အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား

အင်္ဂါနေ့က ရန်ကုန်တွင် တွေ့ရသော ဒေါ်ခင်မမမျိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)
အင်္ဂါနေ့က ရန်ကုန်တွင် တွေ့ရသော ဒေါ်ခင်မမမျိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

မြန်မာ့အရေးစောင့်ကြည့်အကဲခတ်သူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မမမျိုးသည် လန်ဒန်တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်မြို့တွင် သူတည်ထောင်ထားသော မြန်မာ့နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာရေးဆိုင်ရာသိပ္ပံကို အာရှ၏ ထိပ်တန်းကျောင်းများတွင် ပါဝင်လာရေးအထိ ရည်ရွယ်ထားသူဖြစ်သည်။

မြန်မာပြည်အနှံ့မှာ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးသင်တန်းများ ပေးခဲ့သော ဒေါ်ခင်မမမျိုးသည် လတ်တလောတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း၊ မဲဆွယ်ခြင်း၊ အမျိုးသမီးများ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီတွင်ပါဝင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင်ပြုလုပ်လျက်ရှိသည်။

သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးခင်က တွေ့ဆုံစဉ် ဒေါ်ခင်မမမျိုးက အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးတွင် လူထုပါဝင်မှု၊ တပ်မတော်က ဝန်ကြီးဌာန ၃ ခုကို အမြဲတမ်း ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

မေး –  ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို အခုတလော မဲဆွယ်ပွဲတွေမှာ သိပ်မကြားရတော့တာ ဘာကြောင့်လို့ ထင်ပါသလဲ။         

ဖြေ – အခြေခံဥပဒေပြင်ဆင်ရေးတို့၊  ငြိမ်းချမ်းရေးတို့ ဆိုတာက ရေရှည်သွားရမယ့်ဖြစ်စဉ်ပေါ့။ ပါတီများရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နဲ့ ပတ်သက်တဲ့ Structure ကြီးတွေပေါ်မှာ အခြေတည်တာထက် “လိုအပ်ချက်”ပေါ် အခြေတည်ပြီးတော့ မဲဆွယ်စည်းရုံးကြတယ်လို့  မြင်ပါတယ်။ အဲဒီတော့ ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူထုရဲ့ လတ်တလောအဖြစ်အပျက်တွေ၊ လိုအပ်ချက်တွေပေါ်မှာ ပိုပြီးတော့ အာရုံစိုက်လာတယ်လို့ မြင်ပါတယ်။

မေး –  လူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကို အာရုံစိုက်လာပြီး လူထုရဲ့ နိုင်ငံရေး မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးကို ပါတီတွေက မဖြည့်ဆည်းပေးနိုင်တော့ဘူးလို့ ဆိုလိုချင်တာလား။

ဖြေ –  တချို့ပါတီတွေက စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို နံပတ်တစ်ပြောပြီးတော့မှ နိုင်ငံရေးအယူအဆကို နောက်မှပြောမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆက ပိုပြီးတော့ လွှမ်းမိုးလာတယ်လို့  ထင်ပါတယ်။ လူထုရဲ့ နိုင်ငံရေးရည်မှန်းချက်အပိုင်းကို ဂရုမစိုက်တာတော့ မဟုတ်ဘူးပေါ့။

မေး –   မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်က ပြောတယ်၊ မဲစာရင်းကြည့်သူ ၃၀ရာခိုင်နှုန်းပဲ ရှိတယ်တဲ့။  လူထုရဲ့ နိုင်ငံရေး အပေါ်စိတ်ဝင်စားမှု အခြေအနေကို ဘယ်လိုထင်ပါသလဲ။

ဖြေ –  ကျွန်မတို့ပြည်သူလူထုက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ကြပါတယ်။ လက်ရှိအခြေအနေအရတော့ တချို့ကလည်း စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ပျောက်ဆုံးနေတယ်။ လူထုက ရှေ့ထွက်လိုက်၊ ဦးဆောင်လိုက်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေ ပေါ်လာလိုက်၊ ပြီးတော့ အဲဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေကို စစ်အာဏာရှင်တွေက ပြန်ပြီးတော့ ချေမှုန်းလိုက်ပေါ့။ အဲဒီအပေါ်မှာ လူထုက ပြန်ပြီးတော့ လိုက်ကြည့်နေရတဲ့အနေအထားပေါ့၊ ဥပမာ ၁၉၈၈မှာ တတိုင်းပြည်လုံး တက်တက်ကြွကြွနဲ့ ပါကြတယ်၊ မဲပေးတဲ့အခါကျတော့လည်း တက်တက်ကြွကြွနဲ့ မဲပေးကြတယ်၊ အနိုင်ရတဲ့ပါတီကလည်း အစိုးရမဖြစ်ပြန်ဘူး၊ စစ်အာဏာရှင်တွေက အာဏာမလွှဲခဲ့ဘူး။ လူထုက အရင်လှုပ်ရှားတယ်။ ပြီးရင် နိုင်ငံရေးဦးဆောင်သူတွေ ပေါ်လာတယ်၊ လူထုထဲကပဲ ထွက်လာတယ်၊ အဲဒီနိုင်ငံရေးသမားတွေကို အစိုးရက ချေမှုန်းတယ်။ လူထုက   အဲဒီနိုင်ငံရေးသမားတွေ ပြန်ပြီးတော့ လွတ်မြောက်ရေးအတွက် လုပ်ကြရတယ်၊ ထွက်လာပြီဆိုရင် အရမ်းပျော်ကြ တယ်၊ (ထောင်ထဲ) ပြန်ဝင်သွားကြရပြီဆိုရင် အရမ်း စိုးရိမ်ကြတယ်။ ထွက်လာပြီးတဲ့အခါမှာလည်း ဒီအာဏာရှင်စနစ်ကြီးကို ပျောက်ဆုံးသွားအောင်လုပ်နိုင်လား ဆိုတော့လည်း မလုပ်နိုင်ဘူးပေါ့လေ။ အာဏာရှင်တွေရဲ့ အမြစ်တွယ်မှုကလည်း အရမ်းကိုများနေပြီးတော့ နိုင်ငံရေးသမားတွေအချင်းချင်း မညီညွတ်တာတွေ၊ တစ်ယောက်တစ်သံထွက်ကြတာတွေ၊ နိုင်ငံရေးလမ်းစဉ်တွေကို တစ်နေ့တစ်မျိုး ပြောကြတာတွေလည်း ပါတာပေါ့လေ။ အဲဒီလို လည်နေတဲ့အပိုင်းတွေမှာ ပန်းတိုင် ပျောက်နေကြတယ်။ လူထုကို နိုင်ငံရေးလမ်းစဉ်တစ်ခု တွဲခေါ်ပြီးတော့ ချပြမသွားနိုင်ဘူး။ ဒီတော့ လူထုက မျှော်လင့်ချက်နည်း လာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်မတို့ နိုင်ငံရေးသမားတွေက ပြန်ပြီးတော့ ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲကို ငါတို့လုပ်နိုင်တယ်ဆိုတဲ့ လူထုရဲ့  ယုံကြည်မှုပေါ့။ ငါတို့ပဲလုပ်ရမှာတော့ မဟုတ်ဘူးပေါ့။ အားလုံးအတူတကွ တွဲလုပ်ရမယ်ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီလမ်းစဉ်ကို ချပြနိုင်မယ်ဆိုရင်လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုက ပြန်ပြီးတော့ မြင့်တက်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသမားတော်တော်များများက အတိတ်တုန်းကဖြစ်စဉ်တွေကို ပြောကြတယ်။ ဒီဖြစ်စဉ်တွေက လူထုကလည်း သိပြီးသားပါ၊ ပါဝင်ပတ်သက်ပြီးသား။ နိုင်ငံရေးသမားထက် လူထုက ပိုပြီးတော့တောင် ထိခိုက်ခံစားခဲ့ရသေးတယ်။ ဥပမာ နိုင်ငံရေးသမားက ငြိမ်းချမ်းရေးကိစ္စကို ပြောနေတဲ့အချိန်မှာ လူထုက သေနတ်သံအောက်မှာ ဖြတ်သန်းနေရတာ။ ငြိမ်းချမ်းရေးလိုအပ်ပါတယ်လို့ လူထုကိုပြောရုံနဲ့ မပြီးဘူး။ ဘယ်နိုင်ငံမှာတော့ ဘာတွေဖြစ်နေပြီ၊ ဘယ်လိုဖြစ်သင့်တယ်၊  အဲဒီဘာဖြစ်သင့်တယ်ဆိုတဲ့နေရာကို ခုရောက်နေတဲ့နေရာကနေ ဘယ်လိုသွားမှာလဲ ဆိုတဲ့ လမ်းစဉ်ကို နိုင်ငံရေးသမားတော်တော်များများက ချပြဖို့အတွက် အားနည်းတာကို တွေ့ရပါတယ်။

မေး –  အတိုက်အခံက  ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် အခြေခံဥပဒေပြင်ဆင်ရေးအပေါ် သက်ရောက်မှု ရှိနိုင်မလား။

ဖြေ –  အစိုးရဖွဲ့နိုင်ခြင်းနဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းက ကျွန်မအမြင်မှာတော့ ဆက်စပ်မှု မရှိဘူးရှင့်။  အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလားဆိုတာ မေးစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ခု ဖွဲ့ပြီဆိုရင် ဝန်ကြီးဌာန သုံးမျိုးသုံးစားကို ဖွဲ့စည်းရပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေ၊  ဘဏ္ဍာငွေကြေးနဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊  ဝန်ဆောင်မှုဝန်ကြီးဌာနတွေပါ။ အဲဒီလို သုံးမျိုးသုံးစားရှိတဲ့အထဲမှာ (၂ဝဝ၈ အခြေခံဥပဒေအရ) အစိုးရအဖွဲ့တစ်ခုအနေနဲ့ ရရှိနိုင်တဲ့ အာဏာသည် ဝန်ဆောင်မှုဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေသည် အဲဒီအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုဘောင်ထဲမှာ လုံးလုံးမရှိပါဘူး။

မေး –  အာဏာရှိတဲ့ဝန်ကြီးဌာနတွေအကြောင်း ရှင်းပြပေးပါဦး။

ဖြေ –  ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးတို့ ဖြစ်ကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အရေးအကြီးဆုံး အဓိကဝန်ကြီးဌာနတွေပေါ့။ ဒါတွေကို လုံးဝစီမံခန့်ခွဲပိုင်ခွင့် အစိုးရအဖွဲ့ကို မပေးထားဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကလည်း ပြန်ပြီးတော့ကြည့်မယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။ ဒါသည် လည်း အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုထဲမှာ မပါသေးဘူး။ နောက်တစ်ခုက အစိုးရတစ်ရပ်ဖွဲ့နိုင်ခြင်းသည် လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း (အုပ်) စီးနိုင်မလား။ မဖြစ်နိုင်ဘူး။ စီးနိုင်ခဲ့ရင်တောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို ကျန်တဲ့ ၂၅ ရာခိုင်နှုန်း က တစ်စုံတရာ မဲမပေးဘဲနဲ့ ပြင်ဆင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

မေး –  အခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်နိုင်မလား။

ဖြေ –    အခြေခံဥပဒေကို လွှတ်တော်တွင်းနိုင်ငံရေးနဲ့ပဲ ပြင်ဖို့ကြိုးစားတယ် ဆိုတဲ့ လမ်းကြောင်းက မှားတာ မဟုတ်ရင်တောင်မှ တော်တော်လေးကို သံသရာရှည်မှာပါ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တွင်းနိုင်ငံရေးထဲမှာ ၇၅ ရာခိုင်နှုန်းအထက်က လက်ခံအောင် လုပ်ပေးရဦးမယ်၊ ပြီးတော့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ထောက်ခံရမယ်ဆိုပြီး ဒုတိယအဆင့် ဖြတ်သန်းရဦးမယ်။ လွှတ်တော်က အရင်ရအောင်ပြင်မယ်၊ စမယ်၊ ပြီးရင် လူထုရဲ့အားကို ယူရပါဦးမယ်။    ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading