တောင်သူတို့ကို အကျိုးမပြုနိုင်သေးသော မြေအသုံးချရေးဆိုင်ရာဥပဒေ

ပြင်ဆင်လိုက်သည့် မြေယာဥပဒေက   ဓားမဦးချ လုပ်ကိုင်နေသော မြေကို လက်လွှတ်ဆုံးရှုံးစေသည်အထိ သက်ရောက်မှု ကြီးမားကြောင်း တောင်သူအများအပြား သတိမပြုမိကြပေ

Published on Mar 18, 2019
ရှမ်းပြည်နယ်တောင်ပိုင်း လယ်ယာလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)
ရှမ်းပြည်နယ်တောင်ပိုင်း လယ်ယာလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

မတ်လ ၁၁ ရက်နေ့သည် မြေလွတ်၊  မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ထွက်ရှိခဲ့ပြီး ၆လ ပြည့်သည့်နေ့ဖြစ်သည်။ ၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က  အဆိုပါဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

အဆိုပါဥပဒေတွင် ဒေသခံတို့ လက်ရှိအသုံးပြုနေသည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို လုပ်ကိုင် အသုံးပြုခွင့် လျှောက်ထားရမည်ဟု ဖော်ပြထားသည်။ ဥပဒေအတည်ပြုပြီးသည့်နေ့မှ ၆ လ အတွင်း လျှောက်ထားခြင်း မပြုသည့် မြေများတွင် ဆက်လက် လုပ်ကိုင်နေသူများအား ၂နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊  ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေက ဆိုသည်။

ဥပဒေပြဋ္ဌာန်းပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများ၊ လယ်ယာမြေအရေး စောင့်ကြည့် လေ့လာသူများ၊ ကျွမ်းကျင်သူများက  ထောက်ပြဝေဖန်ကြရာ  ဥပဒေကို ပြင်ဆင်ရန်သာမက ပယ်ဖျက်ရန်အထိပါ မှတ်ချက်ပြုခဲ့ကြသည်။

ထိုဥပဒေသည် လုပ်ကွက်ငယ် တောင်သူများ၊  မြေမဲ့ယာမဲ့တောင်သူများ စိုက်ပျိုးမွေးမြူနိုင်ရန်၊ မြေယာ အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အဖွဲ့ဝင် ဦးမြတ်လေးဦးက ပြောပြသည်။  လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲ့ရေး ဗဟိုကော်မတီတွင်သာ လျှောက်ထားနိုင်သည်ဟု ဥပဒေဟောင်းတွင်  ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လျှောက်ထားနိုင်ရန် ပြင်ဆင်လိုက်သည်။

ထိုသို့ပြင်ဆင်လိုက်သဖြင့် လုပ်ကွက်ငယ်တောင်သူတို့၏ မြေယာလျှောက်ထားမှုများတွင် ပိုမို အဆင်ပြေစေပြီး လူတိုင်း လက်လှမ်းမီနိုင်စေမည်ဟု ဦးမြတ်လေးဦးက ဆိုသည်။

ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင်  တွေ့ရသည်မှာ ဦးပိုင်အမည်ပေါက်ထားခြင်းမရှိသည့် မိရိုးဖလာ၊ ဓားမဦးချ လုပ်ကိုင်နေသည့် မြေများဖြစ်သည်။ ဒေသခံတို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးခဲ့သည့် တည်ငြိမ်နေသည့် အဆိုပါမြေများသည် ယခုဥပဒေအရ မြေလွတ်မြေလပ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားတော့မည်ဟု ရှမ်းပြည်နယ် တရားဥပဒေ စိုးမိုးရေးကွန်ရက်၏ ဥက္ကဋ္ဌ ဦးဝင်းနိုင်စိုးက ထောက်ပြသည်။

ဥပဒေသည် တိုင်းရင်းသား ဒေသများနှင့် အဆင်ပြေနိုင်ခြင်းမရှိဘဲ လက်ရှိဒေသခံတို့ စိုက်ပျိုးနေသည့် မြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)သာ ထုတ်ပေးသင့်သည်ဟု ၎င်းက ဆိုသည်။ တကယ်တော့ ဒီမြေတွေကို လယ်ယာမြေ ဥပဒေအတိုင်းသွားရမှာကို မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနဲ့ သွားမယ် ဆိုရင် ကျွန်တော်တို့အရပ်ဘက် အဖွဲ့အစည်းတွေ ကတော့ လက်မခံဘူးဗျဟု ၎င်းက ပြောသည်။

အဆိုပါဥပဒေနှင့်ပတ်သက်၍ ပြည်နယ် အစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု ရှမ်းပြည်နယ်မှ အရပ်ဘက်အဖွဲ့တချို့က ဆိုသည်။ ထို့နောက် မြို့နယ်များအလိုက် တောင်သူတို့ကို ထိုဥပဒေနှင့် ပတ်သက်၍ ရှင်းလင်း အသိပညာပေးခဲ့ကြသည်။ ကျွန်တော်တို့ရှမ်းပြည်မှာရှိတဲ့ ပြည်သူတွေက မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအရ လျှောက်ထားပြီး လုပ်ပိုင်ခွင့်ရတာကို မလိုချင်ဘူး၊  ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိဖို့ကိုပဲ လိုချင်ကြတယ်ဗျဟု ဦးဝင်းနိုင်စိုးက ဆိုသည်။

မြေလွတ်မြေလပ်မြေရိုင်းဥပဒေအရ ဆက်လက်ဆောင်ရွက်ခြင်းကြောင့် တောင်သူတို့  ပိုမို အခက် တွေ့လာနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေ၏ သဘော သဘာဝသည် လုပ်ပိုင်ခွင့်ပြုထားသည့်မြေအား ရောင်းချခြင်းပေါင်နှံခြင်း ပြုလုပ်ခွင့်မရှိသည့် အခြေအနေတွင် တည်ရှိနေပြီး လယ်ယာ မြေဥပဒေအရ မှတ်ပုံတင်ထားသည့်မြေများကသာ အဆိုပါ အခွင့်အရေး ရရှိနိုင်သည်ဟု ဦးဝင်းနိုင်စိုးက နှိုင်းယှဉ်ပြသည်။

အရင်းအနှီး စိုက်ထုတ်နိုင်တဲ့ တောင်သူတွေကတော့ ပြဿနာမရှိဘူး၊ အရင်းအနှီး မရှိတဲ့ တောင်သူ ဆိုရင်တော့ ဥပဒေက ခွင့်ပြုမထားပေမယ့် အဆင်ပြေသလို ရောင်းတာတွေ၊ ပေါင်တာတွေ လုပ်လာနိုင်တယ်။ ဒါက မြေယာအငြင်းပွားမှု အရှုပ်အရှင်းတွေ ပေါ်လာနိုင်တဲ့လမ်းစပဲဟု ဦးဝင်းနိုင်စိုးက ဆိုသည်။

ယခုဥပဒေအရ မြေလွတ်မြေလပ်မြေရိုင်းဟုဆိုရမည့် မြေဧရိယာဧက များစွာ ရှမ်းပြည်နယ်တွင် တွေ့နိုင်ပြီး တစ်ဆက်တည်း မရှိသည့် လုပ်ကွက်ငယ် စိုက်ပျိုးမြေများစွာလည်း ကျန်နေသေးသည်ဟု ၎င်းက ဆိုသည်။ ပြည်နယ်အတွင်း လုပ်ကိုင်အသုံးပြုနေသည့်မြေများမှ သုညဒသမ တစ်ရာခိုင်နှုန်းခန့်ကိုသာ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ထားပြီး ကျန်မြေများမှာ မိရိုးဖလာ ဓားမဦးချ စိုက်ပျိုး လုပ်ကိုင်နေသည့် မြေများပင်ဖြစ်သည်ဟု ဦးဝင်းနိုင်စိုးက ရှင်းပြသည်။

လယ်ယာမြေဥပဒေ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဦးအောင်ကျော်ကျော်ကလည်း ဤဥပဒေတွင် အားနည်းချက် သိသိသာသာ  ရှိနေသည်ဟု ဆိုသည်။

ဒီဥပဒေက တိုင်းရင်းသားတွေနဲ့ လက်ရှိအစိုးရကို ရန်တိုက်ပေးတာပဲဟု သူက မှတ်ချက်ပြုသည်။

ဇန်နဝါရီ (၃)ရက်နေ့ နေပြည်တော် အစည်းအဝေးတစ်ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက  ပြင်ဆင်လိုက်သော ဥပဒေ အသုံးပြုပြီး တောင်သူများကို တရားစွဲဆိုမည်မဟုတ်ဟု ပြောကြားခဲ့သည်ဟု ဦးအောင်ကျော်ကျော်ထံမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားခြင်း မရှိသည့်  တောင်သူများကို တရားမစွဲဘဲ သတိပေး အကြောင်းကြားစာ ပေးပို့သွားမည်ဟု ဝန်ကြီးက ပြောကြောင်း ဦးအောင်ကျော်ကျော်က ပြန်၍ ပြောပြသည်။ လယ်ယာမြေအရေး ဆောင်ရွက်သူအများစုကမူ ဝန်ကြီး ယခုကဲ့သို့ ကတိပေးခြင်းထက် ဥပဒေ ထပ်မံ ပြင်ဆင်ပေးနိုင်ရေးကိုသာ လိုလားကြသည်ဟု သဘောထားပေးကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လယ်ယာလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်းမှ တောင်သူများက မိရိုးဖလာ စိုက်ပျိုး လုပ်ကိုင်လာသည့် ဘိုးဘွားပိုင်မြေကို ဌာနဆိုင်ရာတစ်ခုတွင် လျှောက်ထားမှတ်ပုံတင်ရမည့် ကိစ္စသည် ၎င်းတို့အတွက် အလှမ်းကွာဝေးလွန်းသော ကိစ္စဖြစ်ပြီး လုပ်ဆောင်ရန် မလိုအပ်ဟုလည်း ထင်မြင်ကြသည်။ ဒေသခံအများစုသည် တစ်နိုင်တစ်ပိုင် လုပ်ကွက်ငယ် တောင်သူများဖြစ်သည်။ ၎င်းတို့လုပ်ကိုင် နေသည့် ဘိုးဘွားပိုင်ဖြစ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဟု ဆိုသည့် မြေများသည် ဧက ဆယ်ဂဏန်းစီသာရှိသည့် ပမာဏသာ ဖြစ်ကြသည်။ ထိုသို့သော ပမာဏနည်းပါးသည့် မြေများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် မြေလွတ်၊  မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည် ဖြစ်သည်။ မကွေးတိုင်း ထီးလင်းမြို့နယ်တွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများသည်  ဒေသခံတို့ကို တွေ့ဆုံပြီး လျှောက်လွှာပုံစံများနှင့်တကွ ရှင်းလင်း အသိပညာပေးခဲ့သည်။ သို့ရာတွင်  ထီးလင်း၊  မင်းလှ၊ ငဖဲ အပါအဝင် ဒေသတွင်း မြို့နယ်များရှိ တောင်သူအများစုသည် ၎င်းတို့ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သည့် မြေများအတွက် လုပ်ကိုင်ခွင့် လျှောက်ထားရခြင်းအား လုပ်ဆောင်ရန် မလိုအပ်သည့် ကိစ္စရပ်သာဖြစ်သည်ဟု ထင်မြင်ကြသည်။ ထိုမြို့နယ်များရှိ တောင်သူအများအပြားကို မကြာသေးခင်က တွေ့ဆုံမေးမြန်းရာ ၎င်းတို့ထဲမှ တချို့သည် အဆိုပါဥပဒေအကြောင်းကို မသိရှိကြပေ။ 

ဧကသုံးရာအတွင်း လုပ်ကိုင်မည့် တောင်သူတို့သည် လျှောက်လွှာများကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် ရယူနိုင်သည်။ သို့သော်လည်း ကျေးလက်ဒေသများရှိ တောင်သူ အများစုကတော့ စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

ကျွန်တော်တို့ဆီမှာ မြို့က ဘဏ်ချေးငွေ ဆိုတာတောင် မထုတ်ကြတဲ့သူတွေရှိတယ်။ ရုံးပြင်ကနား မသွားချင်ဘူး၊  လုပ်လည်း မလုပ်တတ်ဘူး။ ဟိုးအရင်ကတည်းက ကိုယ့်ရွာမှာကိုယ် စိုက်ပျိုးပြီးနေလာတာ၊  အခုမှ ဒီမြေကို ကျွန်တော်တို့က အစိုးရဆီက လုပ်ခွင့်တောင်းရမယ်ဆိုတာ တော်တော် ခွကျတဲ့ကိစ္စလို့ မြင်တယ်ဟု မကွေးတိုင်း အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာမှ တောင်သူ ဦးတင်မောင်ဝင်းက ဆိုသည်။

၎င်းတို့လုပ်ကိုင်နေသည့် ဘိုးဘွားပိုင် ရွှေ့ပြောင်းယာမြေကို ဥပဒေနှင့်အညီ လျှောက်ထားပြီးမှ ခွင့်ပြုချက်နှင့် အညီ လုပ်ကိုင်ရမည်ဆိုခြင်းမှာ ၎င်းတို့၏ လူမှုဘဝပုံစံ အလေ့အထများကို ကမောက်ကမ ဖြစ်စေသည်ဟု မီးလောင်ကုန်း ကျေးရွာဒေသခံများက ဆိုသည်။

အဘိုးပေးခဲ့တဲ့မြေ အဖေက လုပ်ခဲ့တယ်၊ နောက် ကျွန်တော်က ဆက်လုပ်တယ်၊  အဲဒါကို အခုလို အစိုးရဆီမှာ လျှောက်ထားရမယ်ဆိုတာက အဓိပ္ပာယ်မရှိဘူးဟု ဦးတင်မောင်ဝင်းက ဆက်ပြောသည်။

ကျေးလက်နေတောင်သူများအနေဖြင့် စာရွက်စာတမ်းဖြင့် စနစ်တကျ လျှောက်ထားရမည့် လုပ်ငန်းစဉ်အား လိုက်ပါဆောင်ရွက်လိုမှု မရှိခြင်းကို ထီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ ကွင်းဆင်းစဉ် လက်တွေ့သိရှိခဲ့ရသည်ဟု  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ဆိုသည်။

 “တစ်နိုင်ငံလုံး အတိုင်းအတာအရ အဲလိုကြီး တွေဖြစ်နေတာဗျ၊ ဥပဒေနဲ့အညီဖြစ်ဖို့ ဆိုတာက တော်တော်ကြီးကို အသိပညာပေးမှုတွေလုပ်ရမယ့် သဘောဖြစ်နေတယ်ဟု ၎င်းက ဆိုသည်။

မြေလွတ်မြေလပ်မြေရိုင်းအသုံးပြုခွင့် လျှောက်ထားရာတွင် မြေကို မည်သို့ အသုံးပြုသွားမည် ဆိုသည့် အချက်ကို ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။  တောင်သူများသည် ထိုမြေတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ငွေကြေး ဆိုင်ရာ အခက်အခဲများလည်း ရှိနေသည်။

ရာသီသီးနှံ၊  စက်မှုကုန်ကြမ်း ရာသီသီးနှံ၊  နှစ်ရှည်ပင်၊  ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှု၊  မွေးမြူရေး၊  ဓာတ်သတ္ထု ထုတ်လုပ်ခြင်း၊ အစိုးရခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့်အခြားလုပ်ငန်းများ ဟူသည့် ခေါင်းစဉ်များ အတွက် ရင်းနှီးမြုတ်နှံရမည်ဟု ဥပဒေက ဆိုသည်။ လက်ရှိတွင် တောင်သူများအနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် လုံလောက်သည့် ငွေကြေး ပိုင်ဆိုင်ထားခြင်းမရှိဟု ငဖဲမြို့နယ် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းစိုးက ဆိုသည်။

ကျွန်တော်တို့နယ်တွေဘက်မှာ တောင်သူတွေက မရှုံးဘူးဆိုတဲ့ စပါးတောင် ကောင်းကောင်း မစိုက်ကြတော့ဘူး၊ အဓိကက ဈေးကောင်းမရတာပဲ၊ ဘာစိုက်စိုက် ရှုံးကြတယ်၊ ဒီတော့ တောင်သူ တော်တော် များများက နိုင်ငံခြား ထွက်ကုန်ကြတယ်၊ လက်ရှိစိုက်နေတဲ့မြေတွေမှာတောင် မစိုက်ကြတော့ဘူး၊ မြေလွတ်မြေရိုင်းတွေ ဓားမဦးချ ပိုင်ထား ပေမယ့် သူတို့လုပ်ငန်းကို ချဲ့ပြီး မလုပ်တော့ဘူးဟု ဦးသန်းစိုးက ဆိုသည်။

တောင်သူများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့်မြေကို စွန့်ခွာ၍ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်မှု ပိုမို မြင့်မားလာသည်။ ထိုသို့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေရာမှ ရွှေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းလဲနေသည့် အချိန်တွင် ယခုဥပဒေ ပေါ်ထွက်လာခြင်းက ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ ဓားမဦးချ လုပ်ကိုင်ကြသည့် မြေများနှင့် ဘိုးဘွားပိုင်မြေရိုင်းများကိုပါ လက်လွှတ်ဆုံးရံ့ှုးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဦးသန်းစိုးက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ လက်ဘက်တောင်သူနှစ်ဦး (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

အခြားတစ်ဘက်တွင်တော့  ဤဥပဒေထွက်ရှိလာခြင်းကြောင့်  လုပ်ငန်းရှင်တချို့က ဥပဒေနှင့်ညီညွတ်သော မြေနေရာများ လိုက်လံရှာဖွေ၍ ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေကြသည်။

ရင်းနှီးမြှုပ်နှံသူတို့ အနေဖြင့် သက်ဆိုင်ရာမြို့နယ်များအလိုက် မြေလွတ်မြေလပ်မြေရိုင်းဟု ယူဆရသည့် မြေနေရာများအား သွားရောက်စုံစမ်းသော်လည်း  ဒေသခံ မူလပိုင်ရှင်ရှိနေသည့်မြေများသာ အများဆုံးဖြစ်ကြောင်း  တွေ့ရှိခဲ့ရသည်ဟု မကွေးမြို့ခံ ဦးဌေးလွင်သောင်းက ဆိုသည်။

အစိုးရက မြေတွေ လွတ်တယ်လပ်တယ်လို့ ပြောတယ်၊ သိမ်းဆည်းခဲ့တဲ့ နေရာတွေ ပြန်ပေးမယ်လို့ ပြောသော်လည်း ဒီနေရာတွေဟာ ဟိုးတုန်းကတည်းက ဓားမဦးချတွေ၊ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့နေရာတွေပဲဖြစ်နေတယ်ဟု ဆိုသည်။ လုပ်ကွက်ငယ် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ မြေများတွင် လုပ်ကိုင်ခွင့် လျှောက်ထား၍ ရရှိခဲ့လျှင်လည်း ဒေသခံတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေသည်ဟု ဦးဌေးလွင်သောင်းက သုံးသပ်သည်။

တောင်သူအများအပြားမှာ လုပ်ထုံးလုပ်နည်း နားလည်နိုင်မှု အားနည်းကြပြီး ဘဏ်စာအုပ်ပင် မရှိကြဟု  ဦးမြတ်လေးဦးက ဆိုသည်။ ထို့အပြင် ဥပဒေပါအချက်တချို့သည် မြေယာအသုံးချရေး မူဝါဒနှင့် ကိုက်ညီခြင်း မရှိဟု ၎င်းက ထောက်ပြသည်။ “Land use policy မှာ ဆိုရင် တိုင်းရင်းသားရိုးရာ ထုံးတမ်းအစဉ်အလာအရ ဖော်ထားတဲ့မြေတွေကိုလည်း အသိအမှတ်ပြုရမယ်လို့ ပါတယ်၊ အခု ဥပဒေက တိုင်းရင်းသားမြေတွေ၊ ဟိုးရှေးကတည်းက လုပ်ကိုင်လာတဲ့မြေတွေကိုလည်း လျှောက်ရမယ်ဆိုတာပါနေတယ်ဟု ဥပဒေနှင့်မူဝါဒအကြား ဆန့်ကျင်နေသည့် အချက်များကိုမူတည်၍ ထောက်ပြသည်။ လွှတ်တော်တွင် ဥပဒေ ပြင်ဆင်ရန် ဆွေးနွေးစဉ်ကလည်း အဆိုပါအချက်ကို ထောက်ပြခဲ့သည်ဟု ဦးမြတ်လေးဦးက ပြောသည်။

ဥပဒေကို ပြင်ဆင်ခြင်းသည် လုပ်ကွက်ငယ်တောင်သူတို့ မြေယာအသုံးပြုခွင့်ရရှိစေရေးနှင့် ယခင်အစိုးရများ လက်ထက် ခရိုနီတို့ ရယူထားသော ဧက သိန်းနှင့်ချီသည့် လုပ်ကွက်မြေများမှ အသုံးပြုခြင်း မရှိတော့သည့် မြေများကို ဥပဒေအရ ပြန်လည် သိမ်းယူနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း   တောင်သူများထံသို့ ထိရောက်သော အသိပညာပေးမှု အားနည်းနေခြင်း၊  တောင်သူတို့ ကိုယ်တိုင် ဥပဒေ နားလည်လက်ခံနိုင်မှု အားနည်းခြင်း၊ မြေယာလုပ်ပိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေကြေး လုံလောက်မှုမရှိခြင်း တို့ကို ကြုံတွေ့နေရသည်။

ဥပဒေတစ်ခုဆိုတာကတော့ ပြီးပြည့်စုံနိုင်အောင် အထိတော့ မကောင်းပါဘူး၊ ကျွန်တော်လည်း သိပ်မကြိုက်ဘူး၊  ကျွန်တော့် သဘောနဲ့ မကိုက်တာတွေက အရင်တုန်းက လုပ်တာတွေကို ခြောက်လအတွင်း လျှောက်ရမယ် ဆိုတာ၊  တိုင်းရင်းသား ဒေသတွေမှာ ဟိုးရှေးတုန်းကတည်းက လုပ်လာတဲ့မြေယာတွေကအစ ပြန်လျှောက်ရမယ် ဆိုတာက ကျွန်တော်တို့ စိတ်တွေနဲ့ မကိုက်ကြဘူးဗျဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ဆိုသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) ထွက်ရှိခဲ့ပြီး ၆လ ပြည့်သည့် မတ်လ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ကူကီး လူမျိုးက   ကန့်ကွက် ဆန္ဒပြကြသည်။

အနီရောင်ဗီနိုင်းပိုစတာများတွင် ကူကီးလူမျိုးများ၏ ဓလေ့ထုံးတမ်း မြေယာ ပိုင်ဆိုင်မှု အစဉ်အလာများကို ပပျောက်အောင် လုပ်ဆောင်နေမှုများ ချက်ခြင်းရပ်၊  မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအလိုမရှိဟူသည့် ဆိုင်းဘုတ်များကို ကိုင်မြှောက်၍ တမူးမြို့ လမ်းမများပေါ်တွင် စီတန်း လှည့်လည်ခဲ့ကြသည်။

နိုင်ငံအနံှ့အပြားတွင် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်လာကြသည့် တောင်သူတို့၏ မြေပိုင်ဆိုင်မှု အနေအထားကို ပြောင်းလဲစေနိုင်သည့် ယင်းဥပဒေ အတည်ပြုခဲ့သည်မှာ ၆လပြည့်ခဲ့ပြီ ဖြစ်သည်။     ။

(ဆောင်းပါးရှင် နေအောင်သည် မကွေးတိုင်းဒေသကြီးအခြေစိုက် သတင်းသမားတစ်ဦး ဖြစ်သည်)

ဆောင်းပါးရှင် နေအောင်သည် မကွေးတိုင်းဒေသကြီးအခြေစိုက် သတင်းသမားတစ်ဦး ဖြစ်သည်

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading