ပါတီငယ်တွေနဲ့ အလှမ်းဝေးနေတဲ့ ရန်ကုန်မဲ ဆန္ဒရှင်များ

ရန်ကုန် - နိုဝင်ဘာ ရွေးကောက်ပွဲအတွက် သန်း ၃ဝ ကျော် ပြည်သူတွေ မဲရုံသွားဖို့ ရက်သတ္တ ၄ ပတ်သာ လိုတော့တဲ့အချိန်မှာ ရန်ကုန်မြို့ မဲဆန္ဒနယ် အများအပြားမှာ ဝင်ပြိုင်ကြမယ့် အမတ်လောင်းတွေဟာ အဓိက အခက်အခဲကြီးနှစ်ခုနဲ့  ကြုံတွေ့နေရပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားသူတွေ မဲပေးချင်လာအောင် ဆောင်ရွက်ရေး၊  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ ဝိုင်းဝန်းထောက်ခံနေသူတွေ ကိုယ့်ဘက် ပါလာကြအောင် စည်းရုံးရေးတို့ပဲ ဖြစ်ပါတယ်။    

မကြာသေးမီက ရန်ကုန်ရဲ့ မြို့နယ်သုံးခုအတွင်း တွေ့ဆုံမေးမြန်းခဲ့တဲ့  မဲဆန္ဒရှင် ၄၅ ယောက်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိတာ တွေ့ရပေမယ့် သူတို့ထဲက ထက်ဝက် ကျော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို မဲပေးကြမယ်လို့ ဆိုကြပါတယ်။ ကျန်လူတွေထဲမှာတော့ အများစုက မဲပေးခြင်းနဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးလို့ မှတ်ချက်ပေးပါတယ်။ လေးဦးကတော့ ကိုယ်စားလှယ်လောင်းတွေကို လေ့လာပြီးမှ မဲသွားပေးမယ်လို့ ပြောပါတယ်။

အားလုံးနီးပါးက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ NLD တို့ကိုသာ အကျွမ်းတဝင် ရှိကြပြီး ကျန်တဲ့ပါတီတွေကို မသိကြပါဘူး။ ဒါကတော့  တစ်သီးပုဂ္ဂလ အမတ်လောင်းများ၊ ပါတီငယ် ကိုယ်စားပြု အမတ်လောင်းများ အားလျော့စရာ အချက်ပါပဲ။

ပါတီကြီးဖြစ်တဲ့ NLD က အမတ်လောင်း ရွေးချယ်ရာမှာ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ လုပ်ဖော်ကိုင်ဘက် အများအပြားကို ပယ်ချခဲ့တဲ့အတွက် ပြီးခဲ့တဲ့လတွေအတွင်း ဒီမိုကရေစီ အင်အားစုတွေကြား အကြီးအကျယ် ဝေဖန်ခံရပါတယ်။ အခြားတစ်ဘက်မှာလည်း အမျိုးသားရေး ဝါဒီတွေရဲ့ လှုပ်ရှားမှု၊  ထိုးနှက်မှုတွေ ရှိနေပါတယ်။ လူဦးရေ ၇ ဒသမ ၃ သန်းရှိတဲ့ ရန်ကုန်မြို့မှာ NLD  အများစု အနိုင်ရမယ်ဆိုတဲ့ လူအများရဲ့ ခန့်မှန်းချက်ကို ဒီမြို့နယ်သုံးခုမှာ တွေ့ခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ ပြောကြားချက်က အတည်ပြုသလို ဖြစ်နေပါပြီ။ မြို့နယ်သုံးခုရဲ့  NLD အမတ်လောင်းများ စာရင်းထဲမှာ ဘလော်ဂါ နေဘုန်းလတ်၊ ဒေါ်ဖြူဖြူသင်း၊ ဒေါက်တာ မြတ်ဉာဏစိုး စတဲ့ ထင်ရှားသူတို့ရဲ့ နာမည်တွေကိုလည်း တွေ့ရမှာပါ။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ရောက်ရင် NLD  အမတ်လောင်းတွေကိုပဲ မဲထည့်ဖြစ်မယ် ဆိုသူတွေထဲမှာ  တခြား ရွေးချယ်စရာ ပါတီမရှိဘူးလို့ ပြောသူတချို့လည်း ရှိကြပါတယ်။

“ကိုယ့်မြို့နယ်မှာ ဘယ်သူတွေ ဝင်ပြိုင်တယ် ဆိုတာတော့ အတိအကျ မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပေးရမယ့် ပါတီကိုတော့ သိတယ်။ သူ့တံဆိပ်ကိုလည်း သိတယ်။ နှစ်ပေါင်းများစွာ နောက်ကျခဲ့တဲ့ တိုင်းပြည်ကို အပြောင်းအလဲ လုပ်ရမယ့်အချိန်ပဲ” လို့ သင်္ဃန်းကျွန်းမြို့နယ်က ကိုဇေယျာလင်းက ပြောပါတယ်။

“ပတ်ဝန်းကျင်မှာတော့ နိုင်ငံရေးကို သိပ်စိတ်မဝင်စားကြဘူးဗျ။ ကိုယ့်နီးစပ်ရာတွေကို လိုက်တော့ ပြောပြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိတိုင်းပြည်ကို အပြောင်းအလဲ လုပ်နိုင်တာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မို့လို့။ အဲဒီပါတီကို သိပ်ကြိုက်လား ဆိုရင်တော့ လက်ရှိအချိန်မှာ တခြား ရွေးချယ်စရာမှ မရှိတာ” လို့ သူက ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က အမည်မဖော်လိုတဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်ကလည်း အလားတူပါပဲ။

“အခု ချိန်မှာတော့ အားလုံးက ဒေါ်စု၊ ဒေါ်စုလို့ အော်နေပေမဲ့ (သူဦးဆောင်တဲ့အခါ) သူ့အောက်က လူတွေက မကောင်းရင် ဘယ်လိုလုပ်မလဲ။ လက်ရှိအစိုးရ ဦးသိန်းစိန်ကိုကြိုက်တယ်။ ဒါပေမဲ့ သူအောက်ကလူတွေ မမှန်ဘူး၊ သူ့လိုမဟုတ်ဘူး။ ဒီနှစ်ခုကို ယှဉ်ကြည့်တဲ့ သဘောပါ။ ဒေါ်စုကို ကြိုက်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ထုံးစံအတိုင်း NLD  ကိုပဲ ထည့်ရမှာပေါ့” လို့  သူက ပြောပါတယ်။

သင်္ဃန်းကျွန်းက အနှေးယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုရန်နောင်စိုးက နိုင်ငံရေးကို စိတ်မဝင်စား၊ သူ့နာမည် မဲစာရင်းထဲမှာ မပါရင်လည်း ဘယ်လိုမှ မခံစားရဘူးလို့ ဆိုပါတယ်။

"ကိုယ့် စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာ။  ဘယ် ပါတီတက်တက် ကိုယ့်အလုပ် ကိုယ်လုပ်နေရဖို့က အရေးကြီးတာပဲ" လို့ ကိုရန်နောင်စိုးက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးရမယ့်သူတွေဟာ စိတ်အားထက်သန်မှု နည်းပါး လာတဲ့အကြောင်း ယုံကြည် ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်း လှုပ်ရှားမှုအဖွဲ့က  စက်တင်ဘာ ၂၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

ပါတီတွေ ကျော်ဖြတ်ရမယ့်  တောင်ကုန်းမြင့်မြင့်

ရန်ကုန်မြို့ရဲ့  မြောက်ဘက်အစွန်က  ဆင်းရဲနွမ်းပါးသူ အများအပြား နေထိုင်ကြတဲ့၊ စက်မှုဇုန် ရှိတဲ့ လှိုင်သာယာမှာ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၅၂ ဦး ရွေးကောက်ပွဲ ဝင်ပါမယ်။ ဒီ အရေအတွက်အရ ဆိုရင် လှိုင်သာယာဟာ မြန်မာပြည်မှာ ကိုယ်စားလှယ်လောင်း အများဆုံး မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။ ဒီနေရာဟာ မဲစာရင်းမှားယွင်းမှု အများဆုံးရှိနေတဲ့မြို့ တွေထဲက တစ်မြို့လည်း ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမှာတော့ လွှတ်တော် အမျိုးမျိုးအတွက် ဝင်ပြိုင်မယ့်အမတ်လောင်း ၂၈ ဦး ရှိပြီး၊ မင်္ဂလာတောင်ညွန့်မှာ ၁၉ ဦး ရှိပါတယ်။ လူဦးရေ သိပ်သည်းမှု ထူထပ်တဲ့ ဒီနယ်မြေနှစ်ခုဟာ တခြား နယ်မြေတွေနဲ့ မတူတဲ့ အချက်တစ်ခုကတော့ မူဆလင် မဲဆန္ဒရှင် အတော်များများကို တွေ့နိုင်ခြင်းပါပဲ။    

၂ဝ၁ဝ ရွေးကောက်ပွဲမှာ လှိုင်သာယာနဲ့ မင်္ဂလာတောင်ညွန့်မှာ ပြည်ခိုင်ဖြိုး နိုင်ပါတယ်။ NLD က ခွဲထွက်လာတဲ့ NDF ပါတီခေါ် အမျိုးသား ဒီမိုကရက်တစ်အင်အားစုက သင်္ဃန်းကျွန်းမြို့နယ်မှာ နိုင်ပါတယ်။ ဒါဟာ အင်အားနည်း၊ လူသိနည်းတဲ့ ပါတီတွေ ရန်ကုန်မှာ အနိုင်ရဖို့ ခက်ခဲတယ် ဆိုတာကို မီးမောင်းထိုးပြနေခြင်းပါပဲ။  တကယ်ဆိုရင် ဒီမြို့နယ်တွေဟာ မြန်မာပြည်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပိုပြီးသိမြင်နှံ့စပ်၊ သတင်းအချက်အလက် ရယူမှု ပိုအဆင်ပြေတဲ့ ဒေသတွေထဲ ပါဝင်နေတာပါ။ 

ဒီသုံးမြို့နယ်အတွင်း တွေ့ဆုံ မေးမြန်းဖြစ်တဲ့သူတွေထဲမှာ NLD ကို မထောက်ခံသူ တချို့လည်း ပါပါတယ်။ သို့သော်လည်း ဘယ်ပါတီကို ထောက်ခံပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောတဲ့သူ မရှိသလောက်ပါပဲ။ သင်္ဃန်းကျွန်းမှာ ကွမ်းယာ ရောင်းသူတစ်ဦးဖြစ်တဲ့ မောင်မြင့်က ဒီရှားပါးတဲ့ သူတွေထဲက တစ်ယောက်ပါ။

“ကျွန်တော်ကတော့ အရမ်းနာမည်ကြီးနေတဲ့ ပါတီနှစ်ခုလုံးကို မဲမပေးဘူး၊ မကြိုက်လို့။ တစ်ခုကလည်း နာမည်ကြီး၊  လူအများ ကြိုက်တယ်ဆိုပေမယ့် လက်တွေ့ဘာမှ မမြင်ရတော့ အား မပေးချင်ဘူး။ နောက်တစ်ခုကလည်း ဖိနှိပ်လွန်းအားကြီးတဲ့သူတွေ စုဖွဲ့ထားတဲ့ ဟာမို့လို့ မကြိုက်ဘူး” လို့ မောင်မြင့်က ပြောပါတယ်။

 “ကိုယ့်လက်ထဲကို ကိုယ်စားလှယ် နှစ်ယောက်ရဲ့ လက်ကမ်း ကြော်ငြာလေးပဲ ရသေးတယ်။ ကျန်တဲ့သူတွေ ဘယ်သူမှ မဲလာဆွယ်သေးတာ မဟုတ်ဘူး။ ကိုယ့်မြို့နယ်မှာ ဘယ်သူတွေ၊  ဘယ်ပါတီတွေ ဝင်ပြိုင်ကြမယ်ဆိုတာလည်း အတိအကျ မသိသေးဘူး”

ဘဏ္ဍာရေး အခက်အခဲရှိတဲ့ အတွက်ကြောင့် မဲဆွယ်တာတွေကို ရွေးကောက်ပွဲရက်နီးမှ လုပ်ဖြစ်မယ်လို့ စီစဉ်ထားတဲ့ ပါတီတစ်ခုကတော့ ကမန် အမျိုးသားပါတီ ဖြစ်ပါတယ်။

 “ကျွန်တော်တို့ပါတီကို မေ့သွားမှာစိုးလို့ ရွေးကောက်ပွဲနီးမှ စည်းရုံရေး လုပ်တာပါ။   ပါတီကြီးတွေကတော့ လူလည်းရှိတယ်၊ ငွေလည်းရှိတယ်ဆိုတော့ လုပ်ချင်တာ လုပ်လို့ရတယ်။ အဲဒီပါတီတွေ နည်းနည်းငြိမ်မယ့် အချိန်မှာ ကိုယ့်ပါတီက စည်းရုံးရေးထလုပ်မယ်” လို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ လှတိုးက ပြောပါတယ်။ သူကိုယ်တိုင်လည်း မင်္ဂလာတောင်ညွန့်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ  ဝင်ပြိုင်ပါမယ်။

ပတ်ဝန်းကျင်ကြောင့် NLD ကို ထောက်ခံလာသူများ

NLD ကို အကြွင်းမဲ့ ယုံကြည်ထောက်ခံသူတွေ ရှိသလို၊ ပါတီအကြောင်း မသိပေမယ့် ကိုယ့် ဝန်းကျင်မှာ ရှိသူတွေနည်းတူ လိုက်ပါထောက်ခံ သူတွေလည်း ရှိပါတယ်။

 “အိမ်ကဘွဲ့ရပြီးသား အစ်ကိုဝမ်းကွဲကလည်း NLD အကြောင်း ပြောတယ်။  ကိုယ့်နား ပတ်ဝန်းကျင်ကလည်း NLD ပဲ ပြောနေကြတော့ ကိုယ်လည်း NLD ပဲ ထည့်ဖို့ဆန္ဒရှိပါတယ်။ အမြဲတမ်း ကြားနေကျဆိုတော့ စိတ်စွဲနေသလို ဖြစ်နေတာပါ” လို့ မင်္ဂလာတောင်ညွန့်မှာ မုန့့်ရောင်းတဲ့ အသက် ၅ဝ အရွယ် ဒေါ်သန်းသန်းဆွေက ရှင်းပြပါတယ်။

“ကလေး ဘဝကတည်းက ဗိုလ်ချုပ်အကြောင်းကို ကြားဖူးနေတာ၊ သူ့သမီးဆိုတော့ စိတ်ဝင်စား တာလည်း ပါတာပေါ့။ NLD ထည့်လို့ကိုယ်အတွက် ဘာပြောင်းလဲ သွားမလဲ ဆိုတာတော့ မသိပါဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေပါ။ ဘာမှလည်း မမျှော်လင့်ပါဘူး”

ဒီသုံးမြို့နယ်အတွင်း မေးမြန်းကြည့်တဲ့အခါ မဲရုံထဲ မဲပေးပုံအဆင့်ဆင့် အကြောင်း  နားမလည် သေးသူ အများအပြားရှိတာ တွေ့ရပါတယ်။  ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ အကန့်အသတ် ရှိသူတွေထဲမှာ လှိုင်သာယာက မကြည်ကြည်စန်းလည်း ပါဝင်ပါတယ်။

 “အရင်တစ်ခါက မဲထည့်ဖူးတယ်။ မဲထည့်ပုံ ထည့်နည်းတွေတော့ မသိသေးဘူး။ ဘာတွေ ပြောင်းလဲမယ် ဆိုတာတော့ မပြောတတ်ဘူး။ ဘာတစ်ခုမှ မသိပါဘူး။ ကိုယ်ကတော့ ခွပ်ဒေါင်းအလံ တွေ့ရင် ရင်ခုန်ပြီး ပီတီဖြစ်နေတာပဲ” လို့ ဈေးသည် တစ်ဦးဖြစ်တဲ့ မကြည်ကြည်စန်းက ပြောပါတယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading