သတင်း

အစ္စလာမ်ဥပုသ်ဝတ်ပြုမှုများကို မျိုးချစ်ဆိုသူများက တုတ်ဓားများဖြင့် လာရောက် တားဆီး

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ ဥပုသ်လ ဉပုသ်ထွက်ချိန် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေသည့် နေရာများသို့ မျိုးချစ်ဟု အမည်ခံထားသူ လူအင်အား ၁၀၀ ကျော်က ယမန့်နေ့ညက လာရောက်ကာ တားဆီးခဲ့သဖြင့် ဝတ်မပြုပါဆိုသော ခံဝန်ကတိကို ဝတ်ပြုနေသူများက ကတိခံဝန်ချက် ထိုးပေးခဲ့ရသည်။

၁၉၉၀ ကာလများတွင် မြို.သစ်ဖြစ်လာသော ထိုမြို့နယ် အစ္စလာမ်ဘာသာဝင်များအတွက် ပုံမှန်ဝတ်ပြုရန် ဗလီမရှိခဲ့ဘဲ ဝတ်ပြုဆုတောင်းရန်နေရာကို နှစ်စဉ် အာဏာပိုင်များထံ လျှောက်ထားရ ခြင်းဖြစ်သည်။

ယခုနှစ် ဥပုသ်လအတွက် တောင်ဒဂုံမြို့နယ်ရှိ ၁၀၆၊ ၆၄ နှင့် ၂၆ ရပ်ကွက်များရှိ လူနေအိမ် သုံးလုံးတွင် ရမ္မဇာန်ဥပုသ်လအတွင်း မေလ ၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ဝတ်ပြုဆုတောင်းမှုများပြုလုပ်ရန် အစ္စလာမ်အဖွဲ့များ၏ လျှောက်ထားချက်အရ ဒေသခံအာဏာပိုင်များက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် မျိုးချစ်ဆိုသူများက ထိုဝတ်ပြုရာနေရာများသို့ ယမန်နေ့ညက ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ဒေသခံအစ္စလာမ် ဘာသာရေးလူကြီးများအား နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညဉ့်သန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။

မျိုးချစ်ဆိုသူများတွင် ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်ကို အသရေဖျက်မှုဖြင့် ထောင်ကျဖူးသည့် မိုက်ကယ်ကျော်မြင့်ဆိုသူပါဝင်ပြီး၊ ၎င်းသည် ယခုနှစ်မတ်လက ရန်ကုန်တွင်ပြုလုပ်သည့် ၂၀၀၈ ဖွဲ.စည်းပုံအခြေခံပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးပွဲတွင် ဦးဆောင်ဟောပြောခဲ့သူဖြစ်သည်။

“ကျုပ်တို့တင်မြှောက်ထားတဲ့မင်းက အသုံးမကျတာကြောင့် ကျုပ်တို့လည်းအသုံးမကျတဲ့ ကောင်တွေ ဖြစ်သွားပြီ။ ကျုပ်တို့ဘာသာအတွက်၊ ကျုပ်တို့သာသနာအတွက် အဲဒီမင်းမနိုင်တဲ့ တောင်ဒဂုံဗလီကို ဒီည ကျုပ်တို့ပြည်သူတွေ အပြီးဖြိုမယ်” ဟု ယမန်နေ့ညက အခင်းဖြစ်ချိန်တွင် လူအုပ်စုကို မိုက်ကယ်ကျော်မြင့် အော်ဟစ်နေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း Facebook တွင် ပျံ့နှံ့နေသည်ကိုတွေ.ရသည်။

သို့ရာတွင် ဝတ်ပြုဆုတောင်းမှုများ ဆက်မလုပ်ရန် ၎င်းတို့၏ဖိအားပေးချက်အရ ဒေသခံ အစ္စလာမ် ဘာသာဝင်ခေါင်းဆောင်များက လက်မှတ်ထိုး ကတိပေးပြီးနောက် ယနေ့မနက် ၁ နာရီခန့်တွင် သွေးထွက်သံယိုမှုများ၊ ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခံရဘဲ လူစုကွဲသွားသည်။

လာရောက်နှောင့်ယှက်သူများသည် တုတ်၊ ဓားကိုင်ဆောင်သူများပါဝင်ပြီး ရဲတပ်ဖွဲ့က  ၎င်းတို့ကို ဖမ်းဆီးခြင်း မရှိခဲ့ကြောင်း လူစုလူဝေးဖြစ်ခဲ့သည့် တောင်ဒဂုံမြို့နယ် ၆၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စောင့်ကြည့်လေ့လာခဲ့သူ လူမှုသဟာဇာတဖြစ်ထွန်းရေးအရပ်ဘက်အဖွဲ့ Synergy မှ ဦးဆောင်သူ ကိုသက်ဆွေဝင်းက ဆိုသည်။ 

“ဒီလူတွေက ရဲတွေရှေ့မှာတင် ဝုန်းဒိုင်းကြဲနေကြတာ။ ကားတစ်စီးကိုလည်း ရပ်မပေးလို့ဆိုပြီး ခဲတွေနဲ့ ဝိုင်းထုကြတယ်။ ရဲတွေက ဘာမှမလုပ်ဘူး။ သတင်းထောက်ကောင်လေးတစ်ယောက်ကိုလည်း ဒီလူအုပ်စုက ဓားနဲ့ထောက်ပြီးလည်း ခေါ်သွားတယ်။ သူတို့အရင် အဲသည်ကောင်လေးကို ခေါ်စစ်ပြီးမှ ရဲကိုအပ်လိုက်တာ” ဟု ကိုသက်ဆွေဝင်းက ဆိုသည်။ 

လိုအပ်သည့်အရေးယူမှုများ ဘာ့ကြောင့်မလုပ်ဆောင်ခဲ့သည်ကို မေးမြန်းရန် တောင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

အစိုးရအဖွဲ့ထံမှ ခွင့်ပြုမိန့် တစ်စုံတစ်ရာ မလာမချင်း ဝတ်ပြုခြင်း မပြုပါဟု လူအုပ်စုက မြို့နယ်ထွေအုပ်ရုံးတွင် ခံဝန်လက်မှတ် ထိုးခိုင်း၍ လက်မှတ်ထိုးခဲ့ရကြောင်း မြန်မာနိုင်ငံ အစ္စလာမ် ဘာသာရေးအဖွဲ့မှ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ဆိုသည်။

“သဘောတူညီချက်လို့ ကျွန်တော်တော့ မမြင်ဘူး။ ညှိုနှိုင်းတာလည်း မမြင်ဘူး။ ကျွန်တော်တို့ကို ခေါ်ပြီးတော့ ဝတ်မပြုဘူးလို့ လက်မှတ်ထိုးခိုင်းတာပဲဟု ၎င်းက ပြောသည်။

 

အခင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ ရှိနေခဲ့သော်လည်း အင်အားသုံး လိုက်လံနှောင့်ယှက်သူများအား တစ်စုံတစ်ရာ တားဆီးနိုင်ခဲ့ခြင်းမရှိပေ။ ထိုသို့တားဆီးနိုင်ခြင်း မရှိသော်လည်း မျိုးချစ်ဆိုသူများက ဖမ်းဆီးခဲ့သည့် အလွတ်တမ်းသတင်းထောက် ကိုအောင်နိုင်ထွန်းဟိန်းကိုမူ ရဲတပ်ဖွဲ့က ထိန်းသိမ်းခေါ်ယူခဲ့ပြီး လူကွဲမှသာ ၎င်းကို ပြန်လွှတ်ပေးခဲ့သည်။

အမျိုးသမီး ၁၀ ဦးခန့်ပါဝင်သော မျိုးချစ်ဆိုသူများက ကား ၁၀ စီး၊ ဆိုင်ကယ်အများအပြားဖြင့် လှုပ်ရှားခဲ့ကြပြီး ၎င်းတို့အနက်အချို့သည် ဓားများ ယူဆောင်လာသည်ကို တွေ့ရကြောင်း အခင်းဖြစ်ရာတွင် ရောက်ရှိနေခဲ့သည့် Myanmar Now သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ နံနက် ၁ နာရီခွဲဝန်းကျင်ခန့်တွင် လူစုခွဲ၍ ပြန်သွားကြပြီဖြစ်ကြောင်း ယင်းမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော မြန်မာနှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဘာသာရေး၊ လူမျိုးရေးသွေးထိုး လှုံ့ဆော်မှုများအပေါ် သတိရှိကြရန် ပြည်သူလူထုကို သတိပေးခဲ့သည်။

Show More

Related Articles

Back to top button