ရွှေတိဂုံစေတီသို့ လာရောက်သူများထဲတွင် ဝတ်စားဆင်ယင်မှု မသင့်လျော်သူ အများအပြား ပါဝင်နေတတ်သည်ဟု ဂေါပကအဖွဲ့က ပြောသည်
ရွှေတိဂုံစေတီတော်သို့ လာရောက်သူများ လိုက်နာရမည့် ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းချက်ကို အများသိ ကြေညာထားသော်လည်း လိုက်နာမှုမရှိသူ အများအပြား ရှိနေကြောင်း ရွှေတိဂုံဂေါပကအဖွဲ့က မတ်လ ၁၄ ရက်နေ့တွင် ပြောသည်။
စကတ်အတို၊ ဒူးနှင့်အထက် ဘောင်းဘီတို၊ စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီအပြဲ၊ အသားကပ်ဘောင်းဘီ၊ ခြေအိတ်တို့ကို ဝတ်ဆင်ပြီး လာရောက်ခြင်း မပြုကြရန် တားမြစ်ထားသည်ဟု ဂေါပကအဖွဲ့ဝင် ဦးမိုးချစ်က ဆိုသည်။

“တချို့ Foreigner (နိုင်ငံခြားသား) တွေလည်း ပြောရခက်တယ်။ (ရင်ပြင်ပေါ် မသွားခင်) အောက်မှာ သူတို့ကို လုံချည် ပတ်ပေးလိုက်လည်း အပေါ်ရောက်ရင် ချွတ်ပြီး သူတို့အိတ်ထဲ ပြန်ထည့်တာတွေ ရှိတယ်။ တချို့ဆို အနယ်နယ် အရပ်ရပ်က လာဖူးကြတယ်။ ဝတ်ပါဆိုရင် ပြောရဆိုရခက်တယ်။ ဒါတွေက ပြောလို့ကလည်း မရ။ သူတို့က ဘုရားလာဖူးတာ၊ အရေးယူလို့ ဘယ်လိုကောင်းမလဲ” ဟု ရွှေတိဂုံစေတီတော်မြတ်ကြီး ဝန်ထမ်းရေးရာ တာဝန်ခံ ဦးမိုးချစ်က Myanmar Now သို့ ပြောသည်။
ရွှေတိဂုံစေတီ ရင်ပြင်ပေါ်သို့ သွားရောက်ရန် စောင်းတန်း လေးခုနှင့် ဓာတ်လှေကားများ ရှိပြီး ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းချက်နှင့် မညီသည့် ဘုရားဖူးသည် ရင်ပြင်ပေါ်သို့ မရောက်မီ လုံချည်၊ ပုဆိုး ငှားရမ်း ဝတ်ဆင်ရန် ကျပ် သုံးထောင် (သို့မဟုတ်) အထောက်အထားကတ် တစ်ခုခု ယာယီ အပ်နှံရမည် ဖြစ်သည်။


ငှားရမ်းသူ နေ့စဉ် ၇ဝဝ ခန့် ရှိရာ ငှားရမ်းသွားသည့် ပုဆိုး၊ လုံချည်များ ပြန်လည် မအပ်နှံသူ လစဉ် အယောက် ၂ဝ ခန့် ရှိတတ်သည်ဟု ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောသည်။
လုံချည်၊ ပုဆိုး အသစ် ဝယ်ယူလိုသူတို့အတွက်လည်း အဆင်ပြေစေရန် စီစဉ်ထားသည်ဟု သူက ဆက်ပြောသည်။


ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းချက်ကို ရွှေတိဂုံစေတီ အင်တာနက်စာမျက်နှာတွင်လည်း မြန်မာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် တွေ့ရသည်။
"ဘုရားဖူးဧည့်သည်တော်များအနေဖြင့် ရွှေတိဂုံစေတီ တော်မြတ်ကို လေးစားကြည်ညိုသည့်အနေဖြင့် မိမိတို့၏အဝတ်အစားများကို ရိုးရိုးနှင့် ဣန္ဒြေရရ ဝတ်ဆင်သင့်ပါသည်။ ဖော်ပြပါ အဝတ်အစား ကန့်သတ်ချက်အတိုင်း လိုက်နာဝတ်ဆင်ရမည်။ ဘောင်းဘီရှည် (သို့) ဒူးဖုံးသည့် ဘောင်းဘီတို၊ စကတ်နှင့် တံတောင်ဆစ်အထိရှည်သည့် တီရှပ်အင်္ကျီများကို ဝတ်ဆင်နိုင်သည်။ ဘုရားရင်ပြင်တော် ပေါ်သို့ ဖိနပ်ချွတ်ပြီးမှသာ တက်ရောက် ရမည်။ ဖေါ်ပြပါ အဝတ်အစား ကန့်သတ်ချက်နှင့် ပတ်သက်ပြီး မသိရှိ၍ မှားယွင်း ဝတ်ဆင်မိလျှင်လည်း အပြစ် ကြီးကြီးမားမား မသက်ရောက်ပါ" ဟု အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












