ရခိုင်ဒေသတိုက်ပွဲများနှင့် အရပ်သားတို့ ထိခိုက်သေဆုံးမှု

လအတန်ကြာပြီဖြစ်သော ရခိုင်ဒေသ ပစ်ခတ်တိုက်ခိုက်မှုများက လူနေအိမ်ထဲအထိ ရောက်လာသည်။ အရပ်သားတို့ထိခိုက်မှုများအတွက် မည်သည့်အဖွဲ့ကမျှ တာဝန်မခံကြပေ။

Published on Apr 27, 2019

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုရှိ ၂၄ နှစ်အရွယ် မပေါက်စသည် နံနက်ပိုင်းလုပ်ငန်းခွင်မဝင်မီ သနပ်ခါးလိမ်းနေစဉ် သေနတ်သံများ ကြားလိုက်ရသည်။

အိမ်ထဲအထိ ရောက်လာသည့် ကျည်ဆံတချို့က ကွမ်းယာဆိုင်သွားရန် အလှပြင်နေသည့် မပေါက်စကို ထိမှန်ရာ  မပေါက်စလည်း ဦးခေါင်းနှင့်  ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရပြီး သတိလစ်သွားသည်။

အိမ်ထဲမှ သူနှင့် သက်တူရွယ်တူ လုပ်ဖော်ကိုင်ဘက် မစံပယ်မှာမူ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

ဤသို့ဖြင့် မတ် ၂၉ နံနက်စောစောပိုင်းတွင် မြောက်ဦးမြို့ မြောက်ဘက် ကိုးမိုင်ခန့် အကွာရှိ အောက်သားကန်ရွာမှာ တိုက်ပွဲနယ်မြေ ဖြစ်သွားခဲ့သည်။ ကျည်ဆံများက အခြား ရွာသား ၆ ဦးထက် မနည်းကို ထိမှန်ခဲ့ပြီး ၎င်းတို့အနက်မှ  ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားသည်။

တိုက်ပွဲများသည်  တပ်မတော်နှင့် AA အဖွဲ့ဟု ခေါ်ကြသော ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားနေခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အများအပြားတွင် ပေါ်ပေါက်နေသော ပစ်ခတ်မှုများတွင် အရပ်သားတို့ ဒဏ်ရာရ၊ သေဆုံးမှု များပြားလာသည်။

သို့သော်လည်း နေအိမ်အတွင်း ရောက်လာသော ကျည်ဆံများအတွက် မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့တွင် တာဝန်ရှိကြောင်း ပြောဆိုခြင်း မရှိသေးပေ။

ဖမ်းဆီးမှုများ

တိုက်ပွဲဖြစ်သည့်နံနက်က မပေါက်စတို့၏ ရွာအတွင်းသို့  တပ်မတော်သား  ၅၀ ထက် မနည်း ရောက်လာသည်။

ကလေးလူကြီးမကျန် ရွာသားအားလုံးနီးပါး ရွာလယ်လမ်းမကြီးတွင် မနက် ၆ နာရီမှ ၁၁ နာရီအထိ စုထိုင်နေရစဉ် စစ်သားတို့က နေအိမ်ထဲ ဝင်ရောက် ရှာဖွေကြသည်ဟု ရွာသား ဦးအောင်သန်းညွှန့်၊ ဦးဖိုးသားအောင်နှင့် အခြား ၃ ဦးက Myanmar Now ကို ပြောသည်။

ဒေသခံတို့ AA အဖွဲ့နှင့် ပတ်သက်မှုရှိမရှိ  စစ်ဆေးမေးမြန်းသည်ဟု ဆိုသည်။ စစ်သားများက မောင်ဖြူရှည် (အသက် ၄၅)၊ ဦးဘထွန်း(၆၂)၊ ဦးလှသိန်းမောင်(၅၀)၊ ဦးစိန်ထွန်း(၄၀)၊ ကိုနိုင် (၄၀) တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင်  မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်လိုက်သည်ဟု  ဒေသခံတချို့က ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ အမှုဖွင့်ထားကြောင်း အတည်ပြုသည်။ 

ရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းရခြင်းမှာ  AA အဖွဲ့ဝင်များက ရွာထိပ်မှနေ၍ ပစ်ခတ်တိုက်ခိုက်ပြီး ရွာအတွင်း ဝင်ရောက် ထွက်ပြေးခြင်းကြောင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရက္ခိုင့်တပ်မတော် AA အဖွဲ့၏ ပြောခွင့်ရ ခိုင်သုခကမူ ထိုနေ့က အောက်သားကန်ရွာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ငြင်းဆန်ထားသည်။ 

ထိုနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ရခိုင်မြောက်ပိုင်း တိုက်ပွဲများကြောင့် ၂၀၁၈ နိုဝင်ဘာလမှ အစပြုပြီး  အရပ်သားသေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၀ ထက်မနည်း ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ 

myanmar_now_1.jpg

၂၀၁၉ ဇန်နဝါရီလက တွေ့ရသော ရခိုင်ဒေသ စစ်ရှောင်စခန်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

တိုက်ပွဲများက ရပ်ကွက်ကျေးရွာအတွင်း ရောက်ရှိလာတတ်ရာ  ဒေသခံတို့သည် ရွာပြင်မထွက်၊ အိမ်ပြင်မထွက်ဘဲနေလျှင်ပင် လုံခြုံမှု မရှိတော့ပေ။

ဇန်နဝါရီ ၂၆ ရက်နေ့က  ရသေ့တောင်၊ သမီးလှကျေးရွာရှိ နေအိမ်တွင် ထမင်းစားနေသော ပထမတန်းကျောင်းသား မောင်နိုင်စိုး၏ ဦးခေါင်း ကျည်သင့်ခဲ့ရာ ၎င်းကို ကုသမှုပေးရန် ရန်ကုန်သို့ ခေါ်ဆောင်စဉ် လမ်းတွင် သေဆုံးသည်။

ဖေဖော်ဝါရီ ၂ဝ ရက်နေ့က  ရသေ့တောင်၊ မင်းဖူးရွာမှ ၁၈ နှစ်အရွယ် မရီရီစိုး နေအိမ်တွင် မိသားစုနှင့် ရှိနေစဉ် ဦးခေါင်းကျည်သင့်ပြီး ပွဲချင်းပြီး သေဆုံးသည်။

ဧပြီ ၃ ရက်နေ့  ဘူးသီးတောင်မြို့နယ် ပစ်ခတ်မှုများတွင်  ရေချမ်းပြင်၊ သပြုချောင်း၊ သင်းတောင် စသည့်  ရွာများမှ သေဆုံးသူ ၅ ဦးထက်မနည်း ရှိသည်ဟု သိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ကို ကိုးကားပြီး အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ပြောသည်။  

ရဟတ်ယာဉ်ပေါ်မှ ပစ်သည်ဟူသော  ဒေသခံတချို့၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး  ထိုသို့ ပစ်ခတ်ခြင်း ရှိမရှိ မသိရှိရသေးကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

တပ်မတော်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရအပြီး တုန့်ပြန် ပစ်ခတ်မှု ရှိခဲ့သည်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တိုက်ပွဲတို့ကြောင့်  စစ်ရှောင်ဦးရေလည်း ၂၆,၀၀၀ ကျော်လာပြီဟု အစိုးရက ဧပြီလဆန်းတွင် သတင်းထုတ်ပြန်ထားသည်။

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက  မြောက်ဦးတွင် စစ်ရှောင် ၆.၀၀၀ ဝန်းကျင်ရှိသည်ဟု ဧပြီလဆန်းပိုင်းတွင် ဆိုထားရာ မြောက်ဦးသည်  အခြားမြို့နယ်များထက် စစ်ဘေးဒုက္ခသည် ပိုများနေသည်။

ရခိုင်ဘုရင်အဆက်ဆက် ထီးနန်းစိုက်ခဲ့သည့် မြောက်ဦးသည် ယနေ့ခေတ်တွင် ခရီးသွားဒေသတစ်ခု ဖြစ်လာသည်။

သျှစ်သောင်းပုထိုးတော်ကြီး အခြား ဘာသာရေးဆိုင်ရာ အဆောက်အုံများစွာ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို လာမည့် နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကြိုးစားနေစဉ် တိုက်ပွဲများ ရောက်လာခြင်း ဖြစ်သည်။

ရပ်ကွက် ၇ ခု၊  ကျေးရွာပေါင်း ၂၆၀ နှင့် ဖွဲ့စည်းထားသည့် ဤမြို့တွင်  လူဦးရေ နှစ်သိန်းနီးပါး ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းပါ အချက်များအရ သိရသည်။

ရပ်ကွက်ထဲအထိ ပစ်ခတ်မှုများရှိလာသည့်နောက်တွင် မြောက်ဦးမြို့နယ်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်ကာ ယခင်လို စည်ကားမှုမျိုး မရှိတော့ကြောင်း  ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။

မြို့ကြီးတစ်ခုလုံးက သုသာန် တစပြင်လို ဖြစ်နေတယ်ဟု ဦးထွန်းသာစိန်က မှတ်ချက်ပေးသည်။

myanmar_now_2.jpg

၂၀၁၂ ခုနှစ်က တွေ့ရသော မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

မြောက်ဦးဒေသဘက်မှ လာသော သတင်းများသည်  တိုက်ပွဲ၊ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှု၊ မိုင်းပေါက်ကွဲမှု၊ ဒဏ်ရာရ သေဆုံးမှု၊ လုပ်ကြံသတ်ဖြတ်မှု စသည့် အကြောင်းအရာများ ပါဝင်နေသည်။ 

ဧပြီ ၂ တွင် ပြည်နယ်အစိုးရက တိုက်ပွဲနယ်မြေ   ၅ မြို့နယ်ကို ညမထွက်ရအမိန့် ထုတ်လိုက်သည်။ 

ထိုအမိန့် မထွက်မီ ရက်ပိုင်းအလိုတွင် ရန်ကုန် အမေရိကန် သံရုံးကလည်း  ၎င်းတို့နိုင်ငံသားများ တိုက်ပွဲဒေသသို့  ခရီးမသွားရန်  သတိပေးချက် ထုတ်ပြန်သည်။

စစ်ရှောင်ရခြင်း

သနပ်ခါးလိမ်းနေစဉ် ကျည်ဆံထိခဲ့သော မပေါက်စတို့၏ ရွာသည် မြောက်ဦးရှိ အခြားရွာ အများအပြားနည်းတူ လယ်ယာစိုက်ပျိုးရေးရွာဖြစ်ပြီး  အိမ်ထောင်စု ၂၂၀၊ လူဦးရေ ၁,၀၀၀ ခန့် ရှိသည်။ 

တိုက်ပွဲက ရွာသို့ ရောက်လာသဖြင့်  ရွာသားတို့က လုံခြုံမည်ဟုယူဆရာအရပ်များသို့ ထွက်ပြေးရသည်။ 

သပြေကန်ရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းဇံက ၎င်းတို့ထံတွင် စစ်ရှောင် ၃၀၀ ကျော် ရောက်ရှိနေကြောင်း အတည်ပြုသည်။

သပြေကန်တွင် ခိုလှုံနေသည့် မကြည်ကြည်ဌေးက ၎င်းတို့မိသားစု ထွက်မပြေးခင် ဗုံးခိုကျင်းအတွင်း ဝင်ပုန်းခဲ့ရသည်ဟု ဆိုသည်။ အိမ်ပြန်နိုင်မည့်အချိန်ကို မသိရသေးပေ။

ကျွန်မတို့က ခံထားရတာဆိုတော့ ကြောက်တယ်၊ လူကြီးတွေကအစ ကလေးတွေရော ဘယ်သူမှ အိမ်ကိုပြန်ဖို့ မပြောဘူးဟု ၎င်းက ဆိုသည်။

ပိုင်ဆိုင်မှုများအတွက် နောက်ဆံတင်းနေသူ အများအပြား ရှိကြောင်း အမျိုးသားတစ်ဦးက ပြောသည်။

တချို့တွေ ပိုက်ဆံတောင် မပါဘူး။ အခုမှ ပြန်ယူကြတယ်။ ကျွန်တော်က စပါးတင်း ၇၀၀ ကျော် ကျန်ခဲ့တယ်။ ရွာမှာဟု ၎င်းက ပြောပြသည်။ 

အောက်သားကန်ရွာ၌ ပစ်ခတ်မှုများပြီးဆုံးခဲ့သည်မှာ တစ်လကျော်သွားပြီဖြစ်သည်။

၎င်းတို့ ခိုလှုံနေရာ စစ်ရှောင်စခန်းများတွင် ရေမသန့်ခြင်း၊ ရာသီဥတု ပူခြင်း၊ ခြင်ကိုက်ခြင်း စသည့် ဒုက္ခများနှင့် ရင်ဆိုင်နေရစဉ်  မပေါက်စသည် ရန်ကုန်၊ မြောက်ဥက္ကလာပဆေးရုံသို့ ရောက်နေသည်။

ခေါင်းကို ခွဲစိတ်ရန် မပေါက်စ၏ ဆံပင်ကို ရိပ်ထားရသည်။ မြောက်ဦး၊ စစ်တွေဆေးရုံတို့တွင် ၆ ရက်ကြာ နေခဲ့ရသည့် မပေါက်စကို Myanmar Now က  မြောက်ဥက္ကလာပဆေးရုံတွင် သွားရောက် တွေ့ဆုံရာ ၎င်းသည် စကား ပြောရန်ပင် မနည်း ကြိုးစားနေရသည်ကို တွေ့ခဲ့ရသည်။ 

သူဝတ်ဆင်ထားသည့် နူးညံ့ပျော့ပြောင်းသည့် အဝတ်အစားများအောက်တွင် ဒဏ်ရာတချို့ ရှိနေသည်။  ဆေးရုံရောက်ပြီး နောက်နေ့တွင်ပင် ဦးခေါင်းကို  ခွဲစိတ်ကုသမှု ခံယူသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်စိုးက ခွဲစိတ်မှု အောင်မြင်သဖြင့် စိုးရိမ်စရာ မရှိကြောင်း Myanmar Now ကို ပြောသည်။

သူက ခေါင်းထဲမှာ အရိုးစတွေ ရှိတယ်။ ခေါင်းထဲမှာ တစ်ခု ခုနဲ့ ထိသွားလို့ အဲ့ဒီအရိုးစတွေ ဝင်သွားတာ ဖြစ်မယ်။ ဦးခေါင်းအရိုးစ ဝင်သွားတဲ့အတွက် အဲ့ဒီအရိုးစတွေကို ကျွန်တော်တို့က ထုတ်တာ။ ကျည်ဆံတွေ ဖောက်ထွင်းတယ်လို့ ပြောလို့ မရဘူး ။ ဖြစ်နိုင်ချေ ရှိတာတော့ မိုင်းစတို့ ဘာတို့။ ကျည်က မှန်ပြီးတော့ ကျောက်တို ကျောက်စတွေကပဲ မှန်သလား။ တိတိကျကျ မပြောနိုင်ဘူးဟု ၎င်းက ရှင်းပြသည်။

ပေါင်မှ ဒဏ်ရာတို့မှာလည်း ထိခိုက်လျှင် အန္တရာယ် ရှိနိုင်သည့် သွေးကြောများနှင့် လွတ်ကင်းသည်ဟု ဆိုသည်။

ဆေးရုံတွင် မပေါက်စ၏ မိဘနှစ်ပါးကိုလည်း တွေ့ခဲ့ရသည်။

မပေါက်စ၏ ခင်ပွန်း လွန်ခဲ့သည့် ၂ နှစ်က ကွယ်လွန်သွားကြောင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်သွားသည့်  မပေါက်စတွင် ၅ နှစ်အောက် ကလေးနှစ်ဦး ရှိကြောင်း ၎င်းတို့က ပြောသည်။

ယခင်က မပေါက်စသည် လမ်းဖောက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် လုပ်ကိုင်သော်လည်း တိုက်ပွဲတို့ကြောင့် ထိုလုပ်ငန်းများ ရှားပါးလာသည်။  အေးချမ်းနေသေးသည့် အောက်သားကန်ရွာသို့ သွားရောက် နေထိုင်ပြီး အလုပ်လုပ်ကိုင်စဉ် တိုက်ပွဲနှင့် တိုးခြင်းဖြစ်သည်ဟု ၎င်း၏မိခင် ဒေါ်ဦးခင်ကျော့က ရှင်းပြသည်။

ဒဏ်ရာများကို ရန်ကုန်တွင် လာရောက် ကုသသည့် ခရီးအတွက်  ပုဏ္ဏားကျွန်းမြို့နယ် အခြေစိုက် ပိုးရွှီပြင် လူမှုကယ်ဆယ်ရေး အသင်းက လေယာဉ်လက်မှတ်များနှင့် ကျပ် ငါးသိန်း ထောက်ပံ့သည်။

ရခိုင်ပြည်နယ်တွင် ကုသမှုခံယူသည့် ၆ ရက်အတွင်း ကူညီရန် တာဝန်ရှိသော အခြား ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် အဆက်အသွယ် မရခဲ့ကြောင်း မပေါက်စ၏ မိခင်က ဆိုသည်။

ကျည်ဆံများကြား ကြိုးစားရှင်သန်နေရသည့် ရခိုင်ဒေသ ပြည်သူများဘဝအတွက် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ဒေါ်ဦးခင်ကျော့က အပြစ်မတင်ပေ။

တစ်ခုမှ ဆန္ဒမရှိဘူး၊ မမျှော်လင့်ဘူး။ ပေါက်စမ (ဒဏ်ရာတွေ) ပြန်ကောင်းရင် အေးဆေးနေရမယ်ဟု ဒေါ်ဦးခင်ကျော့က ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည့် သမီးဖြစ်သူကို ကြည့်ပြီး ခပ်လေးလေး ပြောလိုက်လေသည်။

##

 

 

 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading