ဝန်ကြီးချုပ်ပြုတ်မည့်အရေး သရော်စာဖြင့် နိမိတ်ပြခဲ့သည့် အယ်ဒီတာ

တနင်္သာရီဂျာနယ် အယ်ဒီတာချုပ် ကိုမျိုးအောင်က ပြုတ်ကျသွားသည့် တိုင်းဝန်ကြီးချုပ်နှင့် ဆက်ဆံရေး၊ ဒေသတွင်း နိုင်ငံရေးအခြေအနေအထွေထွေကို ပြောပြထားသည်။

Published on Mar 15, 2019

လွန်ခဲ့သည့် ရက်ပိုင်းက ရာထူးမှဖယ်ရှားခံလိုက်ရသော တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား ကျယ်လောင်သောဝေဖန်မှုများကို စတင်မွေးဖွားခဲ့သည်မှာ ထားဝယ်မြို့အခြေစိုက် အပတ်စဉ်ထုတ်ဖြစ်သည့် တနင်္သာရီတိုင်းဂျာနယ်ပင်ဖြစ်သည်။ ထိုဂျာနယ်က ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် ထည့်သွင်းဖော်ပြခဲ့သော ဝန်ကြီးချုပ်ကိုသရော်သည့် “မဲဆွယ်အပြုံး” ဆိုသော ဆောင်းပါးတွင် “လျှပ်စစ်မီးစက်” ပြဿနာလည်း ပါဝင်သည်။ တိုက်ဆိုင်စွာပင် ဒေါက်တာလဲ့လဲ့မော်ကို အဂတိခြစားမှုဖြင့် အမှုဖွင့်ကြောင်း မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သည့် အဂတိတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်တွင်လည်း ဒေသခံ Global Grand Services (GGS) လျှပ်စစ်ကုမ္ပဏီနှင့် စပ်လျဉ်းပြီး ကျပ်သန်း ၈,၀၀၀ ခန့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးစေသော ကိစ္စတွင် ဝန်ကြီးချုပ်တာဝန်မကင်းဆိုသော စွပ်စွဲချက် ပါလာသည်။

သရော်စာဆောင်းပါးကို မကျေနပ်၍ ဝန်ကြီးချုပ်က ကိုယ်စားလှယ်ဖြင့် တရားစွဲခဲ့ရာ ရုံးတော်က ထိုအမှုတွင် အသက် ၃၄ နှစ်အရွယ် ဂျာနယ်အယ်ဒီတာချုပ် ကိုမျိုးအောင်အား ကျပ် ၅ သိန်း လွန်ခဲ့သည့်လက ပေးဆောင်စေခဲ့ပါသည်။ သတ်မှတ်သည့် ဒဏ်ကြေး ပေးဆောင်ခဲ့သော်လည်း ဝန်ကြီးချုပ်ဖမ်းဆီးခံရပြီး သုံးရက်မြောက်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကိုမျိုးအောင်က မြို့နယ်တရားရုံး၏ စီရင်ချက်အမိန့်နှင့် ပတ်သက်ပြီး ခရိုင်တရားရုံးသို့ အယူခံတင်လိုက်ပြီဖြစ်သည်။ ဝန်ကြီးချုပ်၏ အဂတိစွပ်စွဲချက်များကို သရော်စာဖြင့် ရှေ့ဖြစ်ဟောနိုင်ခဲ့သူ တနင်္သာရီဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုးအောင်အား ၎င်း၏ အမှုဖြစ်စဉ်၊ ဝန်ကြီးချုပ်နှင့် ဆက်ဆံခဲ့ရသည့်အတွေ့အကြုံများ၊ တနင်္သာရီတိုင်း၏ အထွေထွေနိုင်ငံရေးအခြေအနေများအား Myanmar Now က မေးမြန်းထားပါသည်။

မေး၊    ၊ ဝန်ကြီးချုပ်ကိုဖမ်းပြီဆိုတာ သိသိချင်း စိတ်ထဲကဘယ်လိုတုံ့ပြန်မိလဲ။  ဒါကိုရော ကြိုသတင်းရခဲ့လား။

ဖြေ၊    ၊ ကြိုမသိခဲ့ဘူး။ ကျွန်တော့်ဂျာနယ်ရုံးက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ကော့သောင်းမှာ ဖမ်းလိုက်ပြီ ပေါ့။ ပုဂ္ဂလိက ခံစားချက်အရတော့ ဘာမှစိတ်ထဲမှာ ထူးထူးခြားခြားမရှိဘူး။ ဒါက ပြည်ထောင်စု အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်နိုင်တယ်။ ဒီဘက်က ပြည်သူတွေနဲ့ အတူပဲ ကျွန်တော်တို့က ကျေနပ်တဲ့ ခံစားမှုကို ခံစားရတာပေါ့။

မေး၊     ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ချက်အရ ဒေါက်တာလဲ့လဲ့မော်ကို အရေးယူတာနဲ့ ပတ်သက်ပြီး လေယာဉ်ကွင်းချုံရှင်းတာ၊ GGS ကိစ္စတွေ အဲဒါတွေ အကုန် တနင်္သာရီတိုင်းဂျာနယ်က ရေးခဲ့လား။

ဖြေ၊    ၊ တချို့ကို ရေးခဲ့တယ်။ ဥပမာ လေယာဉ်ကွင်းချုံရှင်းတာတွေ ကျွန်တော်တို့ တောက်လျှောက် ရေးခဲ့တယ်။ ဝန်ကြီးချုပ်ကို အင်တာဗျူးတာတွေ လုပ်ခဲ့တယ်။ စဖြစ်ကတည်းကလေ။ ဒီကြားထဲမှာ ဒေသခံတွေက အဂတိကော်မရှင်ကို အဲဒီကိစ္စ တစ်ခုတည်း တိုင်တာ ရှိခဲ့တယ်လေ။ GGS က ပေးရမယ့် အကြွေး ရှစ် ဘီလီယံ ကိစ္စတွေ ရေးခဲ့တယ်။ GGS နဲ့ သူ့ရဲ့ ကြားထဲက လုပ်ထုံးလုပ်နည်းကိစ္စတွေ ဥပမာ ကွက်လပ် စာချုပ်တို့။ အဲဒီထဲမှာ ကျွန်တော်တို့ မရေးလိုက်ရတဲ့ ကိစ္စက (ဝန်ကြီးချုပ်ပိုင်အိမ်) အုတ်တံတိုင်းကာတဲ့ ကိစ္စ။ နောက်တစ်ချက်က အဂတိတိုက်ဖျက်ရေးက ကြေညာချက်ထဲမှာပါသလို ဝန်ကြီးချုပ်ပိုင်တဲ့ သိန်း ၃၀၀ ကျော် အိမ်ကို GGS တာဝန်ရှိသူတစ်ယောက်ကို သိန်း ၂,၀၀၀ နဲ့ရောင်းလိုက်တဲ့ကိစ္စ၊ ဒါလည်းမရေးဖြစ်ခဲ့ဘူး။ ရေးဖို့က ကျွန်တော်တို့ ဘယ်လိုမှ လက်တံမမီဘူးဖြစ်နေခဲ့တယ်။ သူက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံမျိုး လုပ်လိုက်တော့လေ။

မေး၊    ၊ အဲဒီကိစ္စကို တနင်္သာရီတိုင်းလို ဂျာနယ်မျိုးကလည်း မရေးနိုင်ဘူး။ ပြည်မလို ဂျာနယ်မျိုးကလည်း မရေးနိုင်ဘူး။ ဒါကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဘယ်လို သိပြီး အရေးယူလိုက်တာလဲ။ ဒါ အင်မတန်သိမ်မွေ့တဲ့ ကိစ္စကို။

ဖြေ၊     ၊ အဓိက တိုင်စာနဲ့ အစီရင်ခံစာဗျ။ ပါတီကို ထားဝယ်ဘက်နဲ့ မြိတ်ဘက်က လက်မှတ်ထိုး တိုင်တဲ့ လူဦးရေ ၁၀၀ ကျော် ရှိတယ်။ တိုင်စာ တစ်စောင် တက်တယ်။ လွှတ်တော်က အစီရင်ခံစာ တစ်စောင် တက်တယ်။ ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး တွေ့ရှိချက်များဆိုပြီး တစ်စောင်တက်တယ်။

မေး၊    ၊ အဂတိကော်မရှင်က အရေးယူတဲ့ထဲမှာ ဝန်ကြီးချုပ်အပါ လူလေးယောက် ပါတာပေါ့။ ဒီထဲမှာ ထူးထူးခြားခြား အရေးယူခံသင့်ရဲ့သားနဲ့ ကျန်ခဲ့တဲ့လူတွေရော သတိထားမိတာ ရှိလား။

ဖြေ၊    ၊ ကျွန်တော်အပါအဝင် တနင်္သာရီတိုင်းသားအချို့ တော်တော်များများ ခန့်မှန်းနေတာက ကနဦး သူတို့ကို စကိုင်တယ်ဆိုပြီး ထုတ်လိုက်တာပဲ ဖြစ်မယ်ပေါ့။ နောက်ထပ် တိုင်ထားတဲ့အုပ်စုတွေရော၊ ခုနက လွှတ်တော်ဘက်က လူတွေရော၊ ဒေသခံ သတင်းထောက်တွေရောက နောက်ထပ် ရှိလာဦးမယ်လို့ ကျွန်တော်တို့ တွက်ထားတယ်။ ကျွန်တော်တို့ သိထားသလောက်ရော လက်တွေ့အခြေအနေအရရော ဒီဟာတွေ အကုန်လုံးက ဝန်ကြီးချုပ်တစ်ယောက်တည်းနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်ဘူးလေနော်။ ကြားထဲမှာ ပါဝင် ပတ်သက်တဲ့ ဟာတွေ ရှိဦးမှာပေါ့။ အားလုံးက အဲဒီလို တွက်ထားတယ်ဗျ။ ဘယ်လို လာဦးမလဲ မသိသေးဘူး။

မေး၊      ၊ ကိုမျိုးအောင်တို့ကရော ဝန်ကြီးချုပ်ကို သရော်စာရေးရတဲ့အဆင့်ထိ ဘယ်လိုရောက်ခဲ့တာလဲ။

ဖြေ၊    ၊ ဒီသရော်စာက လက်ရှိတိုင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအခင်းအကျင်း၊ လူထုကြားမှာ ဖြစ်နေတဲ့ ထောက်ပြဝေဖန်မှုတွေ၊ လူထုရဲ့ မကျေပ်နပ်မှုတွေ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့မှ ပုံစံတစ်မျိုးနဲ့ ဖော်ပြလိုက်တာပေါ့။ သတင်းအနေနဲ့ လျှပ်စစ်မီးကိစ္စဆိုလည်း ရေးတာ ရှိတယ်။ ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းအနေနဲ့ ရေးခဲ့တာတွေ ရှိတယ်။ အဲဒီဟာလေးတွေ အစာကောက်ပြီးတော့ ဇာတ်ကောင်တချို့ဖန်တီးပြီး သရော်စာလို ပုံစံတစ်မျိုးနဲ့ တင်ဆက်လိုက်တာပေါ့။

မေး၊    ၊ မဲဆွယ်အပြုံးသရော်စာနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ချက်တွေမှာ ဘာတွေ တိုက်ဆိုင်နေလဲ။

ဖြေ၊    ၊ အဂတိရဲ့ ထုတ်ပြန်ချက်နဲ့ တိုက်စစ်မယ်ဆို လျှပ်စစ်ကိစ္စတစ်ခု တိုက်တယ်။ ခြုံပြီးတော့ ကြည့်မယ်ဆို စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ကိစ္စလည်း ပါနေတာပေါ့။ သေချာတာတစ်ခုကတော့ (ဝန်ကြီးချုပ်ဟာ) ပါတီတွင်းမှာရော နိုင်ငံရေးဖြတ်သန်းမှုအရရော အဲဒီလောက် မကြီးမားခဲ့ဘူးဆိုတာတော့ သေချာတယ်။ ပါတီတွင်းမှာ သူ့ကို ဒီနေရာရောက်အောင် တွန်းပို့ပေးခဲ့တာမျိုး တွန်းပို့ပေးနိုင်စွမ်းလည်း ရှိခဲ့ပါတယ်။ အဲဒီဟာ လူတိုင်းတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းမှာတော့ လူတိုင်းသိတဲ့ ဟာမျိုးပေါ့။ အသေးစိတ် ဘယ်တုန်းက ဝင်တယ်။ ဘယ်လိုဖြစ်တယ် စသဖြင့် အသေးစိတ်တော့ ကျွန်တော်လည်း မမှတ်မိဘူး။

မေး၊    ၊ ဒေါက်တာလဲ့လဲ့မော် ဦးဆောင်ခဲ့တဲ့ တနင်္သာရီတိုင်းအစိုးရကို ဒေသခံတွေက အဓိက ဘယ်အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိ ဖြစ်ခဲ့ကြတာလဲ။

ဖြေ၊     ၊ အဓိက စီမံခန့်ခွဲတာ မကျေနပ်ဘူး။ အဲဒီဟာကနေ ဆက်ပြီး အဂတိလိုဟာမျိုးတွေ စပြီးတော့ ကြုံလာရတဲ့ဟာကို မကျေနပ်ကြဘူး။ နောက် လူထုကို လေးလေးစားစား ဆက်ဆံတဲ့ပုံ မဟုတ်ဘူး။ လူထုတွေ့ဆုံပွဲတွေမှာ လူထုကို တစ်ခါတလေ ရန်တွေ့သလို၊ ရန်ပက်သလို ပြောတဲ့ကိစ္စတွေ လူထုက မကျေနပ်ကြဘူး။ အဲဒီသုံးချက်ကတော့ အဓိကပဲ။

မေး၊    ၊ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မပါတဲ့ တနင်္သာရီဝန်ကြီးချုပ်ဟောင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ တခြား ဘာတွေရှိသေးလဲ။

ဖြေ၊    ၊ ရှိနိုင်သေးတယ်။ အဂတိက စစ်ဆေးတာက တိုင်စာတွေ လွှတ်တော်ရဲ့အစီရင်ခံစာတွေနဲ့ စစ်ဆေးတာကို။ ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်က စောင်းကောက်ကျွန်းလိုဟာမျိုးကို နီးစပ်ရာပေးဖို့ ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင် အခုရက်ပိုင်းမှ တက်လာတာလေ။ ကျွန်တော်တော့ မသိလိုက်ဘူး။ အခုမှ သိတာ။ အဲလို ဟာမျိုးတွေက ရှိလာနိုင်တယ်။ သက်ဆိုင်ရာလူတွေ သူတို့ သိထားပြီးတော့မှ ပြောခွင့်မရလိုက်တာတွေ ရှိနေမယ်ထင်တယ်။

မေး၊    ၊ ခုသမ္မတကနေ တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်လိုက်တဲ့ တိုင်းသယံဇာတဝန်ကြီး ဦးမြင့်မောင်နဲ့ ပတ်သက်ပြီးတော့ကော ဘာပြောချင်လဲ။

ဖြေ၊    ၊ ခေတ္တဝန်ကြီးချုပ်က ရိုးဂုဏ်ရှိတယ်။ မပြောင်းလဲသွားဘူးပေါ့လေ။ လူထုနဲ့ ထိစပ်မှု ရှိတယ်။ ပြည်သူလူထုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိတယ်ပေါ့။ သယံဇာတနဲ့ ပတ်သက်ပြီး သတ္တုမိုင်းတွေ ကိစ္စ ကျပ်ကျပ်မတ်မတ် လုပ်လာနိုင်တယ်။ သတ္တုမိုင်းစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့လာနိုင်တယ်။ သူကလည်း တတ်နိုင်သလောက် လုပ်မယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ သိထားရတယ်။  မြင်သာတာကတော့ မိုင်းကိစ္စ အရမ်းမြင်သာတယ်။ ကျေးရွာတွေမှာ  မိုင်းစောင့်ကြည့်ရေးအဖွဲ့တွေ ရှိလာတယ်။ မိုင်းကို ကျပ်ကျပ်မတ်မတ် ကိုင်တွယ်နိုင်လာတယ်။

မေး၊    ၊ မဲဆွယ်အပြုံးဆောင်းပါး စီရင်ချက်ကို အယူခံတက်လိုက်ပြီလို့ သိရတယ်။ တရားစွဲခဲ့တဲ့ ဝန်ကြီးချုပ်က အထဲရောက်သွားပြီဆိုတော့ အမှုက တစ်မျိုးတစ်မည် ပြောင်းပြီး ပြစ်ဒဏ် ပယ်ချ မလားလို့ မျှော်လင့်ထားတာ ရှိလား။

ဖြေ၊    ၊ အဲဒါက မမျှော်လင့်အပ်ဘူး။ သဘောတရားတစ်ရပ်က မဏ္ဍိုင်တွေက သူ့ဟာနဲ့သူ လွတ်လွတ်လပ်လပ် ရှိနေတယ် ဆိုတာက ရှိနေတယ်လေ။ ဝန်ကြီးချုပ်ကို အဂတိနဲ့ ဖမ်းလိုက်တဲ့ ကိစ္စ အမှုပေါ် ဘယ်လောက် သက်ရောက်လဲ၊ သက်ဆိုင်ရာ တရားရုံးက လက်ရှိနိုင်ငံရေး အခင်းအကျင်းကို သူ့ရဲ့စဉ်းစားချက်တွေထဲမှာ ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားမလဲပဲ မူတည်ပါတယ်။ သဘောတရားအရတော့ သူ့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အဲဒီလောက် မမျှော်လင့်ထားဘူး။ မမျှော်လည်း မမျှော်လင့်အပ်ဘူး။

မေး၊    ၊ တနင်္သာရီတိုင်းမှာ မီဒီယာလွတ်လပ်ခွင့်တွေ ပိုပြီး ရေးရဲဖို့အတွက် အခြေအနေတွေ ပေါ်ပေါက်လာမလား။

ဖြေ၊     ၊ အရင်ကတည်းကလည်း ရေးနေတာပဲလေ။ ဒါကြောင့် ရေးသင့်ရေးထိုက်တဲ့ဟာ၊ ကျွန်တော်တို့ လက်တံတွေနဲ့ မီတဲ့ဟာတွေကို ရေးနေတာပဲလေနော်။ အပြောင်းအလဲ ရှိကောင်းရှိနိုင်တာက မီဒီယာနဲ့ အစိုးရနဲ့ ဆက်ဆံရေး အပြောင်းအလဲ ရှိနိုင်တာပဲ။ အရင်တုန်းကတော့ ဒီအမှု ဖြစ်ပြီးသွားတော့ ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့နဲ့ တိုက်ရိုက်အင်တာဗျူး မရတော့ဘူးလေ။ သူ့ကိုယ်ရေးအရာရှိကနေ ဖြေတာတို့၊ စာနဲ့ပဲ တစ်ဆင့် ဖြေတာတို့ အဲဒီလိုမျိုးတွေ ဖြစ်သွားတယ်။ လမ်းပေါ် ပွဲတွေမှာ ဆီးပြီး မေးမှပဲ။ မရှောင်နိုင်မှဘဲ ဖြေတာတို့ ဖြစ်သွားတယ်။ ရေးတာသားတာက အရင်ကတည်းက ရေးနေတာပဲ။ အခုလည်း အရင်တိုင်းပဲ ဆက်ရေးသွားမယ်။ ဒါက အပြောင်းအလဲ မရှိနိုင်ဘူး။ မီဒီယာနဲ့ တိုင်းအစိုးရအဖွဲ့နဲ့ ဆက်ဆံရေးကတော့ တစ်မျိုးတစ်ဖုံ ပြောင်းသွားမယ်လေ။ ဘယ်လိုလာမလဲတော့ မပြောတတ်သေးဘူး။ (လက်ရှိ) ဝန်ကြီးချုပ်က ဘယ်လောက်ထိ မီဒီယာပေါ်မှာ အလေးအနက်ထားမယ်၊ မီဒီယာရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ထိ ရနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆက်ဆံရေးကတော့ ပြောင်းသွားမယ်။

မေး၊     ၊ ဖြည့်စွက်ပြီး ဘာပြောချင်သေးလဲဗျ။

ဖြေ၊    ၊ သက်ဆိုင်ရာ အစိုးရတွေ ၊ တရားရုံးတွေ အနေနဲ့ ကိစ္စရပ် တစ်ခုခုနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ တချို့ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစား ဆုံးဖြတ်စေချင်တယ်။ ကျွန်တော့်အမှုလိုမျိုးဆို ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီး ရှိတာကိုး။ စာပေသဘောတရားပါတယ်၊ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပါတယ်၊ မီဒီယာသဘောတရားပါတယ်။ အဲဒီလို သဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထည့်သွင်းစဉ်းစားတာမျိုး မရှိဘူးလို့ တွေ့ရတယ်။ ကျွန်တော့်အမှုမှာဆို မြို့နယ်ရုံးရဲ့ဆုံးဖြတ်ချက်မှာပေါ့လေ။ အဲလိုမျိုး ထည့်သွင်း စဉ်းစားတဲ့ဟာမျိုးဆို ပိုကောင်းမယ်။    ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading