နမ္မတူဒေသ တိုက်ပွဲအတွင်း အရပ်သားဖမ်းဆီးထားမှု ရှိပါက ပြန်လွှတ်ပေးမည်ဟု RCSS/SSA က ပြောသည်
ရှမ်းပြည်နယ်၊ သီပေါ- နမ္မတူလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားစဉ် တိမ်းရှောင်သည့် မန်လီကျေးရွာ ဒေသခံများထဲမှ ၁၂ ဦး ဖမ်းဆီးခံရသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေကြောင်း ရှမ်းတောင်ပိုင်း တပ်မတော် RCSS/SSA က ယနေ့ ပြောလိုက်သည်။
မတ်လ ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးသူတို့ကို ဖမ်းဆီးသူတို့မှာ RCSS/SSA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲခံနေရသည်။

“ဖမ်းဆီးမှုရှိခဲ့လားလို့ မေးနေပါတယ်။ တကယ်လို့ဖမ်းဆီးခဲ့တယ် ဆိုရင်လည်း ပြန်လွှတ်ပေးဖို့ ပြောထားပါတယ်” ဟု RCSS/SSA ၏ ပြောခွင့်ရ အရာရှိ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။
အဖမ်းခံရသူတို့ ပြန်လည် လွတ်မြောက်ရေးအတွက် ယမန်နေ့က လားရှိုးမြို့တွင် အရပ်ဖက် အဖွဲ့အစည်းတချို့ ဦးဆောင်သော ဒေသခံ ၁,၀၀၀ ခန့်က ဆန္ဒပြကြသည်။


ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် တအာင်း အမျိုးသမီး အဖွဲ့အစည်းမှ တွဲဘက်အထွေထွေအတွင်းရေးမှူး လွေးပိုးကမက်ခြိုဝ်းက ဖမ်းဆီးမှုနှင့် ပတ်သက်သော ခိုင်မာသည့် အထောက်အထား ဓာတ်ပုံများ ရရှိထားသည်ဟု Myanmar Now ကို ပြောသည်။
“ကောင်းသောတုန့်ပြန်မှု ရလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်၊ မရလာရင်လည်း ဘာဆက်လုပ်ရမယ် ဆိုတဲ့ အစီအစဉ်တွေ ရှိတယ်” ဟု ၎င်းက ပြောသည်။


ဒေသတွင်း တိုက်ပွဲများ
RCSS/SSA တပ်ဖွဲ့ဝင်များသည် မတ်လ ၁ ရက်နေ့က နမ္မတူမြို့နယ် မန်လီရွာအနီးတွင် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA, ရှမ်းပြည်မြောက်ပိုင်းတပ်တော် SSPP/SSA ပူးပေါင်းတပ်ဖွဲ့များနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
တပ်မတော်က ဒေသအများအပြားတွင် စစ်ရေးလှုပ်ရှားမှု ခေတ္တ ရပ်ဆိုင်းထားသော်လည်း ရှမ်းပြည်နယ်တွင်မူ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များကြား တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသူ ၁၀,၀၀၀ ခန့် ရှိလာသည်ဟု မတ်လ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနိုင်းရေးရုံးက ထုတ်ပြန်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











