ဒါဇင်ပေါင်းများစွာသော မူဆလင်မုန်းသူ သီရိလင်္ကာသားများက ဗလီများ၊ မူဆလင်ပိုင် ဈေးဆိုင်များကို ခဲများဖြင့် ပေါက်ခဲ့သည်။
အီစတာပွဲတော်နေ့ အစ္စလာမ်မစ်အကြမ်းဖက်မှု ဖြစ်အပြီးနောက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ၌ ဗလီများကို ခဲဖြင့် ပေါက်ခြင်း၊ မူဆလင်ပိုင် ဆိုင်များကို တိုက်ခိုက်ခြင်းတို့ဖြစ်နေရာ လှုံ့ဆော်မှုများကို တားမြစ်ရန်အတွက် facebook နှင့် WhatsApp အစရှိသော လူမှုကွန်ရက်များကို ယာယီပိတ်သိမ်းထားသည်ဟု အစိုးရက ကြေညာထားသည်။
ဒါဇင်ပေါင်းများစွာသော မူဆလင်မုန်းသူ သီရိလင်္ကာသားများက ဗလီများ၊ မူဆလင်ပိုင် ဈေးဆိုင်များကို ခဲများဖြင့် ပေါက်ခဲ့ကြောင်း ၊ ချီလော မြို့တွင်လည်း facebook ပေါ်က စခဲ့သော အငြင်းအခုန်ကြောင့် အမျိုးသားတစ်ဦး ရိုက်နှက်ခံခဲ့ရသည်ဟု Reuters သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကားဖော်ပြထားသည်။

အဗ္ဗဒူမာမစ်မိုဟာမက်ဟက်စ်မာ ဆိုသည့်အမည်ဖြင့် facebook အသုံးပြုသူတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ အသက်၃၈နှစ်အရွယ် facebook အသုံးပြုသူက “တစ်ရက်တော့ မင်းတို့ ငိုရလိမ့်မယ်” ဟု ရေးသားခဲ့ပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းဟု ဒေသခံများက သဘောပေါက်နားလည်ခဲ့ကြသည်။
ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာနေ့ အစောပိုင်းကလည်း မူဆလင်ပိုင် စီးပွါးရေး လုပ်ငန်းများကို တိုက်ခိုက်နေကြသော လူတစ်စုကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။


အဖမ်းခံရသူများကို ပြန်လွှတ်ပေးရန် ဗုဒ္ဓဘာသာများနေထိုင်သည့် ခရိုင်အတွင်းမှ ပြည်သူများက တောင်းဆို နေကြကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရ အရာရှိ ဆူမစ်အတာပတ္တူ က ပြောကြားသည်။
“လူအုပ်ကို ထိန်းသိမ်းဖို့အတွက် ညဘက် မထွက်ရအမိန့် ထုတ်ထားခဲ့ပါတယ်” ဟု အတာပတ္တူ က ပြောကြား ခဲ့သေးသည်။


ဗလီများနှင့် မူဆလင်အိမ်များစွာ ထိခိုက်ခဲ့ရကြောင်း သီရိလင်္ကာ မူဆလင် ကောင်စီက သတင်းထုတ်ပြန်ထားသည်။
သို့သော် အပျက်အစီးပမာဏနှင့် ဖမ်းဆီးခံထားရသူများ အရေအတွက်ကို အတိအကျထုတ်ပြန်ထားခြင်း မရှိသေးပေ။
သီရိလင်္ကာ မူဆလင်အစွန်းရောက် စစ်သွေးကြွများက ဟိုတယ်လေးခုနှင့် ဘုရားကျောင်း သုံးခုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လူ ၂၅၀ကျော်သေဆုံးခဲ့ပြီးနောက် မူဆလင်မလိုလားမှု စိတ်ဓာတ်များ ပြန်လည်ခေါင်းထောင် လာခြင်း ဖြစ်သည်။
တိုင်းပြည်အနှံ့ မူဆလင်များ ခြိမ်းခြောက်ခံရမှု၊ နှောက်ယှက်ထိပါးခံရမှုများ ရှိနေကြောင်း မူဆလင်အစုအဖွဲ့များက ပြောကြားထုတ်ပြန်ထားသည်။
သတင်းအမှားများ၊ ကောလာဟလများ မပြန့်ပွါးစေရန်အတွက် လူမှုကွန်ရက်မီဒီယာများကို ပိတ်သိမ်းမှုများ သီရိလင်္ကာအစိုးရသည် ယခင်က ပြုလုပ်ခဲ့ဖူး၏။
Credit : Straitstimes
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










