သတင်း

ပင်လယ်ထဲ ဆီယိုဖိတ်မှု ဥပဒေဖြင့် ကာကွယ်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေး

တရုတ်နိုင်ငံသို့ ရခိုင်ပြည်နယ် မဒေးကျွန်းရေနက် ဆိပ်ကမ်းမှတစ်ဆင့် ပိုက်လိုင်းများဖြင့် ရေနံစိမ်းများတင်ပို့ရာတွင် မြန်မာ့ပင်လယ်ပြင်၌ ပမာဏကြီးမားသည့် ဆီယိုဖိတ်မှုများ(Heavy Oil Pollution)  ဖြစ်ပေါ်လာနိုင်သည့်အတွက် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲ ကာကွယ်ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ဆွေးနွေးခဲ့ကြသည်။

မဒေးကျွန်းရေနက်ဆိပ်ကမ်းသို့ ဝင်ရောက်နေသည့် ရေနံတင်သင်္ဘောကြီးများမှ ပမာဏများပြားသည့် ဆီယိုဖိတ်မှုများမှုများ (Heavy Oil Pollution) ဖြစ်ပေါ်လာနိုင်၍ ပင်လယ်ကမ်းရိုးတန်းနှင့်ဆက်စပ်နေသည့် တိုင်းနှင့်ပြည်နယ်များ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်နိုင်ရန် ထိုအဆိုတင်သွင်းခြင်းဖြစ်သည်ဟု အဆိုတင်သွင်းသူ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောသည်။

ရေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ရန် နိုင်ငံတကာ ဥပဒေများစွာရှိပြီး နိုင်ငံတကာ သဘောတူစာချုပ်များတွင်လည်း ပါဝင်ရန်လိုအပ်ကြောင်း မြန်မာ့ပင်လယ်ပြင်တွင် ဆီယိုဖိတ်မှုများ ဖြစ်ပေါ်လာပါက နိုင်ငံတကာ ဥပဒေနှင့်ပါ ငြိစွန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဒီဆီကိုလက်ခံတာက တရုတ်နိုင်ငံက လက်ခံတာလေ။ ဒီဆီတွေလျှံကျလို့ရှိရင် လျော်ကြေးကိစ္စတွေ ဘာတွေ ရအောင် (လက်မှတ်)ထိုးရမှာတွေက ရှိတယ်။ ထိုးဖို့လဲလုပ်ထားတယ်။ ကျွန်တော်တို့ခု ထိုးဖို့ ညှိနေတာ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်(၅)မှ ဦးမြင့်နိုင်က မဒေးကျွန်းအနီး သံဇစ်မြစ်တွင် ပြီးခဲ့သည့်နှစ် ဇွန်လက ရေထု ညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးက ထိုမြစ်ရေတွင် အောက်စီဂျင်ပါဝင်မှု နည်းပါးနေပြီး ခဲဓာတ်ပါဝင်မှု မြင့်မားနေ၍ ရေသတ္တဝါများ ပြောင်းရွှေ့မှုများ ဖြစ်ပေါ်နေသည်ဟု ဖြေကြားခဲ့ကြောင်း ပြောသည်။

ထိုအဖြစ်အပျက်ကြောင့် ရေနေသတ္တဝါများ သေဆုံးခဲ့ရပြီး မဒေးကျွန်းတွင် ယခင်ကာလက ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဆိပ်ကမ်းဆောက်ပြီး ရေနံတင်သင်္ဘောများ ရောက်ရှိမှသာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

“ဒါတွေက ဘာကြောင့်ဖြစ်တယ်လို့ တာဝန်ရှိ အစိုးရက တိကျစွာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး” ဟု ၎င်းက လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

မဒေးကျွန်းရေနက်ဆိပ်ကမ်းကိစ္စ အမျိုးသားလွှတ်တော်မှာ အဆိုကို ဘယ်လိုတင်သွင်းခဲ့လဲ

မဒေးကျွန်းစီမံကိန်းမှာ အရှေ့အလယ်ပိုင်းမှ သယ်ဆောင်လာသည့် ရေနံများကို မဒေးကျွန်းတွင် သိုလှောင်ထားပြီး ပိုက်လိုင်းဖြင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းမှာ တရုတ်နိုင်ငံ CNPC ကုမ္ပဏီက ဒေါ်လာ ၇၁ သန်း ကုန်ကျခံ ဆောက်လုပ်ထားသည့် နှစ် ၃၀ စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်းနှင့် ရေနံတင်ပို့မှုအတွက်အခွန် ရေနံ တစ်တန်လျှင် တစ်ဒေါ်လာ ရရှိမည်ဖြစ်သည်။

အဆိုတင်သွင်းသူ ဦးမောင်မောင်အုန်းက ဆီယိုဖိတ်မှုများအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခြင်းမရှိပါက နိုင်ငံတကာသင်္ဘောများကလည်း လျစ်လျူရှုထားမည်သာ ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ဆီယိုဖိတ်မှုများကို ဆိပ်ကမ်းအာဏာပိုင်များက သီးသန့်စောင့်ကြည့်ရန်လိုအပ်ပြီး GPS ဖြင့် စောင့်ကြည့်မှုမျိုးအထိ လုပ်သင့်သည်ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button