇနီးက နှိပ်စက်သည်ဟု စွပ်စွဲချက်များမှာ ယုတ္တိမရှိကြောင်း၊ မကရင်မသည် ၎င်းတို့ထံ အိမ်အကူလုပ်ကိုင်စဉ်က အဲယားကွန်းကို သယ်မစဉ် လှေကားပေါ်မှ လိမ့်ကျဖူးသော ဒဏ်ရာများ ရှိကြောင်း၊ လိပ်ခေါင်းရောဂါ ရှိသဖြင့် အစား မစားနိုင်သောကြောင့် မကရင်မကို ပြန်လည်ပို့စဉ်က ပိန်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
“သူကိုယ်တိုင် ရောဂါဖြစ်နေတဲ့အတွက် အစားမစားနိုင်တဲ့အတွက် ပိန်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
၎င်းမှာ လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိ ဖြစ်၍ ရန်ကုန်တိုင်း ထောက်ကြန့်မြို့ရှိ မိသားစုထံ အမြဲမရှိသော်လည်း ခွင့်ရက်များ၊ အလည်အပတ်ရက်များတွင် မိသားစု ပြန်လည်ဆုံချိန်၌ အိမ်အကူ မကရင်မနှင့် ၎င်း၏ဇနီးတို့ ပြောဆိုဆက်ဆံပုံကို မြင်တွေ့ရသဖြင့် ၎င်း၏ဇနီးက အိမ်အကူကို ညှင်းပန်း နှိပ်စက်သည်ဆိုသော စွပ်စွဲချက်ကို ငြင်းဆန်ခြင်း ဖြစ်ကြောင်း ဆိုသည်။
မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ ပြီးခဲ့သည့် မေလကတည်းက တရားစွဲတင်ထားသည်။
ယင်းပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဌာန်းထားသည်။
အမှုကို ပိတ်သိမ်းရန် ကြိုးပမ်းနေသည့် သေဆုံးသူ မခင်သန္တာဦး(ခေါ်)မကရင်မ၏ မိခင်သည် တရားရုံးက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန် ဆင့်ခေါ်ခြင်းကို ခရီးလွန်၍ဆိုကာ နှစ်ကြိမ်တိုင်တိုင် လာရောက်ခြင်း မရှိပေ။ နောက်ရုံးချိန်းကို မေလ ၂၈ ရက်တွင် ချိန်းဆိုထားပြီး ဒေါ်လှလှဝင်း တရားခွင်သို့ လာရောက်ခြင်း မရှိပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ခရိုင်တရားသူကြီးက ပြောဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












