၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် တွေ့ခဲ့ရသည့် အားနည်းချက်အပေါ် အခြေခံကာ ရွေးကောက်ပွဲ ကော်မရှင် ပြုပြင်ရမည့် အချက်ခြောက်ချက်ကိုလည်း PACE ခေါ် အဆိုပါ အရပ်ဘက်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းသည်။
ရန်ကုန် - ရွေးကောက်ပွဲအပေါ် ပြည်သူမယုံကြည်မှုများ မဖြစ်ပေါ်အောင် တားဆီးသည့်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်သည် လာမည့်၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်သည်ဟု ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ဖွဲ့က အကြံပြုချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအစီရင်ခံစာ ထုတ်ပြန်ပွဲ၌ အဆိုပါအစီရင်ခံစာကို ပြုစုခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ၏ဦးဆောင်သူများက ပြောခြင်းဖြစ်သည်။

လစ်လပ်နေရာ ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်တစ်နေရာ၊ ပြည်သူ့လွှတ်တော် လေးနေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရှစ်နေရာတို့ ဖြစ်သည်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ခုနစ်နေရာဖြင့် အများဆုံး အနိုင်ရခဲ့ပြီး အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက တစ်နေရာစီ အနိုင်ရရှိခဲ့သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် အကြံပြုချက် ခြောက်ချက်ကို PACE အဖွဲ့က အစီရင်ခံစာတွင် ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ယင်းတို့တွင် ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်နေ့အပါအဝင် လုပ်ငန်းစဉ်အသေးစိတ်၏ အချိန်စာရင်းကို တစ်ချိန်တည်းတစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာရန်၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို အသေးစိတ်ထုတ်ပြန်ပေးရန်၊ ကြိုတင်မဲများအားလုံးကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင် ရေတွက်ခြင်း မပြုလုပ်တော့ဘဲ သက်ဆိုင်ရာမဲရုံများသို့ ပေးပို့ကာရေတွက်ရန် အကြံပြုထားသည်။


ထို့ပြင် မဲဆွယ်စည်းရုံးရေးရန်ပုံငွေ ရယူလက်ခံခြင်းနှင့်ပတ်သက်ပြီး တိကျသည့် လုပ်ထုံးလုပ်နည်းများကို ပါတီများအားလုံး လက်ခံသည့် မူဘောင် ဖြစ်လာစေရန်၊ မဲဆန္ဒရှင်စာရင်း၏အရည်အသွေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခွင့်ပြုရန်၊ လွတ်လပ်ပြီးအမှီအခိုကင်းသည့် ရွေးကောက်ပွဲကော်မရှင်တစ်ရပ် ဖြစ်လာစေရန် စသည့် အချက်များကိုလည်း ဆက်လက် အကြံပြုထားသည်ကို တွေ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လက်ရှိဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများအရ ကော်မရှင်သည် အနိုင်ရပါတီကို ဘက်လိုက်မှုရှိသည်ဟူသည့် အမြင်ကို သက်ရောက်စေသည့်အတွက် ကော်မရှင်အနေဖြင့် ၎င်းတို့လုပ်ဆောင်ချက်ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်သင့်သည်ဟု ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) မှ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောသည်။
“ကော်မရှင်သက်တမ်းက အစိုးရသက်တမ်းနဲ့ အတူတူပဲ။ တက်လာတဲ့အစိုးရကပဲ ကော်မရှင်ကို ဖွဲ့ထားတဲ့အတွက် ဘက်လိုက်တယ်ဆိုတဲ့အမြင်ကို သက်ရောက်စေတယ်။ ၂၀၂၀က ယှဉ်ပြိုင်မှုကြီးနိုင်တယ်။ ကော်မရှင်ဟာ အဲ့ဒီယုံကြည်မှုကို တည်ဆောက်ဖို့လိုတယ်။ ပါတီတွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တွင် မဲဆန္ဒနယ်၁၂ခုလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်ကို ထိခိုက်စေသည့် ပြဿနာ ကြီးကြီးမားမား မရှိခဲ့သော်လည်း လာမည့် ၂၀၂၀ရွေးကောက်ပွဲအတွက်ကိုတော့ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲမယုံကြည်မှု မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က အကြံပြု ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာစီမံချက် ရေးဆွဲထားပြီဖြစ်ကာ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အသီးသီးသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကMyanmar Now ကို ယမန်နေ့က ပြောသည်။
“တက်လာတဲ့အစိုးရက (ရွေးကောက်ပွဲကော်မရှင်ကို) ဖွဲ့ရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့ရတာ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။ ခုလာမယ့်ရွေးကောက်ပွဲကို ပြည့်စုံမှန်ကန်တဲ့ မဲပေးမှုဖြစ်ဖို့၊ ဘက်မလိုက် မျှတတဲ့ ဥပဒေအတိုင်းပဲလုပ်ဖို့ သန္နိဋ္ဌာန်ချထားတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အငြင်းပွားစရာအချို့ရှိခဲ့ရာ အမျိုးသားလွှတ်တော် လစ်လပ် တစ်နေရာဖြစ်သော ကချင် (၂) မဲဆန္ဒနယ်တွင် အနိုင်ရသွားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့သည် တပ်မတော်သားတို့၏မဲများပါဝင်သော ကြိုတင်မဲ ၄,ဝဝဝကျော်ထဲမှ အများအပြားကို ရရှိသွားရာမှ ထိုမဲဆန္ဒနယ်တွင် ကြိုတင်မဲက အငြင်းပွားဖွယ် ဖြစ်လာသည်။
ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော် ဆိပ်ကမ်းမဲဆန္ဒနယ် (၂) တွင် အနိုင်ရသွားခဲ့သည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လောင်း ဦးနေမျိုးအောင်သည် ရွေးကောက်ပွဲအကြိုကာလက ၎င်းအပါအဝင် ပြည်ခိုင်ဖြိုးပါတီဝင် အချို့သည် မဲဆန္ဒနယ်ပြည်သူများအတွက် ပြင်ပပုဂ္ဂလိက ငွေချေးလုပ်ငန်းတစ်ခုနှင့် ပူးပေါင်းပြီး ငွေချေးနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး အမှုဖွင့်ခံထားရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












