ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားတဲ့ နိုင်ငံရေးပါတီများ

ရန်ကုန် - အလင်းရောင်သိပ်မရှိတဲ့ အခန်းထဲက ခုံတစ်လုံးမှာ ထိုင်ရင်း စာရွက်စာတမ်းတွေဖတ်၊ ခုံဘေးမှာလည်း မဲဆွယ် လက်ကမ်းစာစောင်ထုပ်တွေ ဝန်းရံနေတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အသက် ၈၃ နှစ်အရွယ် ဥက္ကဋ္ဌ ဦးသုဝေကနဖူးက ချွေးတချို့ကို သုတ်လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူတို့ပါတီက ကိုယ်စားလှယ်လောင်း ၄၉ ဦး ရှိပေမယ့် မဲဆွယ် စရိတ် မစီစဉ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဘူးလို့ သူက ဆိုပါတယ်။

“ကိုယ့်လူတွေကို လက်ကမ်းစာစောင် လေးလောက်ပဲ လုပ်ပေးနိုင်တာ။ ကိုယ်စားလှယ်လောင်း စရိတ်ကအစ အောင်နိုင်ရေး အသုံးစရိတ် အားလုံး ကို သူတို့ဘာသာသူတို့ စိုက်သုံးရမှာ” လို့ ဦးသုဝေက ရှင်းပြပါတယ်။ 

ရွေးကောက်ပွဲဝင် ပါတီ ၉ဝ ကျော်မှာ ငွေလှိုင်လှိုင်သုံးနိုင်တဲ့ ပါတီက ၂ ခုထက် ပိုပုံမရပါဘူး။ ပါတီ ခေါင်းဆောင်များကို ဆက်သွယ်မေးမြန်းရာမှာ ဘဏ္ဍာရေး အခက်အခဲ ရှိတဲ့ကြားကနေ လှုပ်ရှား ရုန်းကန်နေ ကြရတယ်လို့ ပြောကြပါတယ်။ 

သူဌေးပါတီနဲ့ ဆင်းရဲသားပါတီ

စီးပွားရေး ခေတ်နောက်ကျနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေကို အခြေခံထားတဲ့ တိုင်းရင်းသား ပါတီ တွေက ဘဏ္ဍာရေး ပိုမို အခက်အခဲ ဖြစ်လိမ့်မယ်လို့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ယူဆပါတယ်။ “ကျွန်တော်တို့ တိုင်းရင်းသားတွေက ခရိုနီတို့ ဘာတို့နဲ့ နီးစပ်တာမျိုး မရှိဘူးလေ။ နီးစပ်မှ အထောက်အကူရတာ” လို့ ဦးစိုင်းလှကျော်က ဆိုပါတယ်။

ပါတီတချို့ဟာ သူပုန်တွေဆီက ငွေကြေးအထောက်အပံ့ ရနေတယ်ဆိုတဲ့ ပြောဆိုချက်မျိုးကိုတော့ သူက ငြင်းပယ်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများဟာ ပြည်သူတွေဆီက ဆက်ကြေးတောင်းပြီး ရပ်တည်နေကြတယ်၊ ရွေးကောက်ပွဲ ဥပဒေအရလည်း အဲဒီလိုငွေမျိုး လက်ခံခွင့်မရှိ၊ သူပုန်အဖွဲ့တွေဆီက ရတာဆိုလို့ စိတ်ဓာတ်ရေးရာ အကူညီတွေပဲ ဖြစ်မယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်ရဲ့ အချမ်းသာဆုံး ပါတီဖြစ်တဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ရဲ့ အမတ်လောင်းအရေအတွက် တစ်ထောင်ကျော်ရှိပြီး သူတို့ကို ကျပ်သိန်း ၃ဝ စီထောက်ပံ့ ပေးတယ်လို့ ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရေးမှူး ဦးအောင်မြတ်ဇော်က ပြောပြတယ်။ ဒီပမာဏဟာ ပါတီဌာနချုပ် ဘဏ္ဍာရေး ဌာနဒုဌာနမှူး ဒေါ်ဌေးဌေးနွယ် ရန်ကုန်အခြေစိုက် သံတော်ဆင့်ဂျာနယ်ကို မဲဆွယ်ကာလမတိုင်ခင် ပြောပြချက်နဲ့ တူတူပါပဲ။ ပြည်ခိုင်ဖြိုးပါတီဟာ အမတ်လောင်း အားလုံးအတွက် ကျပ် သန်းသုံးထောင်ထက်မနည်း သုံးပေမယ့် မြို့နယ်ပါတီဌာနခွဲတွေ အတွက် ဘယ်လောက် သုံးစွဲတယ် ဆိုတာ ကိုတော့ မသိရသေးပါဘူး။

မဲဆွယ်ရာမှာ အမတ်လောင်းတစ်ဦးကို ကျပ်သိန်း ၁ဝဝ အထိပဲ သုံးနိုင်တယ်ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်အတိုင်း အပြည့်အဝ သုံးစွဲသွားမယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးပါတီ ရဲ့ရွေးကောက်ပွဲ အသုံးစရိတ်ဟာ ကျပ်သန်းပေါင်း တစ်သောင်း ကျော်ပါလိမ့်မယ်။

ပြည်ခိုင်ဖြိုးလိုပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အမတ်လောင်း အရေအတွက်ကလည်း တစ်ထောင်ကျော်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်က NLD ရဲ့ အမတ်လောင်း တစ်ယောက်ဖြစ်တဲ့ ဦးရွှေလှဝင်း က သူတို့မြို့နယ်မှာ အမတ်လောင်းတွေ တစ်ယောက် ဆယ်သိန်းစီ ထည့်ဝင်ကြတယ်၊ မြို့နယ်ပါတီရုံးခွဲက လည်း ငွေသိန်းနှစ်ဆယ်ကျော် အလှူခံရရှိထားတယ်လို့ ပြောပြပါတယ်။ ရန်ပုံငွေကို ပါတီဌာနချုပ်က မထောက်ပံ့နိုင်ဘူးလို့ ဆိုပါတယ်။

မကြာသေးခင် လပိုင်းအတွင်း ပေါ်ပေါက်လာတဲ့ အမျိုးသားတိုးတက်ရေး ပါတီက ဒီနှစ် ရွေးကောက်ပွဲ မှာ အမတ်လောင်းအရေအတွက် တတိယအများဆုံး ပါတီ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအရာ ရှိဟောင်း ဒေါက်တာနေဇင်လတ် ထူထောင်ထားတဲ့ဒီပါတီကို  နိုင်ငံရေးလေ့လာသူတွေ စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။  ဒီပါတီကြီးရဲ့ ကုန်ကျစရိတ်အတွက် ငွေကြေးထောက်ပံ့ မှုတွေက ဘယ်ကလာပါသ လဲ။ မဲဆွယ်ကုန်ကျစရိတ်တွေ ဘယ်ကရပါသလဲ။ ဒေါက်တာ နေဇင်လတ်ကတော့ အမတ်လောင်းတွေ အိတ်စိုက် သုံးကြတယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေကလည်း ကိုယ်ပိုင်စီးပွား ရေး လုပ်ငန်းတွေ လုပ်ကြတဲ့သူတွေဆိုတော့ သူတို့ငွေကို သူတို့သုံးနိုင်ကြတာကြောင့် ပါတီဗဟိုကနေ ထောက်ပံ့ပေးတာမျိုး မရှိပါဘူး” လို့ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

ပြည်ပအဖွဲ့တွေ ကူညီကြသလား

အလယ်အလတ်စား ပါတီတွေထဲမှာ ထင်ရှားတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF) ကလည်း ဘဏ္ဍာရေး အခက်အခဲရှိတယ်ဆိုတဲ့ ပါတီများထဲမှာ ပါပါတယ်။၂ဝ၁ဝ ရွေးကောက်ပွဲ ကာလတုန်း ကတော့ NDF ခေါင်းဆောင်တွေကြား လူသိရှင်ကြား အငြင်းပွားမှု ဖြစ်ပေါ်ရာကနေ သူတို့ပါတီဟာ တခြား အဖွဲ့အစည်း တစ်ခုကနေ ထောက်ပံ့ငွေ ရယူတယ်ဆိုတဲ့အချက် ပေါ်ပေါက်လာ ပါတယ်။ ထောက်ပံ့ငွေ ပမာဏကိုတော့ မသိရပါဘူး။

အဲဒီလိုပဲ အခုချိန်မှာလည်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း၊ စီးပွားရေး လုပ်ငန်းရှင်တချို့က ငွေကြေး ထောက်ပံ့ပေးနေတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။ နေပြည်တော် အစိုးရပိုင်းနဲ့ ထိတွေ့မှုရှိတဲ့ ပြည်ပ ရောက် လုပ်ငန်းရှင်တစ်ဦးရဲ့ ငွေကြေးထောက်ပံ့ လိုကြောင်း ကမ်းလှမ်းမှုမျိုးကိုလည်း ရရှိခဲ့ဖူးတယ်လို့ ကျားဖြူပါတီမှ ဦးစိုင်းလှကျော်က ပြောပြတယ်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသောင်းဝင်းက အဖွဲ့အစည်းတချို့ကလည်း ပါတီတချို့ကို နောက်ကွယ်က ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ အသံတွေကို ကြားမိတယ်၊ သူတို့က လစဉ်လိုလို ပုံမှန် ပါတီဝင်တချို့နဲ့ အစည်းအဝေး၊ တွေ့ဆုံပွဲတွေ ပြုလုပ်လေ့ရှိပြီးတော့ အဲဒီလူတွေကနေတဆင့် ငွေကြေးစီး ဆင်းမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဘယ်အဖွဲ့အစည်းဆိုတာတော့ ကျွန်တော် မပြောလိုဘူး။ ဒါပေမယ့် လက်ရှိအစိုးရနဲ့ အနီးစပ်ဆုံးဖြစ် ပြီး အစိုးရကိစ္စတွေကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့ပဲ”လို့ ဦးသောင်းဝင်းက ဆိုပါတယ်။ ဦးသောင်းဝင်းက ပါတီရန်ပုံငွေ လိုတဲ့အတွက် အဲဒီအဖွဲ့ကို လျှောက်လွှာတင်မယ်၊ အဆင်ပြေရင် ဒီအဖွဲ့နဲ့ ပုံမှန် ထိတွေ့နေသူတွေ ဆီကတစ်ဆင့် ထောက်ပံ့မှု စီးဆင်းလာမယ်လို့ ဆိုပါတယ်။

ဒေါက်တာ နေဇင်လတ်ကတော့ သူတို့ပါတီဟာ အစိုးရနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေကို ပါတီတည် ထောင်စဉ်ကတည်းက ကူးလူးဆက်ဆံမှု မရှိဘူးလို့ ပြောပါတယ်။ “ကျွန်တော် သမ္မတအကြံပေး ဘဝတုန်း ကလည်း အခုပါတီတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေလို့ အသံထွက်တဲ့ ဟာတွေနဲ့ မနီးစပ်ခဲ့သလို ပါတီထောင်တဲ့အခါ ပိုလို့တောင် အလှမ်းဝေးပါတယ်ဗျာ” လို့ သူက ဆိုပါတယ်”။

ငွေကြေး ထောက်ပံ့ပေးကြတဲ့ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်က လက်ရှိ မြန်မာ့နိုင်ငံရေးမှာ အင်အားကြီး ပြည်ခိုင်ဖြိုးနဲ့ အတိုက်အခံ NLD တို့အပြင် တတိယ အင်အားစုများ ပေါ်ထွန်း လာစေရေး ဖြစ်တယ်လို့ ထောက်ပံ့မှု ကမ်းလှမ်းခံရဖူးသူ ကျားဖြူပါတီမှ ဦးစိုင်းလှကျော်က ပြောပါတယ်။

ရုံးခန်းငှားခ ခေါင်းကိုက်နေရ

သင်္ဃန်းကျွန်းမြို့နယ်က NLD အမတ်လောင်း ဦးရွှေလှဝင်းက မဲဆွယ်ကာလမှာ အခမဲ့ လိုက်လံ ကူညီပေးမယ့် ကားပိုင်ရှင်တွေ ရှိပေမယ့် အဲဒီကားတွေအတွက် ကုန်ကျစရိတ်ဆိုပြီး စာရင်းပြုစုရေးသွင်းထား တယ်လို့ သူက ဆက်ပြောတယ်။ NLD ရဲ့ မဲဆွယ်လှုပ်ရှားမှုကို အာဏာပိုင်တွေက အချိန်ပြည့် စောင့်ကြည့်နေ တဲ့အတွက် ဂရုစိုက်ရမယ်လို့ သူက ရှင်းပြပါတယ်။

“(အာဏာပိုင်တွေ စုံစမ်းထားတဲ့စာရင်းနဲ့)  ကွာဟခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရတဲ့အခါ အဲဒီအ ချက်နဲ့ ကျွန်တော်တို့ကို ဖြတ်ချနိုင်တယ်” လို့ သူက ဆိုပါတယ်။

ပါတီအများစုဟာ အိမ်ခြံမြေဈေးနှုန်း မြင့်မားတဲ့ရန်ကုန်မှာ အခြေစိုက်တာကြောင့် ပါတီတွေရဲ့ ဘဏ္ဍာ ရေးဆိုင်ရာ အခက်အခဲတွေထဲမှာ ပါတီရုံးချုပ် ဖွင့်လှစ်ရေးအတွက် ခေါင်းကိုက်ရတဲ့ အချက်လည်း ပါပါတယ်။ ရုံးခွဲတွေကိုတော့ ပါတီဝင်တွေရဲ့အိမ်တွေမှာပဲ ဖွင့်ကြပါတယ်။

ရန်ကုန် တိုက်ခန်းကျဉ်းတွေကိုပဲ ဈေးကြီးကြီးပေးငှားပြီး ပါတီဌာနချုပ် ဖွင့်သူတွေထဲမှာ ဒီမိုက ရက်တစ်ပါတီ(မြန်မာပြည်)လည်း ပါဝင်ပါတယ်။ အခန်းငှားခ မတတ်နိုင်တာကြောင့် ၂ဝ၁ဝ ပြည့်နှစ် ပါတီ တည်ထောင်စဉ်ကစပြီး ဒီနေ့အထိ ဌာနချုပ် ရုံးပြောင်းရွှေ့ရတဲ့ အကြိမ်ပေါင်း ၅ ကြိမ်ရှိပြီလို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ရှင်းပြပါတယ်။

“ဒီအခန်းက ၂ နှစ်စာ ချုပ်ချုပ်ထားတယ်။ ရွေးကောက်ပွဲပြီးတဲ့ အချိန်အထိတော့ ဒီကျောက်မြောင်းမှာ ကျွန်တော်တို့ ဖွင့်နိုင်ဦးမှာပေါ့။ နောက်ထပ် စာချုပ်ချုပ်တဲ့အချိန်ကြမှ ပြောင်းမလား၊ ဒီမှာပဲ ဆက်ရှိမလားတော့ မသိသေးဘူး” လို့ ဦးသုဝေက ပြောပြပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading