မန္တလေး၊ ပုသိမ်ကြီးရှိ တပ်နှင့်တောင်သူ ပိုင်ဆိုင်မှု ငြင်းခုန်နေရသည့် မြေပြဿနာ ပြေလည်ရေး ကူညီနေသည်ဟု အမတ်တစ်ဦးက ဆိုသည်
တပ်မတော်နှင့်တောင်သူ အငြင်းပွားနေသည့် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာ လယ်ယာမြေပြဿနာ အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်နိုင်သော ဌာနများသို့ လာမည့် ရက်ပိုင်းအတွင်း တင်ပြ တောင်းဆိုသွားမည်ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းဦးက ယနေ့ ပြောလိုက်သည်။
ဘီယာချက်စက်ရုံ တည်ဆောက်မည်ဟု သတင်းထွက်နေသော ထိုမြေနေရာနှင့် ပတ်သက်ပြီး အချက်အလက် စုဆောင်းနေသည့် လွှတ်တော်အမတ်က ဤကြိုးပမ်းချက်အတွက် အကောင်းဘက်မှ မျှော်လင့်နေသည်။

"သိမ်းဆည်းထားတဲ့ဌာနကနေ ပြန်လည် စွန့်လွှတ်နိုင်ရေး အတွက် လုံ့လထုတ်တဲ့ သဘောပါ၊ ဥပဒေနဲ့အညီ ဆောင်ရွက်ကြတာပါ၊ စိစစ်ပြီး ဆောင်ရွက်တာဖြစ်လို့ ဒီလို စာတင်တာနဲ့ ပတ်သက်ပြီး အဖြေတစ်ခု တုံ့ပြန်လာနိုင်ပါတယ်” ဟု အမတ် ဦးရဲမင်းဦးက ပြောသည်။
တောင်သူတို့၏ တင်ပြချက်များကို သုံးသပ်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်၊ ဌာနဆိုင်ရာများသို့ အကြောင်းကြား ကူညီပေးမည်ဟု ဆိုသည်။


အငြင်းပွားမြေ အကျယ်အဝန်းမှာ ၈၆.၄ ဧက ရှိကြောင်း၊ တပ်က ၁၉၉၃ တွင် သိမ်းပြီး ၂၀၀၄ အထိ ပြန်အငှားချခဲ့ကြောင်း တောင်သူတို့က ဆိုသည်။
အဆိုပါ အငြင်းပွားမြေသည် မန္တလေး တပ်မတော် စည်ပင်သာယာရေးအဖွဲ့မြေ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်ဟု The Fifth Wave News အွန်လိုင်းတွင် ဖော်ပြထားသည်။


"ဘီယာချက်စက်ရုံ ဆောက်လုပ်ရခြင်းသည် အဆိုပါ မြေနေရာအနီးတွင် စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တည်ရှိသည့် အတွက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် တပ်မတော်သားများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများလည်း အလုပ်အကိုင် ရရှိနိုင်ရန် အတွက် ဖြစ်ကြောင်း" အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ သိရသည်ဟု သတင်းတွင် ဖော်ပြထားသည်။
မန္တလေးမြို့ပြင်တွင် တည်ရှိသဖြင့် မဲကင်းကုန်းရွာ ဝန်းကျင်သည် မန္တလေး အိမ်ခြံမြေ ဈေးကွက်တွင် ရွေးချယ်စရာတစ်ခု ဖြစ်လာသည်။
ရွာအနီးတွင် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ယာ၊ အငှားအိမ်ရာစီမံကိန်းတို့လည်း တည်ရှိသည်ကို တွေ့ရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












