မေ ၆ တွင် တပ်က အစုလိုက်အပြုံလိုက် လွှတ်ပေးကြောင်း ရွာအုပ်ချုပ်ရေးမှူးဟောင်းက အတည်ပြုသည်။ AA နှင့် ဆက်နွယ်မှု သံသယဖြင့် ၈၇ ဦးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ထိန်းသိမ်းထားသည့် အရပ်သားများထဲမှ ၄၈ ဦးကို လွှတ်ပေးလိုက်သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မေ ၆ ရက်နေ့တွင် ပြောသည်။
ရက္ခိုင့်တပ်မတော် AA နှင့် ဆက်သွယ်သည်ဟု ယူဆပြီး ဆက်ဖမ်းထားသူ အရေအတွက် ၈၇ ဦး ရှိသည်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အမြန်ဆုံးတော့ စစ်နေပါတယ်။ ပြီးသွားလို့ (AA နဲ့) ဆက်နွယ်မှု၊ ပါဝင်ပတ်သက်မှု မရှိဘူး ဆိုရင် အရင်လူတွေလိုပဲ ပြန်လွှတ်မှာပါ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
လွတ်မြောက်လာသူများ နေအိမ်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းက အတည်ပြုသည်။


ဧပြီ ၃၀ ရက်မှစတင်ကာ ကျောက်တန်းကျေးရွာမှ ၂၇၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်နွယ်မှု သံသယဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းထားခြင်း ဖြစ်ပြီး မေ ၃ ရက်နေ့တွင် အရပ်သား ၁၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်။
စစ်ဆေးနေစဉ် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရပြီး နောက်တစ်နေ့တွင် ထိုသို့ လွှတ်ပေးခြင်း ဖြစ်သည်။


ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးသွားမည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောထားသည်။
AA နှင့် ဆက်နွယ်မှု ရှိသည့် အရပ်သားတို့ကို တရားစွဲမည်ဟုလည်း တပ်မတော်က ပြောသည်။
AA ၏ ပြောခွင့်ရ ခိုင်သုခက ကျောက်တန်းကျေးရွာအနီး ၄င်တို့တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာခြင်းမရှိကြောင်း ပြောဆိုထားသည်။
ပြည်နယ်တွင်း အထင်ကရ ဆရာတော်အများအပြားက ကျောက်တန်းကျေးရွာဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေရန် တပ်မတော်ကို တောင်းဆိုထားသကဲ့သို့ စစ်တွေအခြေစိုက် ရခိုင်အမျိုးသားပါတီကလည်း ပစ်ခတ်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာကွယ်ဦးစီးချုပ်တို့ထံ တောင်းဆိုထားသည်။
AA ကလည်း ၎င်းတို့၏ လှုပ်ရှားမှု နယ်မြေတချို့တွင် အရပ်သားများကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းရွာမှ အရပ်သား ၅၀ ကျော်ကို ပြန်လွှတ်ရန် တောင်းဆိုကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဧပြီ ၂၉ တွင် ကြေညာချက် ထုတ်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












