လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု ရက်ပိုင်းအတွင်း ဖယ်ပေးရန် ကန့်ကွက်သူတို့ တောင်းဆို

ကယားပြည်နယ်မြို့တော်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ရက်ပိုင်းအတွင်း ဖယ်ရှားခြင်းမပြုပါက လူထုလှုပ်ရှားမှုနှင့် ရင်ဆိုင်ရမည်ဟု ကန့်ကွက်သူတို့က ပြောသည်။

Published on Mar 12, 2019
ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်တွင် ပြုလုပ်သည့် ကြေးရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - Union of Karenni State Youth – UKSY)
ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်တွင် ပြုလုပ်သည့် ကြေးရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - Union of Karenni State Youth – UKSY)

ကယားပြည်နယ်၊ လွိုင်ကော် မြို့လယ်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို လာမည့်တနင်္ဂနွေနေ့ (မတ်လ ၁၇) နောက်ဆုံးထားပြီး နေရာရွှေ့ပြောင်းပေးရန် ကြေးရုပ်ကန့်ကွက်သူများက ပြည်နယ်အစိုးရကို တောင်းဆိုလိုက်ပြီး ပျက်ကွက်ပါက ပိုမိုပြင်းထန်သည့် လူထုလှုပ်ရှားမှုတစ်ခုနှင့် ရင်ဆိုင်ရမည်ဟု ယနေ့ သတိပေးလိုက်သည်။

ကြေးရုပ်ကိုထောက်ခံသူ နှင့် ကန့်ကွက်သူများအကြား ဆွေးနွေးရန် သဘောတူထားသည့် တစ်လကြာ အချိန်ကာလ ပြည့်သွားသည့်နေ့တွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ သတ်မှတ်ကာလအတွင်း နှစ်ဘက်ကြား ဆွေးနွေးမှုသည် သဘောတူညီချက် တစုံတရာ မရရှိခဲ့ပါ။

ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခဲ့သည့် ကြေးရုပ်ပြဿနာကို မဖြေရှင်းပါက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ ဆန္ဒပြပွဲကဲ့သို့ လူထုအုံကြွမှုနှင့် ရင်ဆိုင်ရမည်ဟုလည်း ကန့်ကွက်သူများက ဆိုသည်။

ပြီးခဲ့သည့်လက လွိုင်ကော်မြို့တွင် လူထောင်နှင့်ချီ ပါဝင်သည့် ကြေးရုပ်ကန့်ကွက်ပွဲ  ပြုလုပ်ခဲ့ပြီး ရဲက ရော်ဘာကျည်ဖြင့် ပစ်ခတ်နှိမ်နှင်းသည်အထိ နှစ်ဖက်အကြားတင်းမာခဲ့သည်။

ကြေးရုပ် ဦးဆောင်ကန့်ကွက်သူ ကိုဒီးဒီက ၎င်းတို့သည် ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အစိုးရအရာရှိများထံ ကြေးရုပ်အရေး စာပို့တိုင်ကြားထားသော်လည်း ဘာမျှအကြောင်းပြန်မလာဟု ပြောသည်။ 

အစိုးရဘက်က ညှိနှိုင်းရန် ပျက်ကွက်ပါက ၁၀ တန်းစာမေးပွဲနှင့် ဒေသတွင်းလူမျိုးစုများ၏ ဘာသာရေးပွဲတော်များ ပြီးချိန် လာမည့်ရက်ပိုင်းအတွင်း ဖေဖော်ဝါရီလ ကန့်ကွက်ဆန္ဒပြပွဲကဲ့သို့ ပြင်းထန်သည့် လူထုလှုပ်ရှားမှုဖြင့် တုံ့ပြန်ရမည်ဟု ၎င်းကဆိုသည်။

ကန့်ကွက်သူများက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ အဓိကတာဝန်ရှိကြောင်း စွပ်စွဲခဲ့ကြပြီး ပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

 “ပြဿနာ အကြီးကြီးတွေ မဖြစ်ခင် လေးလေးနက်နက် မဖြေရှင်းဘူးဆိုရင် အကျိုးဆက်တွေမကောင်းနိုင်ဘူး” ဟု ပြည်နယ်အစိုးရထံ ယနေ့တွင် နောက်ဆုံးသတိပေးစာ ပို့ခဲ့သည့် ကရင်နီပြည်လူငယ်များအင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်က ပြောသည်။

သို့သော် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကြေးရုပ်စိုက်ထူရေးအတွက် အစိုးရအဖွဲ့က ဦးဆောင်ခြင်း မဟုတ်သလို စိုက်ထူရေးအဖွဲ့တွင်လည်း အစိုးရအရာရှိများ မပါဝင်ဟု RFA သတင်းဌာနကို ဖေဖော်ဝါရီလ အတွင်းက ပြောကြားခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးအစီစဉ်ကို ကယားပြည်နယ်အစိုးရက ၂၀၁၈ ဖေဖော်ဝါရီလအတွင်းက စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် အရပ်ဘက်အဖွဲ့များထံ လွှဲပြောင်းပေးခဲ့သည်။

အစိုးရထံမှ လက်လွှဲယူခဲ့သည့် ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းအောင်က ၎င်းတို့သည် ကြေးရုပ်စိုက်ထူပြီးနောက် အစိုးရထံ အပ်လိုက်ပြီ ဖြစ်သောကြောင့် ကန့်ကွက်သူများ ကြေးရုပ်အနာဂတ်ကို ဆွေးနွေးလိုပါက အစိုးရနှင့်သာ ဆွေးနွေးသင့်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်မှုများ ပြင်းထန်လာပါက တပ်မတော်ကို ကိုင်တွယ်ရန် တာဝန်ပေးရမည် ဟုလည်း ကယားဝန်ကြီးချုပ်က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ပြောကြားသဖြင့် ပွဲဆူခဲ့ရသည်။ အဆိုပါပြောကြားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်မှုလွဲမှားပြီး ထင်မြင် ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး အခြေခံဥပဒေနှင့်မညီဟု တပ်မတော်ဘက်က တုန့်ပြန်ခဲ့သည်။

ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာလျှင် ဝန်ကြီးချုပ်ပြောကြားခဲ့သကဲ့သို့  တပ်မတော်ကို ထိန်းသိမ်းရန် တာဝန်ပေးမည် ဆိုပါက ဒေသတွင်းအခြေစိုက်သည့် လူမျိုးစုလက်နှက်ကိုင်များနှင့်တင်းမာမှု မြင့်တက်လာနိုင်ကြောင်း ကြေးရုပ်ကန့်ကွက်ရေး ဦးဆောင်သူ ဒီးဒီက ပြောသည်။

“တကယ်တော့ ဒီကိစ္စက (တပ်မပြောနဲ့) ရဲတောင် မလိုဘူး။ အစိုးရက အေးအေးဆေးဆေးနဲ့ ဖြေရှင်းလိုက်ရင် ရဲတောင်မလိုဘူး” ဟု ၎င်းက ပြောသည်။

ကြေးရုပ် စိုက်ထူရန် ထောက်ခံသူများက ဗိုလ်ချုပ်သည် ပြည်ထောင်စု၏ အမှတ်သင်္ကေတဖြစ်သောကြောင့် စိုက်ထူသင့်ကြောင်း သဘောထားရှိကြသည်။

ရုပ်ထုတားရှိရေးကန့်ကွက်သူများက ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ကယားပြည်နယ် (ထိုစဉ်က ကရင်နီပြည်) သို့ တစ်ကြိမ်သာ လာရောက်ဖူးပြီး ထိုခရီးစဉ်သည် ဗြိတိသျှတို့ထံမှ ပြည်မနှင့်အတူ လွတ်လပ်ရေး ရယူရန် လာရောက် စည်းရုံးသည့် ခရီးစဉ်သာဖြစ်ကြောင်း ထောက်ပြကြသည်။

ဗိုလ်ချုပ်အောင်ဆန်း လာရောက်စည်းရုံးစဉ်က ပြောကြားခဲ့သော တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လက်တွေ့ကျသော အာမခံချက်များကို နောက်ပိုင်းခေါင်းဆောင်များက မလိုက်နာခဲ့ဘဲ ဗိုလ်ချုပ်ရုပ်ထု ထားရှိခြင်းသည် တိုင်းရင်းသားများအကြား ပိုမိုရှုပ်ထွေးသည့်အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း ကန့်ကွက်သူများက အစိုးရကို ပြီးခဲ့သည့်နှစ်က အိပ်ဖွင့်ပေးစာတစ်စောင်ပို့ကာ ထောက်ပြခဲ့သည်။

ဗမာ ဘုရင်ကိုယ်စားလှယ်နှင့် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့သော ၁၈၇၅ ခုနှစ် မှတ်တမ်း အရ အဆိုပါဒေသသည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိကြောင်း ပေါ်လွင်သည်ဟု ယင်းအိတ်ဖွင့်ပေးစာတွင် ကိုးကားဖော်ပြခဲ့ကြသည်။

ကရင်နီပြည် ဟု ခေါ်ဝေါ်ခဲ့ဖူးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း ယခုရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ကြား ဒေသကို လွတ်လပ်ရေး ရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘ကရင်နီပြည်နယ်’ ဟု သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ် အတွင်း ထည့်သွင်းခဲ့သည်။ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်ဖြင့် သီးခြားပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

ထွန်းခိုင်သည် Myanmar Now သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading