စမတ်ဖုန်းကြောင့် မြန်မာ့နိုင်ငံရေးတွင် ဆိုရှယ်မီဒီယာအသုံးများလာ

ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်တွင် တွေ့ရသော လွှတ်တော်အမတ်လောင်း ဘလော်ဂါနေဘုန်းလတ် (ဓာတ်ပုံ – Connor McDonald / Myanmar Now)
ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်တွင် တွေ့ရသော လွှတ်တော်အမတ်လောင်း ဘလော်ဂါနေဘုန်းလတ် (ဓာတ်ပုံ – Connor McDonald / Myanmar Now)

ရန်ကုန် – မြန်မာ့သမိုင်းဝင် နိုဝင်ဘာ ၈  ရွေးကောက်ပွဲနေ့တွင် မဲပေးသူတို့၏ မင်စွန်းထင်းနေသော လက်သန်းပုံများမှာ Facebook စာမျက်နှာပေါ်တွင် ပလူပျံလျက်ရှိသည်။  မဲပေးပြီးကြောင်း အမှတ်အသား “ခရမ်းရောင် လက်သန်းများ” သည် ညတွင်းချင်းပင် ဒီမိုကရေစီဂုဏ်သိက္ခာရင်ထိုးတစ်ခု ဖြစ်လာတော့သည်။

ဤဖြစ်ရပ်သည် နိုင်ငံတွင်း လျင်မြန်စွာ မြင့်တက်ပြောင်းလဲလာသော အင်တာနက်ဆက်သွယ်ရေး၊  အာဏာရှင်များကိုယ်တိုင် ဖော်ဆောင်သော ပြုပြင်ပြောင်းလဲရေးတို့  ပူးပေါင်းမိပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။

ပေါ်ပေါက်လာသော အွန်လိုင်းအခင်းအကျင်းသစ်တွင် နေရာယူလာကြသူတို့မှာ ရေပန်းစားလာသော  ဆိုရှယ်မီဒီယာ ခေါ် အင်တာနက်လူမှုကွန်ရက်ကို သြဇာအာဏာ ချဲ့ထွင်ရန် အသုံးပြုလာသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ ဖြစ်သည်။

မဲဆွယ်စည်းရုံးရာတွင် အိမ်တိုင်ရာရောက် ဟောပြောသည့်နည်းကို သုံးသကဲ့သို့  ဆိုရှယ်မီဒီယာ၊ စာပို့ဆက်သွယ်သည့် အက်ပ်များ (Apps) တို့မှတစ်ဆင့် မဲဆန္ဒရှင်တို့ထံ ချည်းကပ်သည့်နည်းကိုလည်း သုံးကြသည်။

အင်တာနက်လူမှုကွန်ရက် အမျိုးအစား အများအပြား ရှိသော်လည်း မြန်မာနိုင်ငံတွင် Facebookကို အသုံးအများဆုံး ဖြစ်နေသည်။ ရွေးကောက်ပွဲတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အပြတ်အသတ်နိုင်သွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ဆိုရှယ်မီဒီယာကို ပိုမို၍ ထိထိရောက်ရောက် အသုံးပြုခဲ့သည်။

 “ကျွန်တော့်ဆီကလူတွေရယ်၊ ကျွန်တော့်မဲဆန္ဒနယ်ကလူတွေရယ်ကို ဒီဆိုရှယ်မီဒီယာကပဲ ဆယ်သွယ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ Facebook စာမျက်နှာပေါ်မှာပဲ သူတို့တွေက အကြံပေးကြတယ်၊ မေးလာတာတွေကိုလည်း အဲဒီမှာပဲ ဖြေတယ်”  ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခြင်းခံရသော NLD မှ ဘလော်ဂါ နေဘုန်းလတ်က ဆိုပါသည်။

 “ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဒါကို ‘အသံတိတ်တော်လှန်ရေး’ လို့ နာမည်တပ်တယ်။ ကျွန်တော်တို့ဆီမှာ လက်နက်ကိုင်အုပ်စု မရှိပေမဲ့ ဒါက နိုင်ငံရေးသဘောအရ ကိုက်ညီတဲ့ တော်လှန်ရေးပါပဲ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း နေဘုန်းလတ်က ဆက်ပြောသည်။

မဲဆန္ဒရှင်အများအပြားသည်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ Facebook သို့ ရောက်ကြသည်။ ပရိသတ် တစ်သန်းထက်မနည်း ရှိနေသည့် ထိုစာမျက်နှာမှ ပို့စ်များကို ရွေးကောက်ပွဲမတိုင်ခင်က မကြာခဏပင် ထောင်သောင်းချီ၍ ပြန်လည် ဖြန့်ဝေကြသည်။  

ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်နွယ်နေသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရားဝင်  Facebook စာမျက်နှာတွင်လည်း ပရိသတ် လေးသိန်းနီးပါး ရှိပြီဖြစ်သည်။

နည်းပညာများနှင့်ပတ်သက်၍ အားပေးအထောက်အကူပြုနေသော ရန်ကုန်အခြေစိုက်  ‘ဖန်တီးရာ’အဖွဲ့မှ ပရိုဂရမ်မန်နေဂျာ ဦးမိုက်ကယ်က “ဆိုရှယ်မီဒီယာအသုံးပြုတဲ့ထဲမှာ NLD က  ပြည်ခိုင်ဖြိုးထက် ပိုပြီးသာတယ်။ တမင်လုပ်တာ မဟုတ်ပေမယ့် ပြည်ခိုင်ဖြိုးက လူမှုကွန်ရက်ကို အသုံးမှားခဲ့တယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို ဦးသိန်းစိန်၏ Facebook တွင် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများအကြောင်း ရိုက်ပြထားသော ရုပ်သံဖိုင်တစ်ခုကို တင်ထားသည်။ ထိုရုပ်သံ၏ ဆွဲစပ်ပုံဖေါ်နည်းကို ကြည့်ပါက အာရပ်နိုင်ငံများ ဒီမိုကရေစီလှုပ်ရှားမှု၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်မှုများနှင့် ပရမ်းပတာဖြစ်ခြင်းများ ပေါ်ပေါက်သော်လည်း ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံသည် ထိုသို့သော အဖြစ်အပျက်များကို ကာကွယ်နိုင်ခဲ့သည်ဟု ဆိုလိုကြောင်း လူအများက ကောက်ချက်ချပါသည်။

ထိုပို့စ်မှာအများ၏သရော်လှောင်ပြောင်မှုကို ခံရပြီး ပြည်ခိုင်ဖြိုးပါတီခေတ်ကို လက်လှမ်းမမီပုံကို ပြသနေသည်ဟုလည်း ဆိုကြသည်။

အွန်လိုင်း မဲဆန္ဒရှင်ပညာပေးမှု

လက်ရှိ မြန်မာနိုင်ငံ၏ဆယ်သွယ်ရေးအခြေအနေသည် လွန်ခဲ့သည် ၅နှစ်နှင့် ယှဉ်လျှင် ကမ္ဘာခြားသကဲ့သို့ပင်။ ထိုစဉ်က ဆင်းမ်ကတ်တန်ဘိုးမှာ အလွန်တရာပင် ဈေးခေါင်ခိုက်ကာ ဆိုရှယ်မီဒီယာသုံးဖို့ မဆိုနှင့် ဖုန်းကိုပင် လူအနည်းစုသာလျှင် ကိုင်နိုင်သည့် အချိန်ဖြစ်သည်။ စစ်အစိုးရ ချုပ်ကိုင်ထားသော ဆက်သွယ်ရေးကဏ္ဍသည်လည်း နိုင်ငံတကာပိတ်ဆို့မှုများ၏ အောက်တွင် တိုးတက်မလာခဲ့။ ဖုန်းသုံးနိုင်သူအရေအတွက်သည် ၂ဝ၁၂တွင် လူဦးရေ၏ ၇ ရာခိုင်နှုန်းသာ ရှိရာမှ  ၂ဝ၁၄ တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။  

လူမှုကွန်ရက်သုံးသူ အရေအတွက်လည်း အလျင်အမြန် မြင့်တက်လာခဲ့သည်။ ၂ဝ၁၄ မတ်လမှ ၂ဝ၁၅ မတ်လအထိ Facebook သုံးသူ ၂ဝ၄ ရာခိုင်နှုန်း မြင့်တက်လာကာ အရေအတွက် ၆ သန်း၊ ၇ သန်း နီးပါးပင် ရှိပြီဟု Facebook အချက်အလက်များက ဆိုသည်။

အမျိုးသမီးများ တည်ထောင်ထားသော ရန်ကုန်အခြေစိုက် နည်းပညာအဖွဲ့အသစ် Geek Girls ပါဝင်ကူညီသည့် အွန်လိုင်းပေါ်ရှိ “မဲပေးစို့” ကဲ့သို့သော လှုပ်ရှားမှုများသည် ကိုယ်စားလှယ်လောင်းများ၊ ပါတီများ၊ မဲပေးသည့်နည်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို မဲဆန္ဒရှင်တို့  အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် လွန်စွာ အထောက်အကူပြုခဲ့သည်။

သို့သော်လည်း တိုင်းရင်းသားနှင့် အခြားလူနည်းစုတို့၏ နိုင်ငံသားအခွင့်အရေး အပြည့်အစုံ မရမှုအပေါ် စိတ်ပျက်ခြင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် ကြန့်ကြာခြင်းတို့ကြောင့် မဲပေးသူဦးရေမှာ ယခင်ကထက် လျော့နည်းကာ ၆၉ ရာခိုင်နှုန်းသာ ရှိသည်။

မဲဆန္ဒရှင်တို့ကို ပညာပေးရန်အတွက် ဆိုရှယ်မီဒီယာက ကူညီသော်လည်း အင်တာနက် အကန့်အသတ်ရှိသည့် နယ်ဘက်တွင် သက်ရောက်မှု အကန့်အသတ်ရှိသည်ဟု ဖန်တီးရာအဖွဲ့မှ ဦးမိုက်ကယ်က ဆိုသည်။

“ဘယ်လို မဲပေးရမလဲ၊ ‘လွတ်လပ်ပြီး တရားမျှတ’တဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုမျိုးလဲ စတာတွေကို ပြောပြတဲ့ ကာတွန်းတွေ၊ ဗီဒီယိုတွေက ဆိုရှယ်မီဒီယာမှာ အများကြီး တွေ့ရပေမဲ့ တကယ်တော့ အင်တာနက်ရှိတဲ့အပေါ်မှာ မူတည်ပါတယ်” ဟု သူက ပြောသည်။

ဝေးလံခေါင်သီသောနယ်မြေများသည် မြို့ပြထက် ဆက်သွယ်ရေးခက်ခဲကာ ဘာသာစကားလည်း ကွာခြားပါသည်။

အင်တာနက်တွင်သာရှိသော်လည်း ပြင်ပကိုရိုက်ခတ်

ထိုသို့ကန့်သတ်ချက်များရှိသော်လည်း တိုင်းရင်းသားဒေသများမှ အင်တာနက်ကိုသုံးနိုင်သူတို့က  ဆိုရှယ်မီဒီယာသည် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးဝင်နိုင်ကြောင်း နားလည်ကာ ရွေးကောက်ပွဲတွင် အသုံးပြုလာကြသည်။

ကော်ပင်မခြောက်သေးသည့် ကြိုတင်မဲလက်မှတ် အထပ်ထပ်၏ ဓာတ်ပုံများက မဲရုံပိတ်၍ နာရီပိုင်းမကြာမီ  Facebook တွင် တက်လာပါသည်။ သပ်သပ်ရပ်ရပ် ထပ်ထားသော မဲလက်မှတ်များတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကို  ရွေးချယ် မဲပေးသည့် မင်ခြစ်အမှတ်အသား အားလုံးနီးပါး ချွတ်စွတ်တူနေသည်။

ထိုကဲ့သို့ဆင်တူသောပို့စ်များလည်း နောက်ရက်များတွင် တက်လာသည်။ ပို့စ်တစ်ခုတွင် ထိုသို့ ပုံမှန်မဟုတ်သော၊ သံသယရှိစရာဖြစ်ဖွယ် မဲပေးခြင်းများသည် မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီးတို့တွင် ပေါ်ပေါက်နေသည်ဟုဆိုကာ အထင်ကရ နိုင်ငံတကာသတင်းဌာနများကို အသိပေး နှိုးဆော်ထားပါသည်။

“နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ စောင့်ကြည့်သူတွေ လိုအပ်ပါတယ်။  သန့်ရှင်းပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကူညီပါ” ဟု ထိုပို့စ်တွင် ရေးထားသည်။ စစ်အစိုးရလက်ထက်တွင် ထိုကဲ့သို့ ပုံမှန်မဟုတ်သော ဖြစ်စဉ်များကို လူပုံအလယ် ပြောဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ပါ။ စွပ်စွဲသူများ အဖမ်းခံရမည်ဖြစ်သည်။

“အခုတော့ လူတိုင်းမှာ စမတ်ဖုန်းတွေရှိတယ်။ လူတိုင်းက ဓာတ်ပုံရိုက်နိုင်တယ်။ လူတိုင်းက သက်သေတွေကို ယူနိုင်တဲ့ စွမ်းရည်ရှိနေပြီ။  ပြောရမယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ နီးစပ်အောင် ခေါ်လာတာပဲ” ဟု ဦးမိုက်ကယ်က ဆိုသည်။

 ရွေးကောက်ပွဲမတိုင်ခင်က လက်ရှိအစိုးရကို ထောက်ခံသော ရှေးရိုးစွဲအဖွဲ့များကလည်း ဒီမိုကရေစီဝါဒနှင့် ဆန့်ကျင်သော ၎င်းတို့၏ အယူအဆများကို Facebook တွင် ဖြန့်ခဲ့သည်။

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ အထင်ကရ ရဟန်းတစ်ပါးဖြစ်သူ ဦးဝီရသူသည် Facebook သုံးပြီး အမုန်းစကား ပြန့်ပွားစေရန် ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံရသည်။

၂ဝ၁၄ တွင်   ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို မွတ်စလင်အမျိုးသား နှစ်ဦးက မတရားပြုကျင့်သည်ဆိုသော ကောလာဟလကို ရေးသားဖော်ပြအပြီး မန္တလေးတွင် ပဋိပက္ခဖြစ်ကာ လူ နှစ်ဦး သေဆုံးခဲ့ရသည်ကို ထောက်ပြပြီး ထိုသို့ စွပ်စွဲကြခြင်းဖြစ်သည်။

ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရဟု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုထားသော်လည်း ဦးဝီရသူသည် ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုတွင် သူ၏ Facebook ဓာတ်ပုံကို ဦးသိန်းစိန်ပုံသို့ ပြောင်းလိုက်သည်။ ပုံတွင် “သမ္မတကြီးနဲ့အတူ ရှိနေပါမယ်။ သမ္မတကြီးဟာ အားလုံးအတွက်ပါ” ဟူသော စာသားကို တွေ့ရသည်။

 အစွန်းရောက်ဝါဒီများလည်း ဆိုရှယ်မီဒီယာတွင် ဝင်ရောက်အမြတ်ထုတ်နိုင်သည့် အခြေအနေ ဖြစ်နေသော်လည်း အမှန်တကယ်တွင်မူ ထိုကဲ့သို့  ရလဒ် မထွက်ကြောင်း လွတ်လပ်စွာပြောရေးဆိုခွင့်ကို အားပေးသော နိုင်ငံတကာစာရေးဆရာများကွန်ရက် PEN American Centre ၏ အမှုဆောင်ဒါရိုက်တာ Suzanne Nossel က ဆိုသည်။

 “လူမှုကွန်ရက်သတ်သတ်ကြီးကပဲ ဘယ်သူ့ရဲ့နိုင်ငံရေးအရှိန်အဝါကိုမှ ပိုပြီး မကြီးစေနိုင်ပါဘူး။ အစွန်းရောက်အတွေးအခေါ်တွေ အွန်လိုင်းမှာ တက်လာပြီဆိုရင်  အလယ်အလတ် အသံတွေက ဒီလိုလူမျိုးခွဲခြားရေးဝါဒီတွေကို လက်မခံဘူးဆိုတာ ထပြောပေးဖို့ အင်မတန် အရေးကြီးပါတယ်” ဟု ဆိုသည်။

အမုန်းစကားများ တရားဝင် ပိတ်ပင်လိုက်ရေးကိုမူ သူက သဘောမတူပေ၊ အဘယ်ကြောင့်ဆိုသော် ထိုမှတဆင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုပါ  ကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း သူက ထောက်ပြသည်။

လူမှုကွန်ရက် မလွတ်လပ်သေး

ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း နေရာအများစု NLD နိုင်သွားသည်ဟု တရားဝင်အတည်ပြုသည့်နေ့မှာ ရွေးကောက်ပွဲအပြီး ၅ရက်မြောက်သော နိုဝင်ဘာ ၁၃ ရက်နေ့ ဖြစ်သည်။  ထိုနေ့တွင် ပတ်ထရစ်ခွန်ဂျာလီက အင်းစိန်ထောင်တွင်  ရှိနေသည်။  

ကချင်တိုင်းရင်းသားအရေးလှုပ်ရှားသူတစ်ဦးဖြစ်သော ဦးခွန်ဂျာလီသည် အောက်တိုဘာလတွင် ဒီဂျစ်တယ်နည်းအရ ပြောင်းလဲထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံပေါ် ဖိနပ်ဖြင့် နင်းထားသည့်ပုံကို သူ၏ Facebook တွင် တင်မိခြင်းကြောင့် ဆက်သွယ်ရေးဥပဒေအရ အရေးယူခံရကာ အာမခံလည်း ငြင်းပယ်ခံရသည်။  

 ဒီမိုကရေစီပုံစံအသွင် ပြောင်းလာသော်လည်း ဆိုရှယ်မီဒီယာသုံးသူများကို ဒုက္ခပေးနိုင်သော ဥပဒေများရှိသေးကြောင်း တက်ကြွလှုပ်ရှားသူများက သတိပေးသည်။  

အွန်လိုင်းတွင် လွတ်လပ်စွာရေးသားခွင့်သည်လည်း ရာဇဝတ်ပြစ်မှုမြောက်သော အသရေဖျက်မှု စွဲချက်ကဲ့သို့သော အကန့်အသတ်များ ရှိနေသည်။  

 “ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်းနစ်ဥပဒေတို့ကိုသာ ပြင်ဆင်ရမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅နှစ်တာအတွင်းမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သေသေချာချာ မတိုင်ပင်ဘဲ ခွင့်ပြု၊ အတည်ပြုလိုက်တဲ့ ဥပဒေတွေ အများကြီးပါ” ဟု ဦးခွန်ဂျာလီ၏ဇနီးလည်းဖြစ်၊ အမျိုးသမီး၊ အမျိုးသားရေးရာညီမျှမှုကွန်ရက်၏  ဒါရိုက်တာဖြစ်သူ ဒေါ်မေစပယ်ဖြူက ဆိုသည်။

 PEN American Centre မှ Suzanne Nossel ကလည်း မြန်မာပြည်မှ ရာဇဝတ်ပြစ်မှုမြောက်သော အသရေဖျက်မှု ဥပဒေများကို ဖျက်သိမ်းသင့်သည်ဟု ဆိုသည်။

“လူတွေဟာ အစိုးရကို၊ တပ်မတော်ကို၊ တခြားအဖွဲ့အစည်းတွေနဲ့ လူတစ်ဦးတစ်ယောက်စီကို လွတ်လပ်စွာ သဘောမတူခွင့်၊ ဝေဖန်ခွင့်၊  နောက်ဆုံး ပြောရရင် သရော်ပိုင်ခွင့် ရှိသင့်ပါတယ်” ဟု သူက ပြောသည်။

NLD လွှတ်တော်အမတ်လောင်း ဘလော်ဂါနေဘုန်းလတ်ကမူ ဆိုရှယ်မီဒီယာသုံးသူများသည် ဤဥပဒေများ မပြင်မချင်း သတိထားနေသင့်သည်ဟု ဆိုသည်။

 “ကျွန်တော်တို့ ဒီဥပဒေတွေကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပြင်ဖို့ ကြိုးစားခဲ့ပါတယ်။  အဲဒီတုန်းက မအောင်မြင်ခဲ့ပေမယ့် ဒီလာမယ့်အစိုးရ သက်တမ်းမှာတော့ လုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု ဘလော်ဂါနေဘုန်းလတ်က ပြောလိုက်သည်။     ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading