မြန်မာပြည်တွင် မဲတစ်ပြားစီ၏ တန်ဖိုး မတူကြပါ

“မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း”သည် ဒီမိုကရေစီ၏ အဓိက၊အနှစ်သာရဖြစ်သော လူတစ်ဦး၊ မဲတစ်ပြားဆိုသည် ကို ဖောက်ဖျက်ရုံမျှမက မဲလိမ်လည်မှု၊ ခြိမ်းခြောက်မှုများအတွက်လည်း စိုးရိမ်ရသည်။

Published on Nov 6, 2015

ရန်ကုန် - သမိုင်းတွင်မည့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် မဲပေးကြသည့် သန်းပေါင်းများစွာသော မဲဆန္ဒ ရှင်များထဲမှ လူအများအပြားသည် နှစ်ပေါင်းများစွာ ချုံးချုံးကျနေသော၊  အာဏာရှင်လက်အောက်တွင် ဆယ်စု နှစ် ၅ စု အနှိပ်စက်ခံခဲ့ရသော မြန်မာနိုင်ငံသည် သူတို့၏ မဲများကြောင့်  မျှတသော၊  လွတ်လပ်သော နိုင်ငံသို့ ပြောင်းလဲသွားမည် ဟုမျှော်လင့်အားထားလျက် ရှိပါသည်။

မဲဆန္ဒရှင် ၃၃ ဒသမ ၅ သန်းနီးပါးသည် ပြည်သူ့လွှတ်တော်အမတ် ၃၂၅ ဦးကို ရွေးချယ် တင်မြှောက် ကြမည် ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၏ ထူးခြားသော အပြုအမူ တစ်ခုကြောင့် မဲပြားများ၏ တန်ဖိုးနှင့် ထိရောက်မှုမှာ တစ်ပြားနှင့်တစ်ပြား မတူပါ။ လူဦးရေ အနည်းဆုံးရှိသော မဲဆန္ဒနယ်မှ မဲများသည် လူဦးရေအများဆုံးရှိသော မဲဆန္ဒနယ်မှ မဲများထက် အဆရာပေါင်းများစွာ သြဇာလွှမ်းပါသည်။

ဤသည်မှာ  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များသည် လူဦးရေအနည်းအများပေါ်တွင် အခြေခံခြင်း မဟုတ်ဘဲ မြို့နယ်များတွင် အခြေခံသည့် အတွက်ကြောင့် ဖြစ်သည်။ မြို့နယ်များတွင် လူဦးရေ ခြားနားခြင်း အများအပြား ရှိနေပါသည်။

“ရွေးကောက်ပွဲ တစ်ခုတည်းမှာပဲ မဲဆန္ဒနယ်တစ်ခုမှာလူ ၅ သိန်းနီးပါးရှိပြီး နောက်မဲဆန္ဒနယ် တစ်ခုမှာ တော့ ၅,ဝဝဝ ပဲရှိတာမျိုးဟာ အတော်ရှားပါတယ်။  ဒါဟာ ပြည်သူတွေအတွက်တော့ တရားမမျှတတာပါဘဲ” ဟု အမည်မဖော်လိုသော ရွေးကောက်ပွဲ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက ဆိုပါသည်။

ဤသို့ မဲဆန္ဒနယ်များတွင် လူဦးရေ အလွန်တရာကွဲပြား ခြားနားခြင်းကို မဲလ်အပေါ်းရှင်းမန့် သို့မဟုတ် “မဲဆန္ဒရှင် ပျံ့နှံ့မှုမညီမျှခြင်း” ဟု နိုင်ငံရေး သိပ္ပံပညာရှင်များက ခေါ်ဆိုပါသည်။ “မဲဆန္ဒရှင်ပျံ့နှံ့မှု မညီမျှခြင်း” သည် ဒီမိုကရေစီ၏ အဓိက၊  အနှစ်သာရဖြစ်သော လူတစ်ဦး၊ မဲတစ်ပြားဆိုသည်ကို ဖောက်ဖျက်ရုံမျှမက ရွေးကောက်ပွဲစနစ်၏ အများယုံကြည် လက်ခံနိုင်မှုကို မေးစရာဖြစ်စေသည်။

မဲထောင်ချီရ၍ လွှတ်တော်အ တွင်း ရောက်လာသော အမတ်နှင့် မဲသိန်းချီ၍ ရကာ ရောက်လာသောအမတ်၏ အများထောက်ခံမှုအရ ရရှိ သော လုပ်ပိုင်ခွင့်၊  အာဏာကိုလည်း မေးခွန်း ထုတ်စရာဖြစ် သည်။ ပို၍စိတ်ပူစရာ ကောင်းသည်က လူဦးရေ နည်းသော မဲဆန္ဒနယ်များသည် မဲလိမ်လည်မှု၊  ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက် ခြယ်လှယ်မှုများ ဖြစ်နိုင်သည့် အခြေအနေများ ပေါ်ပေါက် လာနိုင်ပါ သည်။

“မဲပေးသူ အရေအတွက်များတဲ့ နေရာထက် မဲပေးသူအရေအတွက် နည်းတဲ့ နေရာမှာ နိုင်ဖို့ဆိုတာ ပိုလွယ်ပါတယ်။ တခြားတနည်းနဲ့ ပြောရမယ်ဆိုရင်တော့ မဲဆွယ်တဲ့အခါမှာ ကုန်ကျစရိတ် ဒါမှမဟုတ် တွေ့တဲ့ အခက်အခဲဆိုတာဟာ (မဲဆန္ဒနယ်ရဲ့) အရွယ်အပေါ်မှာလည်း တစ်မျိုးတစ်ဖုံ တည်နေတယ်လေ” ဟု မြန်မာနိုင်ငံရေးကို နှစ်ရှည်လများ လေ့လာနေသော နိုင်ငံရေး ဆန်းစစ်သူ ရစ်ချပ်ဟောစီက ဆိုပါသည်။

“မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း” သည် ရွေးကောက်ပွဲများ၏ ရလဒ်ကိုလည်း ပြောင်းလဲသွားစေနိုင်ပါ သည်။ ၂ဝ၁၃ မလေးရှား ရွေးကောက်ပွဲတွင် အာဏာရပါတီ ဘာရီစန်နယ်ရှင်နယ်သည် လူထုတစ်ရပ် လုံး၏ မဲကို ရှုံးခဲ့သော်လည်း “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း” ကြောင့် ပါလီမန်နေရာ ၆ဝ ရာခိုင်နှုန်းနီးပါးကို ရခဲ့သည်ဟု ပညာရှင်များက ဆိုပါသည်။

ယခုအချိန်တွင်ပင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လူကြိုက်များသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့်  ယှဉ်ပြိုင်ရာတွင် ဤသို့သော ရွေးကောက်ပွဲစနစ်၏ မညီမျှမှုကို မည်သို့ အမြတ်ထုတ်မည်နည်းဟူသော မေးခွန်းများ ပေါ်ထွက်နေပါသည်။ အာဏာရပါတီ၏ အထင်ကရ ဝန်ကြီးများဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် ခန့်ထားသော ဦးစိုးသိန်း၊ ဦးအောင်မင်းတို့သည် ကယားပြည်နယ်တွင် အမျိုးသားလွှတ်တော်အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိင်ကြမည် ဖြစ်သည်။

ကယားပြည်နယ်သည် မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှဆုံးသော နေရာများတွင် ပါဝင်ကာ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့၏ မဲဆန္ဒနယ်များသည် မြန်မာတစ်နိုင်ငံလုံးရှိ အသေးငယ်ဆုံးသော မဲဆန္ဒနယ်များ လည်း ဖြစ်ပါသည်။ (တစ်သီးပုဂ္ဂလ အမတ်လောင်းများဆိုင်ရာ အချက်အလက်ကို ကြည့်ပါ) ရိုက်တာ သတင်းဌာန၏ စက်တင်ဘာလ သတင်းတစ်ပုဒ်တွင် ဦးစိုးသိန်းသည် သူ၏ သေးငယ်သော ဘောလခဲ မဲဆန္ဒနယ်တွင် ဒေါ်လာသောင်းချီသော စီမံကိန်းများကို ငွေကြေးထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။ ထောက်ပံ့မှုများထဲ တွင် ဂြိုဟ်တုစလောင်း၊ ရေပေးဝေခြင်း၊  ဘောလုံးပြိုင်ပွဲတို့လည်း ပါဝင်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် မဲပေးသူ ဒုတိယအနည်းဆုံး မဲဆန္ဒနယ်ဖြစ်သော ကိုးကိုးကျွန်းတွင်လည်း ယခင် ရေတပ်အကြီးအကဲ ဦးသက်ဆွေက အာဏာရပါတီအတွက် ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဘယ်လောက်တောင်ဆိုးသလဲ

“မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း”ကို တိုင်းရာတွင် များသောအားဖြင့် မဲပေးသူအများဆုံး မဲဆန္ဒနယ်နှင့် မဲပေးသူအနည်းဆုံး မဲဆန္ဒနယ်၏ အချိုးအစားကို ရှာပါသည်။ မြန်မာနိုင်ငံ၏ “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း” သည် ဤတိုင်းတာချက်အရ ဆိုလျှင် ၃၉၇:၁ ရှိနေသည်။ Myanmar Now က ဤသို့တိုင်းတာရာတွင် သန်းခေါင်စာရင်းကို မှီငြမ်းပါသည်။ သန်းခေါင်စာရင်းသာလျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံးကို လွှမ်းခြုံနိုင်ပြီး ထပ်မံ၍ စိစစ် ခွဲဝေနိုင်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲပေးသူအများဆုံး မဲဆန္ဒနယ် ၅ နေရာနှင့် မဲပေးသူ အနည်းဆုံး မဲဆန္ဒနယ် ၅ နေရာကိုသာ ထုတ်ဖော်ပြောဆိုကာ တစ်နိုင်ငံလုံး၏ မဲဆန္ဒနယ် အချက်အလက်များ ကို ကန့်သတ်ချက်များ ရှိသည်ဆိုကာ ပေးရန် ငြင်းဆိုခဲ့ပါသည်။ ကော်မရှင်၏ အချက်အလက်များ အရဆို လျှင် “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း” အချိုးအစားက ၃၇ဝ:၁ ရှိနေသည်။ ဤအချိုး နှစ်ခုစလုံးသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ယှဉ်ပါက အလွန်မြင့်မားနေသည်ဟု Myanmar Now က ဆက်သွယ်ခဲ့သော ရွေးကောက် ပွဲ ပညာရှင်များက ဆိုပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများ အရဆိုလျှင် မဲဆန္ဒနယ်များတွင် မဲပေးသူလူဦးရေ သည် တစ်နေရာနှင့်တစ်နေရာ အနီးစပ်ဆုံး တူညီသင့်သည်ဟု သူတို့က ဆိုပါသည်။

“ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ ရေးဆွဲရာတွင် မဲပေးသူနှင့် အရွေးခံရမည့် ကိုယ်စားလှယ် အချိုးအစားသည် အရပ်ဒေသတိုင်းတွင် အတူတူ ဖြစ်အောင်ထားခြင်းဖြင့် တူညီစွာ မဲပေးပိုင်ခွင့်ကို ထိန်းသိမ်း ရပါမည်” ဟု ဥရောပနိုင်ငံများ၏ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း(အိုအက်စ်စီအီး) က ဆိုထား ပါသည်။ ဥပမာအားဖြင့်ဆိုလျှင် မက်ဆီဒိုးနီးယားနိုင်ငံတွင် “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း” ဒီဂရီသည် ၃ ရာခိုင် နှုန်းထက် ကျော်လွန်ပါက ရွေးကောက်ပွဲ နယ်နမိတ်ကို ပြန်လည်ရေးဆွဲရပါသည်ဟု အေ့စ် ရွေးကောက် ပွဲဆိုင်ရာ အသိပညာကွန်ယက် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဂျာမနီ၊ ချက် သမ္မတနိုင်ငံတို့ တွင်တော့ သတ်မှတ်ထားသော “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း”များမှာ ၁၅ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းစီ ဖြစ်သည်။

ဤနိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ၏ စနစ်သည် မျှတမှုမရှိ၊ ဝင်ရောက်စွက်ဖက် ခြယ်လှယ်မှုများ ဖြစ်လာနိုင်သော်လည်း ပြောင်းလဲမည့်ပုံ မမြင်သေးပါ။ မြို့နယ်များကို အခြေခံ၍ မဲဆန္ဒနယ်များ ရေးဆွဲမှုမှာ ယခင်စစ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ၂ဝဝ၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။  တပ်မတော်အတွက် အလွန်တရာ အရေးကြီးသည့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းမှာ လာမည့်နှစ် အနည်းငယ်အတွင်း ဖြစ်လာဦးမည် မဟုတ်ပါ။ ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည့် စစ်သား အရာရှိများသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရှိပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန်အတွက် လက်တွေ့ အားဖြင့် သူတို့တွင် ဗီတိုအာဏာ ရှိပါသည်။

ယခင်အစိုးရသည် ဤစနစ်ကို ရွေးချယ်ခဲ့ခြင်းမှာ သန်းခေါင်စာရင်း အချက်အလက်လည်း မရှိ၊  အရွယ်ညီမျှသော မဲဆန္ဒနယ်များ ရေးဆွဲခြင်းသည် အလွန်တရာ ရှုပ်ထွေးနိုင်သောကြောင့် ဖြစ်နိုင်သည်ဟု ရစ်ချပ်ဟောစီက ဆိုပါသည်။ “လွယ်ကူသက်သာအောင် လုပ်လိုက်တာလို့ ထင်ပါတယ်။ အုပ်ချုပ်ရေး ယူနစ် မှာပဲ ထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်လို့ ထင်ပါတယ်” ဟု သူက ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးစိုင်းကျော်သူကို ဆက်သွယ် မေးမြန်းရာစနစ်သည် ကွာဟခြားနားချက်များ ရှိသော်လည်း ပြောင်းလဲရန်ဟူသည်မှာ ၎င်းတို့၏ တာဝန်မဟုတ်ဟု ပြောပါသည်။ “မတရားဘူးဆိုတာ ဟုတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ရဲ့ မဲဆန္ဒနယ်တွေဟာ လူဦးရေအပေါ်မှာ အခြေမခံဘဲ မြို့နယ်ပေါ်မှာ အခြေခံလို့ပါ။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပြောင်းလဲနိုင်ရင် တော့ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြောင်းမှာပါ” ဟု သူက ဆိုပါသည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကလည်း ဤ “မဲဆန္ဒရှင် ပျံ့နှံံမှု မညီမျှခြင်း” ကို စိုးရိမ်သော် လည်း မဲစာရင်းမှားခြင်း၊ ကြိုတင်မဲပေးခြင်းများကို လတ်တလော ကိုင်တွယ်ရမည့် ကိစ္စများအဖြစ် အာရုံစိုက် နေရကြောင်း ပြောသည်။ “အခု လောလောဆယ် အခြေအနေက မမျှတဘူးဆိုတာ သိတယ်။ ဒါပေမယ့် မြို့နယ်တွေအပေါ်မှာ မူတည်နေတော့ ပြောလို့မရဘူး” ဟု ဆိုသည်။

လူဦးရေကွာခြားမှု အများအပြား

မြန်မာနိုင်ငံ၏လူဦးရေ ၅၁ ဒသမ ၄၈၆ သန်းအရဆိုလျှင် မြို့နယ်တစ်ခု၏ ပျမ်းမျှလူဦးရေသည် ၁၅၆,ဝဝဝ မျှ ရှိပါသည်။ သို့ရာတွင် ကချင်ပြည်နယ်မှ အင်ဂျန်းယန်မြို့နယ်တွင်  ၁,၇၃၂ ဦးသာ ရှိပြီး ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် ၆၈၇,၈၆၇ ဦး ရှိနေသည်။ သန်းခေါင်စာရင်းကို Myanmar Now က လေ့လာကြည့် ရာ မြို့နယ်အများအပြား ၈၂ မြို့ သို့မဟုတ် မဲဆန္ဒနယ်အားလုံး၏၂၅ ရာခိုင်နှုန်းတွင် လူဦးရေ ၇၈,ဝဝဝ နှင့် အောက် ရှိသည်။ လူဦးရေ ၃၁၂,ဝဝဝ နှင့်အထက် ရှိသောမြို့နယ်ပေါင်း ၂၁ မြို့နယ် ရှိပါသည်။

ဇယား၁ ။ သန်းခေါင်စာရင်းအရ လူဦးရေအလိုက် မြို့နယ်များ စီထားခြင်း

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် မဲဆန္ဒရှင်အရေအတွက် မည်မျှကို ကိုယ်စားပြုသနည်းဟု တွက်ချက်ကြည့်ရာ ကွာဟမှုများ၊ မညီမျှသော ကိုယ်စားပြုမှုများပို၍ သိသာသွားသည်။ ကိုယ်စားပြုမှု အရေအတွက်ကို ကြည့်လျှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်သည် ကယားပြည် နယ်တွင် လူပေါင်း ၂၄,ဝဝဝ ကို ကိုယ်စားပြုနေပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၁၅၅,ဝဝဝ အထိ ကိုယ်စားပြု နေသည်။

ဇယား ၂ ။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်၏ ကိုယ်စားပြုသူ လူဦးရေ

တိုင်းရင်းသား ကိုယ်စားလှယ်ပြုမှုနှင့် “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း”

“မဲဆန္ဒရှင် ပျံ့နှံံမှု မညီမျှခြင်း”သည် ရွေးကောက်ပွဲ လုပ်နည်းအရ ကောင်းမွန်ခြင်း မရှိသော်လည်း လိမ်လည်မှု မဟုတ်ဘဲ အမြဲတမ်းလည်း ဆိုးကျိုး မသက်ရောက်ပါဟုယူဆသည့် ပညာရှင်များလည်း ရှိသည်။ တကမ္ဘာလုံးတွင် တွေ့မြင်နေရသည့်အပြင် မြန်မာနိုင်ငံကဲ့သို့ လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြဋ္ဌာန်းမှု ပုံစံ စနစ် ရှိသော နိုင်ငံများတွင် ပိုပြီး တွေ့ရပါသည်။ ဤသည်မှာ နိုင်ငံရေးအရ အာဏာလျော့ နည်းသော ပြည်နယ်များ ကို အသားပေးရန် လုပ်ထားခြင်း ဖြစ်ပါသည်။

ဤစနစ်ကို ထောက်ခံသူများက မညီမျှခြင်း များပြားသော နိုင်ငံတို့တွင် ချမ်းသာကြွယ်ဝမှုများကို ပြန်လည် ပေးဝေခြင်းများ ဖြစ်လာစေရန် အားပေးမှုပြုသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံမှ သေးငယ်သော မဲဆန္ဒနယ် အများစုမှာ တိုင်းရင်းသား ဒေသများတွင် ရှိနေသည်။ သို့သော်လည်း အကုန်လုံး မဟုတ်ပေ။ (အောက်မှ မြေပုံကို ကြည့်ပါ) လူဦးရေ ၅ဝ,ဝဝဝ မပြည့်သော မဲဆန္ဒနယ် ၄၄ နယ်တွင် ၁ဝ မြို့နယ်သည် စီပွားရေး အချက်အချာကျသော ရန်ကုန်မှ ဖြစ်ပါသည်။

“မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်ကို ကြည့်မယ်ဆိုရင် “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း”ကို တမင် ထည့်သွင်းထားတာ တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တစ်ခုစီဟာ သူတို့ဆီမှာ လူဦးရေ ဘယ်လောက်ပဲရှိရှိ ကိုယ်စားလှယ်လောင်း အရေအတွက်က အတူတူပဲ။ ဒါဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက် ချထားတာပါ။ မြန်မာနိုင်ငံလိုမျိုး တိုင်းရင်းသား၊ လူမျိုးစုံတဲ့ နိုင်ငံတစ် နိုင်ငံမှာ ဒါဟာ အားလုံးကို တန်းတူညီတူ ကိုယ်စားပြုမှုကို ပေးတာပါ။ အမေရိကားက အထက်လွှတ်တော် ဆီးနိပ်လိုပဲပေါ့”ဟု ရီချပ် ဟောစီက ပြောသည်။

ယခုအခြေအနေကို ပြောင်းရန် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ်များကို လူဦးရေ တူညီအောင် လုပ်ပေးပါက အခြားပြဿနာများ ပေါ်ပေါက်လာနိုင်သည်ဟု သူကဆိုသည်။ ဥပမာအားဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ ကိုယ်စားပြုမှုကို လျော့ကျသွားစေပြီး မဲဆန္ဒနယ်ကို မသမာသော ရည်ရွယ်ချက်ဖြင့် ရေးဆွဲသတ်မှတ်မှုများ ဖြစ်လာ နိုင်သည်ဟု ပြောသည်။

ထို့အပြင် ရှုပ်ထွေးမှုရှိပြီး နှစ်ရှည်လများ ကြာသွားနိုင်သည်။ ပြည်သူအများစုက မြို့နယ်အုပ်ချုပ်ရေး စနစ်ကို ကျင့်သားရနေပြီ ဖြစ်သည်ဟု သူက ဆိုသည်။ အချို့ကမူ မြန်မာနိုင်ငံ၏ ယခုလက်ရှိ “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း”သည် အလွန်တရာ ဆိုးဝါးလွန်း၍ တစ်ခုခုတော့ လုပ်သင့်သည်ဟုဆိုသည်။ “လူတွေရဲ့မဲတွေ တချို့နေရာတွေမှာ အရမ်းကို အားပျော့သွားစေတာဟာ၊ တချို့နေရာတွေမှာ အဆ ၃ဝ လျော့ပြီး ကိုယ်စားပြု ခံရတယ် ဒါမှမဟုတ် အဆ ၅ဝဝ ပိုပြီး ကိုယ်စားပြုခံရတယ်ဆိုတာဟာ တကယ်တော့ အခြေခံတရားမျှတမှုနဲ့ ဆိုင်ပါတယ်” ဟု အမည်မဖော်လိုသော ရွေးကောက်ပွဲပညာရှင်က ဆိုပါသည်။

“ဒီ “မဲဆန္ဒရှင် ပျံ့နှံ့မှု မညီမျှခြင်း” ဆိုတာဟာ ရွေးကောက်ပွဲပြီးတဲ့ အချိန်အတွက် အလွန်ကြီးကျယ် သော မေးခွန်းပါပဲ။ အဲဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမဲ့ ကိစ္စနဲ့ ယှက်နွယ်နေပြီး ရွေးကောက်ပွဲ ပြန့်၍ ပုံသွင်းခြင်း၊ ဗဟိုချုပ်ကိုင်မှုကို လျော့ချခြင်းနဲ့ ဖက်ဒရယ်လဇ်ဇမ်ဆိုတဲ့ ပြည်ထောင်စု ဝါဒတွေနဲ့လည်း ဆိုင်ပါတယ်။ ဒါတွေဟာ မေးခွန်းအကြီးကြီးတွေပါ” ဟု ပြောသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading