တရုတ်ရပ်ဝန်းနဲ့ပိုးလမ်းမ မြန်မာအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့် (အတွေးအမြင် ဆောင်းပါး)

အကြွေးထောင်ချောက်လို့ ဆိုနိုင်တဲ့ တရုတ်စီမံကိန်းတွေရဲ့ အားသာ အားနည်းချက်ကို  ပြည်သူသိအောင် ပွင့်ပွင့်လင်းလင်းချပြဆွေးနွေးနိုင်မှ မြန်မာပြည် အထိမနာမှာ ဖြစ်ပါတယ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် သမ္မတ ရှိကျင့်ဖျင် (ဓာတ်ပုံ - MOI)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် သမ္မတ ရှိကျင့်ဖျင် (ဓာတ်ပုံ - MOI)

ကမ္ဘာတဝန်းမှာ တရုတ်နိုင်ငံရဲ့ သြဇာ ဖြန့်ကြက်ဖို့ ကြိုးစားမှုတွေကို အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ပထဝီဝင် နိုင်ငံရေးအရ တခြားနိုင်ငံတွေ အားပြိုင်မှုမှာ မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက်နိုင်ငံဖြစ်နေပါတယ်။

အိမ်နီးချင်းတွေနဲ့ ထိတွေ့ဆက်ဆံရမှာက နိုင်ငံတိုင်း ကြုံနေရတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ တရုတ်ဟာ မြန်မာအပေါ် အသာစီးအနေအထားနဲ့ မြန်မာ အခက် - တရုတ်အချက်လို့ သဘောထားပြီး ပိုမိုထိတွေ့ ဆက်ဆံလာတာလည်း တွေ့ရပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေနဲ့ ဆက်နွယ်နေပြီး နိုင်ငံတကာရဲ့ ဖိအားတွေ များပြားလာနေတာကို မြန်မာအစိုးရ ရင်ဆိုင်နေရပေမယ့် ဒီအတွက် ထွက်ပေါက်ဟာ တရုတ်ကို ချဉ်းကပ်ခြင်း သက်သက်နဲ့ မရနိုင်ပါဘူး။

ယခင်ကတည်းက တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ အငြင်းပွားမှု အမြောက်အများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အထင်ရှားဆုံးသော ဥပမာကတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းပါ။ အခုထိတိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေကြား အငြင်းပွားမှု၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ပြေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။

မြန်မာပြည်သား အများစု သဘောမတူကြတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ဆိုင်းငံ့ထားခဲ့ပြီးတဲ့နောက် တရုတ်အစိုးရဘက်က နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေ၊ လူနည်းစု တိုင်းရင်းသားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ် အသီးသီးကို တရုတ်နိုင်ငံကို အလည်အပတ် ခရီးတွေ ဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။ အခုတလောမှာတော့ တရုတ်ဘက်က ပြောင်ပြောင်တင်းတင်းပဲ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်လိုကြောင်း လေသံပစ်လာပါတော့တယ်။

အစိုးရမဖြစ်ခင်တုန်းက ယခုလက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက အစိုးရဖွဲ့နိုင်ခဲ့ရင် မြစ်ဆုံစာချုပ်နဲ့ ပတ်သက်ပြီး ပြည်သူကို ချပြမယ်လို့ ဟောပြောခဲ့ပေမယ့် အခုထိတိုင် ချပြတာမျိုး မရှိသေးတာကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေနဲ့ မြစ်ဆုံစီမံကိန်းကို ခွင့်ပြုတော့မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် စေခဲ့တာပါ။

အိန္ဒိယ သမုဒ္ဒရာရဲ့ ထွက်ပေါက်လည်းဖြစ်၊ မဟာဗျူဟာ အရလည်း အင်မတန်အရေးပါတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း အတွက်လည်း မြန်မာနဲ့ တရုတ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးပါပြီ။ ဘယ်လို ဘယ်ပုံ သဘောတူညီချက်တွေ ပါဝင်တယ် ဆိုတာတော့ အခုထိ ပြည်သူတွေ ပြည့်ပြည့်စုံစုံ သိခွင့်မရသေးပါဘူး။

ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်အောက်က မြန်မာ-တရုတ် စီးပွားရေး  (China-Myanmar Economic Corridor – CMEC) အတွက် နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ကတည်းက ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး တရုတ်ဘက်က ဦးစားပေး အစီအစဉ် ၄ ချက် ထုတ်ပြန်ထားပါတယ်။

 (၁) နှစ်နိုင်ငံ ဖွံ့ဖြိုးရေးမူဝါဒနဲ့ စီမံကိန်းတွေ ချိတ်ဆက်ဖို့၊

(၂) ကျောက်ဖြူစက်မှုဇုန်၊ မူဆယ်-မန္တလေးရထားလမ်း စတဲ့ စီမံကိန်းတွေ ဦးစားပေးလုပ်ဆောင်ဖို့၊

(၃) လိုအပ်မယ့် စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး စီမံကိန်းတွေ ချိတ်ဆက်ဖို့၊

(၄) နှစ်နိုင်ငံက သုတေသန အဖွဲ့တွေ၊ ငွေကြေးအဖွဲ့တွေ၊ တရုတ်ကုန်သည်ကြီးများ အသင်းလို ကုန်သည်အသင်းတွေ ကနေ သတင်းအချက်အလက်ပေးဖို့၊ နောက်ထပ်ဖွံ့ဖြိုးရေး အစီအစဉ်ဖော်ထုတ်ဖို့. စသဖြင့် ဖြစ်ပါတယ်။

အဲဒီ အချက်တွေထဲက နံပါတ် (၃) ဦးစားပေးဖြစ်တဲ့ စွမ်းအင်လိုအပ်ချက်တွေ အတွက် တရုတ်ဘက်က မြစ်ဆုံရေကာတာ စီမံကိန်းကို အကောင်အထည် ဖော်ချင်နေတာ မှန်းဆနိုင်ပါတယ်။

ဒါအပြင် တရုတ်ဘက်က သကာလောင်းထားတဲ့ အကြောင်းပြချက်ဖြစ်တဲ့ စီမံကိန်းတွေ ဖော်ဆောင်မှုဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထောက်အကူ ပြုစေတယ် ဆိုတဲ့ အချက်ဟာ လက်တွေ့အခြေအနေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

သိပ်မကြာသေးမီ ကပဲ ဘေကျင်းမြို့မှာ ကျင်းပတဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ  ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉-၂၀၃၀)  ဆိုင်ရာ နားလည်မှု စာချွန်လွှာကို စီမံကိန်းနှင့် ဘဏ္ဍာရေး  ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ တရုတ်နိုင်ငံ အမျိုးသား ဖွံံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ H.E Mr. Zhang Yong တို့ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအစီအစဉ်ထဲမှာ ဘယ်လို စီမံကိန်းတွေ ပါဝင်တယ် ဆိုတာကို ပြည်သူတွေ အသေးစိတ် သိခွင့်မရသေး ပါဘူး။

ဒီနေရာမှာ သတိပြုရမှာက - တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ သက်ဆင်းခဲ့ရတဲ့ သီရိလင်္ကာ၊ အီကွေဒေါ၊ ကာဇက်ကစ္စတန် နိုင်ငံတွေရဲ့ အဖြစ်အပျက်တွေ ရှိနေတာကိုပါ။ တရုတ်ကနေ ငွေထုတ်ချေးပေး၊ စီမံကိန်းတွေ အကောင်အထည် ဖော်ရင်း လှုပ်လေ မြုပ်လေ ဖြစ်နေရတဲ့ နိုင်ငံတွေ များလာနေပြီး တရုတ်ရဲ့ ကြွေးမြီထောင်ချောက် နိုင်ငံရေးအမည်ပေးလာကြတာလည်း ဖြစ်ပါတယ်။

မြန်မာမှာလည်း တရုတ်နိုင်ငံကို ပြန်လည်ပေးဆပ်ရမယ့် အကြွေး ပမာဏဟာ NLD ဦးဆောင်တဲ့ လက်ရှိ အစိုးရ လက်ထက်အထိ တိုးတက်များပြားလာနေဆဲပါ။ ဒါကြောင့် အတိုးနှုန်းမြင့်မားတဲ့ တရုတ်   ချေးငွေကို သတိကြီးကြီး ထားပြီးမှ ယူဖို့၊ ပြန်ဆပ်နိုင်မယ့် နည်းလမ်းတွေ ရှာကြဖို့ အတွက်   လွှတ်တော်မှာ ဆွေးနွေးရတဲ့ အဆင့်ထိ ဖြစ်လာပါတယ်။

အစိုးရ အဆက်ဆက် ပြည်ပချေးငွေတွေရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ တရုတ်ကို ပြန်လည်ပေးဆပ်ရမယ့် ချေးငွေတွေပါ။ ဒါကြောင့် ကြွေးမြီ ဝန်ထုပ်ဝန်ပိုး  မဖြစ်စေဖို့ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာဆိုသလို တစ်ဖက်သတ် မဖြစ်စေဘဲ နှစ်ဦး နှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်နေပါတယ်။

တရုတ်ရဲ့ ပိုးလမ်းမ အစီအစဉ်အောက်မှာ ရှိတဲ့ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံဟာ မြန်မာရဲ့ ဘယ်ဒေသတွေနဲ့ အကျုံးဝင် သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပထမဆုံး အနေနဲ့ ဒီစီးပွားရေး စင်္ကြံဟာ ထိလွယ်ရှလွယ် အနေအထား ဖြစ်နေတဲ့  လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ လူမျိုးစု ဒေသတွေကို ဖြတ်သန်းသွားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် လူမျိုးစုတွေကြား ချစ်ကြည်ရေးကို ဦးတည်စေမှာလား၊ ပိုမိုကွဲလွဲသွားစေမှာလား ဆိုတာ မေးခွန်းကြီးကြီး ထုတ်စရာ ဖြစ်လာပါပြီ။

ပြီးတော့ ဒေသခံတွေ၊ လူမျိုးစုတိုင်းရင်းသားတွေရဲ့ သဘောတူညီမှု မပါဘဲ ဖော်ဆောင်ခဲ့ရင် ဖွံ့ဖြိုးရေးကို လက်နက်အဖြစ် သုံးလာမှာကို စိုးရိမ်စရာပါ။ လမ်း၊ တံတား၊ ဆိပ်ကမ်းလို အခြေခံအဆောက်အအုံတွေကို တရုတ်ပြည်ဘက် ချိတ်ဆက်ရေးဟာ လက်တွေ့မှာ လွယ်ကူနိုင်ပါ့မလား ဆိုတာလည်း စဉ်းစားစရာ ကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံဘက်က လမ်း၊ တံတားတွေ တည်ဆောက်ရေးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ဒေသခံတွေရဲ့ စီးပွားရေး လူမှုရေး ယဉ်ကျေးမှု အပါအဝင် အထွေထွေ ထိခိုက်မှုတွေ ရှိလာနိုင်လို့ပါ။ အဲဒီလို ရှိလာရင်တော့ ဆင်းရဲသူတွေက ဆင်းရဲမြဲ ဆင်းရဲနေပြီး လူချမ်းသာတွေကတော့ ပိုမို ချမ်းသာလာမှာပါ။

တရုတ်နဲ့ ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာအရ မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် စီမံကိန်း ၉ ခု ဖော်ဆောင်မှာကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုးရိမ် ပူပန်စရာ မလိုဘဲ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်တဲ့ခေတ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် - ဒီစီမံကိန်း ၉ ခုဟာ ဘယ်လို စီမံကိန်းတွေ ဖြစ်တယ်၊ ဘယ်လို သဘောတူညီချက်တွေ ပါဝင်တယ်၊ ဘယ်သူတွေ ဘယ်လို အကျိုးကျေးဇူးခံစားရနိုင်တယ်ဆိုတဲ့ အချက်တွေကိုတော့ ဒီနေ့ထိတိုင် ပြည်သူတွေ သိခွင့် မရသေးပါဘူး။ အဲဒီအပြင် တိုင်းရင်းသား ဒေသတွေမှာ ဒီစီမံကိန်း အပါအဝင် အခြားစီမံကိန်း အများအပြားနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အမှန်တွေ၊ ပြည့်စုံတဲ့ စီမံခန့်ခွဲမှု မူဘောင်တွေ သိရှိဖို့ အလှမ်းဝေးနေသလို  ဖြေရှင်းပေးရမယ့် မြေယာပြဿနာတွေ အလွန်များပြားစွာ ရှိနေပါသေးတယ်။  ပြည်သူတွေ နစ်နာမှု မရှိအောင် ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မူဘောင်လည်း မတွေ့ရ သေးပါ။

ဒီနေရာမှာ နှိုင်းချင့် စဉ်းစားသင့်တဲ့ အချက်တစ်ခုကို ပြောပြချင်ပါတယ်။ ပိုးလမ်းမ စီမံကိန်းအောက်က တရုတ်-လာအို ရထားလမ်း ဖောက်မယ့် စီမံကိန်းပါ။ အဲဒီမှာ လာအိုနိုင်ငံက ထည့်ဝင်ရမယ့် ငွေကြေးပမာဏဟာ ကနဦးမှာပဲ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်ဘက်ကတော့ ၁ ဒသမ ၆ ဘီလီယံ ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ် လို့ သိရပါတယ်။

အဲဒီမှာ အတိုးနှုန်းပမာဏကို လေ့လာကြည့်ရင် လာအိုအတွက်က လာအို ဂျီဒီပီရဲ့ တစ်ဝက်လောက် ရှိပါတယ်။ လတ်တလောမှာ ဒီ စီမံကိန်း အတွက် လာအိုမှာ အိမ်ထောင်စု ၄,၄၀၀ လောက် နေထိုင်ရာ ဒေသကနေ ရွှေ့ပြောင်း ပေးခဲ့ပြီးပါပြီ။

ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်လှလှအောက်မှာ ကျွန်မတို့ မြန်မာပြည်သူတွေ အထိမနာစေဖို့၊ ကျွန်မတို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့၊ နောက်ပြီး တရုတ်ရဲ့ အကြွေးထောင်ချောက်မှာ ကျွန်မတို့ မြန်မာပြည်သူတွေ မနစ်မွန်းစေဖို့အတွက် ကျွန်မတို့ လေးစားထောက်ခံရွေးချယ်ခဲ့တဲ့ ပြည်သူ့ အစိုးရ အနေနဲ့ အထူးသတိပြု ချင့်ချိန်စဉ်းစား ရပါလိမ့်မယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကနေ ဖော်ဆောင်မယ့် စီမံကိန်းတွေရဲ့  အကျိုးနဲ့ အပြစ်ကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီးမှ ဆက်လက် ဖော်ဆောင်တာကသာ နိုင်ငံနဲ့ ပြည်သူအတွက် အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည် ယူဆမိပါတယ်။      ။

(ရည်ညွှန်း - ဆရာမောင်မြင့်ဇော်၏ ခေတ်သစ် တရုတ်ပြည်နှင့် ပိုးလမ်းမဆိုင်ရာ မှတ်ချက်များစာအုပ်)

ပြင်ပဆောင်းပါးရှင် သွေး (စစ်ကိုင်း) သည် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ရေးသားသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading