မိုင်းတွေ မထောင်နဲ့တော့ ၊ စစ်တွေ ငြိမ်းချမ်းတော့၊ ဒါပဲ….

ခြေတု၊ ချိုင်းထောက်တို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၏ သင်္ကေတဖြစ်လာပြီး မိုင်းဒဏ်သင့်  အမျိုးသမီးတို့သည် ဘဝတိုက်ပွဲကြမ်းကို ဆက်လက်ရင်ဆိုင်နေကြသည်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှ မိုင်းဒဏ်သင့် အမျိုးသမီးတစ်ဦး (ဓာတ်ပုံ - မယ်လွန်း/HI)

သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ ခဲခင်းလမ်းတစ်နေရာမှာဖြစ်ပါတယ်။

ပါတိတ်ထမီ ခပ်လတ်လတ်ကို ဝတ်ဆင်ထားပြီး ပလိုင်းလေးကို စလွယ်သိုင်းလွယ်ထားတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ စတီးလ်လက်ကိုင်တုတ်ဟောင်းကို လက်တစ်ဖက်တစ်ချက်စီ အားပြုကိုင်ရင်း ခြေထောက်တစ်ဖက်တည်းနဲ့ မညီညာတဲ့ လမ်းကျဉ်းလေးအတိုင်း တရွေ့ရွေ့ လျှောက်လာနေပါတယ်။

“ကိုယ်လုပ်လိုက်တာနဲ့ ပြန်ရလိုက်တာ မတန်ဘူး”

နေ့စဉ်ဝင်ငွေအတွက် တောထဲမှာ ဝဥ ရှာရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပေးလိုက်ရတဲ့ အသက် (၆၀) အရွယ် ဒေါ်အုန်းမြင့်က ပြောလိုက်တာပါ။

“ငါ တိုသွားပြီ.. ငါ ဒုက္ခိတဖြစ်ပြီဆိုပြီး သူများတွေလာကြည့်ရင် ငိုတယ်။ သူများတွေက ပြောတယ် … မငိုနဲ့၊ တော်သေးတယ်၊ ခြေထောက်ပဲထိလို့၊ မျက်စိမဖြစ်လို့ တော်သေးတယ်ပေါ့။ မျက်စိဖြစ်ရင် လုံးလုံးကန်းသွားပြီ၊ ဘာမှမလုပ်တတ်တော့ဘူးလေ” လို့ သူမက ပြောပါတယ်။

မုန်းဒေသမှာ ဒီလို ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူက ဒေါ်အုန်းမြင့်တယောက်တည်း မဟုတ်ပါဘူး။

အိမ်ခြေသိပ်မများတဲ့ ရွာလေးတွေမှာ ဒီလို ခြေတုတွေ၊ ချိုင်းထောက်တွေနဲ့ ရွာသူရွာသားတွေဟာ ဒီဒေသရဲ့ အမှတ်သင်္ကေတတစ်ခုလို့ ပြောလို့ရအောင် အရေအတွက်က များလှပါတယ်။ သူတို့အများစုဟာ မြေမြှုပ်မိုင်းကြောင့် ဖြစ်ခဲ့ရတာပါ။

၂၀၁၇ ခုနှစ်အထိ လူမှုရေးအဖွဲ့အချို့ရဲ့ ကောက်ယူစစ်တမ်းပြုစုမှုအရ မြေမြှုပ်မိုင်းကြောင့် ကိုယ်အင်္ဂါ ပျက်စီးဆုံးရှုံးသူပေါင်း (၄၀၀) ကျော် ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးအရေအတွက်က အနည်းဆုံး သုံးပုံတစ်ပုံ ရှိတယ်လို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (MPHA) ရဲ့ မုန်းဒေသရုံးခွဲက မစန်းစန်းအေးက ဆိုပါတယ်။  

မစန်းစန်းအေးဟာ သူမကိုယ်တိုင်လည်း အသက်(၁၄)နှစ်အရွယ်ကတည်းက မြေမြှုပ်မိုင်းနင်းမိလို့ ခြေတဖက် ပြတ်ခဲ့ရသူတဦးပါ။

မုန်းမြို့လို့လည်း လူအများသိထားတဲ့ ဒီနေရာဟာ အခုချိန်ထိ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ဖွဲ့လုံးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အပစ်အခတ်ရပ်စဲမှု မပြုလုပ်ခင်အထိ ကျေးရွာဝန်းကျင်တဝိုက်ဟာ စစ်တပ်နဲ့ KNU နှစ်ဖွဲ့လုံးရဲ့ စစ်မြေပြင်နဲ့ မြေမြှုပ်မိုင်းပစ်မှတ်နေရာတွေ ဖြစ်ခဲ့ပါတယ်။

ကျေးရွာသူရွာသားအများစုဟာ ယာစိုက်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ကွမ်းသီးဥယျာဉ်ခြံလုပ်ငန်းနဲ့ တောတောင်ထဲမှာ ဟင်းသီးဟင်းရွက်ခူးတဲ့ အလုပ်တွေကို လုပ်ကိုင်စားသောက်ကြပါတယ်။ အချို့က ရွာပြင်ကတောထဲမှာ ဟင်းရွက်ရှာရင်း မိုင်းထိကြသလို အချို့ကလည်း ရွာအတွင်းမှာသာ သွားလာရင်းနဲ့ မိုင်းထိကြတာပါ။

တောတောင်တွေကို မှီခိုပြီး တစ်နေ့ဝမ်းစာ တစ်နေ့ရှာဖွေ စားသောက်နေရတဲ့ သူမတို့လို ကျေးရွာသူရွာသားတွေအဖို့ မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါ ပျက်စီးခဲ့တဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ တပြိုင်တည်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကတော့ မိသားစု စားဝတ်နေရေးပဲဖြစ်ပါတယ်။

“သူများလုပ်သလို ကိုယ်မလုပ်နိုင်ဘူး၊ မိသားစုအရေးတွေပေါ့၊ ကိုယ်တွေ တွေးရတော့တာပေါ့။ မိန်းမတွေဆိုတော့ ပိုဆိုးတယ်” လို့ မြောင်းဦးကျေးရွာသူ အသက် (၅၀)ကျော်အရွယ် ဒေါ်စန်းဦးက ပြောပါတယ်။ သူမကတော့ တောထဲ ဟင်းရွက်ရှာရင်း မိုင်းထိလို့ ခြေတုတစ်ဖက် ထည့်ထားရပါတယ်။

မိုင်းထိတဲ့သူတွေမှာ ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတာချင်း တူပေမယ့် အမျိုးသမီးတွေဖြစ်ရင်တော့ အိမ်ထောင်ဖက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ကြုံကြရတယ်လို့ မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတဲ့ အမျိုးသမီးတွေက ဆိုကြပါတယ်။

“သူ့လုပ်စာကို ထိုင်စားနေရတယ်။ အခန့်သင့်ရင်တော့ ကောင်းတယ်၊ အခန့်မသင့်တဲ့အခါတော့ မကောင်းဘူးလေ။ မကောင်းဘူးဆိုတာက နင့်ကျတော့ ဘာမှမလုပ်နိုင်ဘဲနဲ့ ငါ့လုပ်စာထိုင်စားတယ်ပေါ့” လို့  ဒေါ်စန်းဦးက ခင်ပွန်းသည်နှိမ်တာ ခံရကြောင်း ပြောပါတယ်။

မိသားစုစားဝတ်နေရေးအတွက် ဝိုင်းဝန်းကူညီပေးတဲ့ အချို့မိုင်းဒဏ်သင့်အမျိုးသားတွေရှိသလိုမျိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် လမ်းလွဲပြီး မူးယစ်သောက်စားနဲ့ အကူအညီမပေးတဲ့ ခင်ပွန်းသည်တွေကြောင့်လည်း မိုင်းမထိပေမယ့် မိသားစုဝန်ထုပ်ဝန်ပိုးတွေနဲ့ ဒုက္ခရောက်ကြရတဲ့ အမျိုးသမီးတွေလည်း ရှိကြတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကို ၂၀၁၄ ခုနှစ်အထိ ဘယ်သူမှ ကူညီပေးတဲ့သူမရှိလို့ မိုင်းထိတဲ့ အမျိုးသမီးတွေကလည်း ဘယ်သူ့ကိုမှ စောဒကတက် အပြစ်မတင်ကြပါဘူး။ ဒါတွေဟာ သူတို့ရဲ့ ကံတရားကြောင့်ပဲလို့ လက်ခံထားကြပါတယ်။

    “နောင်ဘဝမှာ ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံနဲ့ ဖြစ်ရပါလို၏လို့ပဲ အမြဲတမ်းဆုတောင်းတယ်။ မိုင်းထောင်တဲ့သူတွေကိုလည်း ကျွန်မလိုမျိုး ပြန်ပြီးတော့ တူသောအကျိုးပေးပေါ့နော်၊ မသန်စွမ်းဘဝကို ရောက်ပါစေဆိုပြီးတော့ တစ်ခါမှ မဆုတောင်းမိဘူး” လို့ မစန်းစန်းအေးက ဆိုပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့အချို့က မိုင်းဒဏ်သင့်သူတွေအတွက် လူမှုရေးဆိုင်ရာ ကူညီမှုတွေကို စပြီး လုပ်ဆောင်လာခဲ့ပါတယ်။

MPHA ကနေပြီး အားပေးနှစ်သိမ့်မှုတွေ၊ အချက်အလက်ကောက်ခံမှုတွေ၊ ခြေတုလက်တု စတဲ့ အသေးစားပြုပြင်ပေးမှုတွေကို လုပ်ဆောင်ပေးနေသလို KDM လို့ခေါ်တဲ့ ဂျာမဏီအဖွဲ့ကလည်း အိမ်သုံးပစ္စည်း၊ ဆန် စတဲ့ ထောက်ပံ့မှုအချို့ ရှိပါတယ်။

“ကိုယ်မရှိတဲ့အချိန်မှာ ဆန်တစ်ပြည်ပဲပေးပေး၊ ငါးပိတစ်ခပ်စာပဲပေးပေး၊ ကိုယ့်အတွက် အကျိုးရှိတာပဲ၊ ဟုတ်တယ် မဟုတ်လား” လို့ မိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦးက ကူညီထောက်ပံ့မှုတွေက မများပေမယ့် အကျိုးရှိတဲ့အကြောင်း ပြောပါတယ်။

မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ KNU လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ ၂၀၁၇ ခုနှစ်အထိ ဒေသအတွင်း လူမှုရေးအဖွဲ့တွေ လှုပ်ရှားမှုလုပ်နိုင်ဖို့ ခွင့်ပြုမိန့် ပေးတာကလွဲရင် တခြား ကူညီထောက်ပံ့မှုတွေ လုံး၀ မရှိခဲ့ဘူးလို့ မိုင်းဒဏ်သင့် ကူညီပေးနေသူတွေက ဆိုပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ လူကယ်ပြန်ဝန်ကြီးဌာနအောက်ကနေ မိုင်းကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ကူညီမှုတွေ အနည်းအကျဉ်းရှိလာတယ်လို့ MPHA-မုန်းဒေသမှာ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ကိုဇော်ဦးက ဆိုပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို အကူအညီပေးတဲ့ ရေတိုအစီအစဉ်တွေအပြင် ရေရှည်စီမံကိန်းအဖြစ် အသက်မွေးဝမ်းကျောင်းအလုပ် ဖန်တီးပေးဖို့အတွက်လည်း မသန်စွမ်းအရေး ဆောင်ရွက်နေသူတွေကြားမှာ စဉ်းစားဆွေးနွေးမှုတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

၂၀၁၆ ခုနှစ် မြန်မာစစ်တပ်နဲ့ KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ မုန်းဒေသတခွင်မှာ သေနတ်သံတွေ တိတ်ဆိတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ကျောင်းစုကျေးရွာသားတစ်ဦး ခြေပြတ်ခဲ့ပါသေးတယ်။

နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေကြလို့ တိုက်ပွဲသံတွေတိတ်ပြီး မိုင်းအန္တရာယ်တွေ လျော့လာတော့မယ်လို့ ဒေသခံအများစုက မျှော်မှန်းပြောဆိုနေကြပေမယ့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ဒေသခံတွေ မျှော်လင့်သလို မလွယ်ကူလှပါဘူး။

KNU ကတော့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးအဆင့်သာ ရှိသေးလို့ မိုင်းရှင်းလင်းရေးကို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုနဲ့အညီ တဆင့်ချင်းစီ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

“မိုင်းရှင်းတဲ့ကိစ္စကတော့ ကျွန်တော်တို့ ဘာမှ မစနိုင်သေးဘူးခင်ဗျ။ နိုင်ငံရေးတိုးတက်မှု အခြေအနေအပေါ်မှာပဲ မူတည်လိမ့်မယ်လေ” လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

အစိုးရ၊ စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံးကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဘယ်လောက် အတိုင်းအတာထိ တိုးတက်နေပြီလဲဆိုတာ ရေရာတဲ့အဖြေ မရှိသေးသလို မုန်းဒေသမှာ သေနတ်သံ၊ မိုင်းသံတွေ ထာဝရ ပျောက်ကွယ်တော့မလား ဆိုတာကလည်း အဖြေမရှိတဲ့မေးခွန်း ဖြစ်နေပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု နည်းပါးလွန်းတဲ့ မုန်းဒေသက မိုင်းဒဏ်သင့်အမျိုးသမီးတွေကတော့ သူတို့ဘ၀ ဝမ်းရေး တိုက်ပွဲတွေ မပြီးဆုံးနိုင်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲသံတွေ ငြိမ်နေတာကိုပဲ ကျေနပ်နေကြပါတယ်။

“အခုချိန်ဆို တအားဝမ်းသာတယ်။ နောင်လာနောက်သားတွေကိုလည်း ဘယ်နားမသွားနဲ့လို့ ပြောစရာမလိုတော့ဘူး၊ ကြောက်ရတာကတော့ မြွေပါးကင်းပါးလောက်ပဲ ကြောက်ရတော့တာပေါ့”

အခုချိန်မှာတော့ မုန်းအမျိုးသမီးတွေရဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ဦးဆောင်နေသူတွေအားလုံးကို ပြောချင်တဲ့ စကားသံတွေကတော့ အားလုံးတူညီနေကြပါတယ်။ ဒေါ်စန်းဦးကတော့ အခုလို ပြောခဲ့ပါတယ်။

    “မိုင်းတွေ မထောင်နဲ့တော့ ၊ စစ်တွေ ငြိမ်းချမ်းတော့၊ ဒါပဲ”

(အမျိုးသမီးများ အသံကို အဓိက ဖော်ထုတ်နေသည့် Honesty Information သတင်းဌာန၏ အွန်လိုင်းစာမျက်နှာ www.hiburma.net တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading