သာသနာရေးဌာနက တရားစွဲရန် အမှုတည်ဆောက်နေကြောင်း ပြောဆိုနေချိန်တွင် ဦးဝီရသူက ထောင်ကို မကြောက်၊ အကုသိုလ်ကိုသာ ကြောက်သည်ဟု တုံ့ပြန်လိုက်သည်။
သာသနာရေးဦးစီးဌာနက တရားစွဲရန် အမှုတည်ဆောက်နေမှုနှင့် ပတ်သက်ပြီး ဦးဝီရသူက ထိန်းသိမ်းခံရမည်ကို စိုးရိမ်ခြင်း မရှိကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ယမန်နေ့က ပြောဆိုလိုက်သည်။
ရုရှား VK လူမှုကွန်ရက်ရှိ Ven-vicittar Bhivamsa စာမျက်နှာတွင် တင်လိုက်သော တစ်မိနစ်ခွဲကြာ ရုပ်သံဖိုင်တွင် ထိုသို့ တုန့်ပြန်ထားခြင်း ဖြစ်သည်။

“အမျိုးသားရေး လုပ်နေတာ၊ ဘယ်သူ့ ဘယ်သူကိုမှ အကောက်မကြံဖူးဘူး။ ဒုစရိုက်ကို အင်မတန် ကြောက်ပါတယ်၊ အကုသိုလ်ကို အင်မတန် ကြောက်ပါတယ်။ ထောင်ကို မကြောက်တမ်း၊ လက်ထိပ်ကို မကြောက်တမ်း တရားတွေ ဟောနေတယ်” ဟု ဦးဝီရသူက ဖယောင်းတိုင် ကိုင်ကာ ပြောဆိုထားသည်။
ငွေရေးကြေးရေး အပေးအယူ မပါဘဲ ယုံကြည်ချက် သက်သက်ဖြင့် လုပ်ဆောင်မှုများအတွက် ထောင်ကို မကြောက်၊ အမှောင်ကိုသာ ကြောက်သောကြောင့် တစ်ကိုယ်တော် ဖယောင်းတိုင် လှုပ်ရှားမှု ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။


မကြာသေးမီ ကာလများအတွင်း ဦးဝီရသူ၏ ဟောပြောချက်များထဲတွင် ဧပြီ ၂၉ ရက်နေ့ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ဟောပြောချက်မှာ လူပြောအများဆုံး ဖြစ်သည်။
ထိုစဉ်က ဟောပြောချက်ထဲတွင် အစိုးရနှင့် အစိုးရခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်ပြီး ပြင်းထန်သည့် ပြောဆိုချက်များ ပါဝင်သည်။


ဦးဝီရသူ၏ မြိတ်မြို့ ပြောဆိုချက်များထဲတွင် "အရင်လူတွေခိုးတာက … မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတ သစ်ပင်လေးတွေပဲ ခိုးတာ၊ အခုလူတွေက ပြည်သူ့ပါးစပ်ထဲက နှိုက်ပြီး ခိုးတာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာဖွေထားတာတွေကို အခွန်ကောက်၊ အဲဒီအခွန်တွေကို ဘတ်ဂျက်တွေ တိုးတောင်း၊ အကုန် သူခိုးတွေချည်းပဲ။ ရိုးရိုးခိုးတာ မဟုတ်ဘူး၊ နှိုက်ခိုးတာ" ဟု ပါဝင်သည်။
မေ ၅ ရက်နေ့ကလည်း အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးအတွက် ပြုလုပ်သော ရန်ကုန် မြို့တော်ခန်းမရှေ့ ဟောပြောပွဲတွင် ဦးဝီရသူက လွှတ်တော်တွင်းမှ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၇ မတ်လတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းကြောင့် တရားဟောခွင့် ၁ နှစ် ပိတ်ပင်လိုက်သည်။ ၂၀၁၈ ဖေဖော်ဝါရီတွင် Facebook က ဦးဝီရသူကို အမုန်းစကား ဖြန့်သည်ဟု ဆိုကာ ၎င်းတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











