သတင်း

ဘူးသီးတောင်ဒေသ လက်နက်ကြီးကျည်ကျ၊ ရွာခံများ တိမ်းရှောင်ရ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ စံဂိုးတောင်ကျေးရွာအုပ်စုအတွင်း မတ် ၃၁ နံနက်ပိုင်းက လက်နက်ကြီးကျည် အလုံး ၂၀ ခန့် ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ရွာ ၄ ရွာမှ ဒေသခံတို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထိုဒေသမှ လွှတ်တော်အမတ်များက ပြောသည်။

လက်နက်ကြီးကျည် စံဂိုးတောင်၊ နွားရုံတောင်၊ သျှစ်သျှားတောင်၊ ဥယျာဉ်သာ ရွာများအနီး ကျရောက်ခဲ့ပြီးနောက် ၂ မိုင်ခန့် ကွာဝေးသည့် စေတီတောင်ရွာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံတို့ကို ကိုးကား၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၉ အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ပြောသည်။

“တောင်ပေါ်တွေကို လှမ်းပစ်တော့ ရွာနားတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျတာပေါ့။ ရွာသားတွေလည်း အကုန်လုံး ကြောက်ပြီးတော့ ထွက်ပြေးကြတာ။ လူတွေလည်း သွားလို့ လာလို့ မရဘူး ဖြစ်နေတယ် ” ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ယခင်လ လဆန်းပိုင်းကလည်း ယင်းနေရာများအနီးတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ဖူးကြောင်း ပြောသည်။

အဆိုပါ ပစ်ခတ်မှုများအတွက် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှစ်ဖက်လုံးက ငြင်းဆန်ထားကြသည်။

AA က အဆိုပါ ကျေးရွာများအနီး တိုက်ပွဲမရှိကြောင်း၊ တပ်မတော်ဘက်က အကြောင်းမဲ့ပစ်ခတ်နေခြင်းသာ ဖြစ်ကြောင်း စွပ်စွဲထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့ နံနက်ပိုင်း ရသေ့တောင်မြို့နယ် ရေဆိုးချောင်းကျေးရွာအရှေ့ဘက် တောင်ကြောများပေါ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိသော်လည်း ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှု မရှိကြောင်း ပြောသည်။

မတ်လ ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ရှိ  ကျေးရွာ ၃ ရွာအနီး လက်နက်ကြီးကျရောက် မှုကြောင့် ရွာသား ၆၀၀ ထက် မနည်း အနီးအနားရှိ ဖုံညိုလိပ်(မွတ်စလင်ရွာ)သို့  တိမ်းရှောင်ခဲ့ကြသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင် ၁၇,၀၀၀ ထက်မနည်း နီးစပ်ရာစစ်ရှောင်စခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မတ် ၂၈ တွင် သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button