သစ္စာဖောက်တံဆိပ်ကပ်ပြီး လူသတ်ရတာလွယ်နေပြီလား ရခိုင်ပြည် (အတွေးအမြင်)

အမျိုးသားသစ္စာဖောက်များကို ရှင်းပစ်ရမည်ဆိုသော ကြွေးကြော်သံများက လူမှုကွန်ရက်များမှာတင် မရပ်ဘဲ ရပ်ထဲရွာထဲအထိ ဆင်းသက်လာခဲ့သည့်အဖြစ်များ ရခိုင့်မြေပြင်တွင် ခပ်စိပ်စိပ်ဖြစ်လာသည်။

မြောက်ဦးမြို့ဟောင်း စေတီများအနီး ၂၀၁၂ ခုနှစ်က တွေ့ရသည့် သာမဏေနှစ်ပါး (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

မြန်မာတပ့်မတော်နှင့် ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ဆိုကာ လက်နက်ကိုင် ပုန်ကန်နေသော AA တို့ စစ်ပွဲများ ဖြစ်ပွားလာရာတွင် အာဏာပိုင်များထံ သတင်းပေးသည်ဟု မသင်္ကာဖွယ်ရှိသူများကို ရခိုင်အမျိုးသားသစ္စာဖောက်ဆိုသော တံဆိပ်ကပ်ကာ မည်သူကမှန်းမသိ သတ်ဖြတ်လာခြင်းများ ရခိုင့်မြေပြင်တွင် မြင်တွေ့လာရသည်မှာ ပြီးခဲ့သည့်နှစ်ကတည်းက ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ စက်တာဘာ ၁၅ ရက်နေ့က စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းတွင် မိသားစုနှင့်အတူ ပွဲဈေးတန်းကို သွားရင်း စစ်ဖက်ဆိုင်ရာလုံခြုံရေး (စရဖ) အဖွဲ့ဝင် တပ်ကြပ်ဝင်းထိုက် (ခ)ဖိုးလုံးကို ပစ္စတိုဖြင့် နားထင်ကို တေ့ပစ်သတ်သွားမှုတွင် အခုထိ တရားခံကို ရှာဖွေဖော်ထုတ်နိုင်မှု မရှိသေးပေ။

မသင်္ကာမှုနှင့် ဖမ်းဆီးထားသော လူငယ်လေးဦးအားဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးလျက်သာရှိပြီး အမှုမှန်ကို မဖော်ထုတ်နိုင်သေးပေ။

၂၀၁၈ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှ ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုပါတီဝင် ဦးခင်သန်းမောင်ကို နေအိမ်တွင် ရုပ်မြင်သံကြား ကြည့်နေရင်း သေနတ်ဖြင့် အနီးကပ် ပစ်သတ်သွားမှု ဖြစ်ပွားခဲ့သည်။ အဆိုပါအမှုအတွက်လည်း လူသတ်သမားကို ဖမ်းဆီးရမိခြင်း မရှိသေးသလို မည်သည့်အဖွဲ့ကဖြစ်ကြောင်းလည်း တိတိပပ သိထားမှု မရှိနိုင်သေးပေ။

ထူးခြားချက်များတော့ ရှိသည်။ အဆိုပါ အသတ်ခံရသူနှစ်ဦးအား လုပ်ကြံခြင်း မပြုလုပ်မီကတည်းကပင် ၎င်းတို့ပုံနှင့်တကွ ‘အမျိုးသားသစ္စာဖောက်ကို ရှင်းရမည်’ ၊ ‘ဗမာတပ်ကို သတင်းပို့သူများကို အရှင်မထားနဲ့’ ဆိုသည့်ပို့စ်များ facebook ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တင်ခဲ့ဖူးသည်များ ရှိသည်။ ယင်းကဲ့သို့တင်သူများကို ကြည့်လျှင် ‘အာရီယာန်မျိုးချစ်’ စသော အမည်များကို တွေ့ရခြင်းဖြစ်၍ တစ်စုံတစ်ယောက် တစ်ဖွဲ့ဖွဲ့ကို အတိအကျ စွပ်စွဲရန် မလွယ်ပေ။

သို့သော် အဆိုပါစွပ်စွဲခံရသူများ သေဆုံးပြီးသည့်တိုင်လည်း ယင်းကဲ့သို့ facebook သုံးစွဲသူများက ဝမ်းသာအားရဖြင့် ‘အမျိုးသားသစ္စာဖောက်များ သေသင့်တာကြာပြီ’ ဆိုသော မှတ်ချက်များစွာဖြင့် ဝမ်းသာအားရ မှတ်ချက်ပေးနေကြသည်ကိုလည်း တွေ့ရပြန်သည်။ ထိုသို့ တွေ့ရဖန်များလာသောအခါ လူတစ်ဦးတစ်ယောက်ကို သတ်ရန်အတွက် အမျိုးသားသစ္စာဖောက်ဆိုသော တံဆိပ်ကပ်လိုက်လျှင်ပင် လူသတ်၍ရပြီလောဆိုသော မေးခွန်းများဖြစ်လာသည်။

“အမျိုးသားသစ္စာဖောက်” ဆိုတာဘာလဲ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် AA အဖွဲ့က ဘူးသီးတောင်မြို့နယ် နွားရုံတောင်စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်နှင့် ဒေသခံနှစ်ဦးတို့ထံ ကျည်တစ်တောင့်နှင့် စာတစ်စောင် ပို့လိုက်သည်။ နောက်ထပ် မကြာမီမှာလည်း မြောက်ဦးမြို့နယ် တိမ်ညို စခန်းမှူးတို့ကိုလည်း ကျည်တစ်တောင့်နှင့် စာတစ်စောင်စီ ပို့ခဲ့သည်။ ထိုစာတွင်လည်း ၎င်းတို့၏ ရက္ခိတလမ်းစဉ်ကို နှောင့်ယှက်ခြင်း မပြုရန်၊ နှောင့်ယှက်ခြင်းပြုလျှင် “အရေးယူမည်” စသော စာသားများ ပါနေခဲ့သည်။

သို့ဖြစ်ရာ AA ကလည်း ၎င်းတို့၏ ‘ရက္ခိတလမ်းစဉ်’ အတွက် အနှောင့်အယှက်ပြုသူများကို သတိပေးစာ ထုတ်ပြန်ထားချိန်၊ လူတချို့ကလည်း အွန်လိုင်းပေါ်တွင် အမျိုးသားသစ္စာဖောက်အဖြစ် တံဆိပ်ကပ်လိုက် အသတ်ခံလိုက်ဖြစ်လာကြရာ ဆက်စပ်နေပုံကို မေးစရာဖြစ်လာသည်။ တချို့ကလည်း မိမိတို့၏ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများအတွက် တချို့ပုဂ္ဂိုလ်များကို ရှင်းထုတ်ရာတွင် အမျိုးသားသစ္စာဖောက်ဆိုသောစကားကို စတင်သုံးစွဲကာ ပုံမှားရိုက်လာခြင်းလား စသော အယူအဆများ ရှိလာကြသည်။

“ပြည်သူ့တွေအနေနဲ့ တရားဥပဒေစိုးမိုးမှု မရှိတာကို စိုးရိမ်နေတာပါ။ ကျနော့် အမြင်ကတော့ ဒီနေ့နိုင်ငံရေးအရ အခြေအနေ ဖြစ်ပျက်နေတဲ့အပေါ်မှာ တောမီးလောင် တောကောင် လက်ခမောင်းခတ် ဆိုသလိုပေါ့ သူတို့က (AA က) က ထုတ်ထားတဲ့ စာဆိုတာကလည်း သူတို့က ထုတ်ပြန်ထားတာတော့ မှန်ပါ တယ်။ သို့သော်လည်း မြေပုံက ကြာအင်းတောင် အမှုမှာကျတော့ ကျည်ဆံကိုလည်း ရတယ်၊ ဒီလိုရတော့ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဆံဆိုတာကို လိုက်ရင် လိုက်လို့ရနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ ဒါကို ဒီနေ့ထက်ထိ အစိုးရဘက်ကလည်း လိုက်လံစုံစမ်းတာ မရှိသေးတဲ့အတွက် AA ဘက်က ဘယ်လောက်ပဲ စာထုတ်စေကာမူ သူတို့လုပ်တယ်လို့လည်း တပ်အပ်ပြောဖို့ ခက်ပါတယ်” ဟု မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်စိန်က ပြောသည်။

ယင်းကဲ့သို့ သေသူကသေသွားပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးကလည်း ထိရောက်စွာ မဆောင်ရွက်နိုင်သည့်အပေါ်တွင် စိုးရိမ်စရာများကလည်း ရှိလာသည်။ တချို့ အကျိုးစီးပွားချင်း အားပြိုင်မှု၊ ပုဂ္ဂိုလ်ရေး မပြေလည်မှုများအတွက် ၎င်းတို့ထုတ်ပြန်ထားသည့်စာကို အခွင့်ကောင်းယူပြီး အသုံးချလာခြင်းလည်း ရှိလာနိုင်သည်ဟု ဦးလှအောင်စိန်က ဆိုသည်။

“ကျွန်တော်တို့ အများကြီး စိုးရိမ်တာလည်းရှိပါတယ်။ ကျွန်တော်တို့မှာက အရင် ရန်ငြိုးရန်စ ရှိတာတွေကို ဒီလိုအချိန်မှာ အခွင့်အရေးသမားက အခွင့်အရေးယူဖို့အတွက် ပုံစံမျိုးဖြစ်လာ နိုင်ပါတယ်။ ဒီတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ပြည်လုံးက တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူး။ တာဝန်ခံမှု၊ တာဝန်ယူမှုလည်းမရှိတော့ သေတဲ့သူက အဆုံးဖြစ်တာပေါ့” ဟု ၎င်းက ပြောသွားသည်။

ယင်းကဲ့သို့ လူသတ်တရားခံများကို ဖမ်းမမိခြင်း၊ အမှုမှန် မပေါ်ပေါက်ခြင်းများ ရှိနေသည့်ကြားထဲ အမျိုးသားသစ္စာဖောက်ရှာပုံတော် ကြွေးကြော်သံများကလည်း ငြိမ်သက်သွားခြင်း မရှိပေ။ များမကြာမီကလည်း မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ၎င်း၏နေအိမ်တွင် ထိုင်နေရင်း ဆိုင်ကယ်နှင့်လာသော သေနတ်သမားတစ်ဦးက ပစ်ခတ်သွားခဲ့သည်။ ၎င်းကိုမလုပ်ကြံမီက လူမှုကွန်ရက်ပေါ်တွင် အမျိုးသားသစ္စာဖောက်အဖြစ် တံဆိပ်ကပ်ကာ ဝိုင်းဝန်းရှုတ်ချ တိုက်ခိုက်ကြသည်များလည်း ရှိခဲ့ပြန်သည်။

၎င်းနှင့်ရှေ့နောက်တွင်ပင် မင်းပြားမြို့နယ်အပိုင် တိုက်နယ်တစ်ခုဖြစ်သော ပန်းမြောင်းကျေးရွာမှ ဦးမောင်အေးသိန်းဆိုသူအား ဇန်နဝါရီ ၂၂ ရက်နေ့  ည ၉ နာရီ မိနစ်တွင် အမည်မသိ သေနတ်သမားတစ်ဦးက ပစ်သတ်သွားခဲ့သည်။ ၎င်းကိုလည်း သေနတ်သမားက ခြံစည်းရိုးနားထိ လာကာ အနီးကပ် လုပ်ကြံသွားခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း သေနတ်များ ရပ်ထဲရွာထဲတွင် ပေါပေါများများ ရှိလာခြင်းများပင်။ နောက်ပြီး အိမ်တိုင်ရာရောက်လာပြီး လုပ်ကြံခြင်း၊ လူ ရှိမရှိ အသေအချာ လေ့လာခြင်းများမှာ လုပ်ကြံသူတို့အတွက် လိုအပ်သည် ဆိုသော်လည်း အခြေအနေကို ကြည့်ပြီး တိတ်ဆိတ်စွာ လုပ်ကြံကြခြင်းမှာ အဆိုပါ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်သည့်သူများဟု ယူဆရဖွယ်ရှိသည်။ သို့ဆိုလျှင် သစ္စာဖောက် တံဆပ်ကပ်လိုက်လျှင်ပင် လူသတ်ပွဲများကို စိတ်တိုင်းကျသတ်၍ရသည့် အလားသဏ္ဌာန် ဖြစ်လာသည်။

သည်လိုမျိုးလုပ်ဆောင်ချက်များကို မည်သို့မည်ပုံ တားဆီးပြီး သတိထားသင့်သနည်း။ အစိုးရဘက်ကလည်း ထိရောက်သော သတိပေးချက်များကို လုပ်ဆောင်သည်ကို မတွေ့ရပေ။

ရန်ကုန်-စစ်တွေ ကားလမ်းတွင် နိုင်ငံသားမှတ်ပုံတင်ကို အကြိမ်ကြိမ်စစ်ဆေးသည့် အာဏာပိုင်များသည် ရခိုင်ပြည်နယ်သို့ လူသတ်လက်နက်များ ရောက်ရှိမသွားအောင်တော့ မတားဆီး မစိစစ်နိုင်ခဲ့ပေ။ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ အစိုးရနှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာတွင် ကြားညပ်ခြင်းများကြောင့် တချို့မြို့နယ်မှ အုပ်ချုပ်ရေးမှူးများမှာလည်း အစုလိုက်အပြုံလိုက် နုတ်ထွက်မှုများလည်း ရှိလာသည်။ ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၃၈ ဦး နုတ်ထွက်သည်။ မြောက်ဦးမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၁၀၀ တို့လည်း နုတ်ထွက်သည်။

ယင်းသို့ဖြစ်နေဆဲတွင်ပင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးဦးဘစောအား အမည်မသိသူများက မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ဓားဖြင့် ထိုးသတ်သွားခဲ့ပြန်သည်။ ဦးဦးဘစောကို မလုပ်ကြံမီရက်ပိုင်းကလည်း ‘အမျိုးသားသစ္စာဖောက်ကို ရှင်းရမည်’ ဆိုသော ပို့စ်များ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။

AAက အရေးယူတာလား၊ ပုဂ္ဂိုလ်ရေးလား

ကျောက်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကမူ ရခိုင်ပြည်နယ်၏ အခြေအနေသည် ဥပဒေစိုးမိုးရေး ပျက်စီးနေသည့်အတွက် ကိုယ်ခံအား လျော့နည်း ကျဆင်းနေသည့် လူမမာနှင့်တူပြီး ထိုအခြေအနေကို အခွင့်ကောင်းယူကာ တချို့သော ပုဂ္ဂိုလ်ရန်ငြိုးရှိသူများက ၎င်းတို့ မကျေနပ်သူအပေါ် AAကပဲ လုပ်သယောင် ပုံမှားရိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“ဒီလိုဖြစ်သွားတဲ့အပေါ်မှာလည်း ထိထိရောက်ရောက် မလုပ်နိုင်တော့ နောက်ထပ်ဖြစ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုကို တွန်းအားပေးသလို ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

AAက သတိပေးစာ ထုတ်ပြန်ချက်များမှာလည်း ၎င်းတို့၏လမ်းစဉ်အတွက် ထုတ်ပြန်သည်ဆိုသော်လည်း အဆိုပါထုတ်ပြန်ချက်ကို အမှီပြုပြီး ပုဂ္ဂိုလ်ရေးမကျေနပ်မှုများအတွက် ဖြေရှင်းရာတွင် တံဆိပ်ကပ်ပြီး သုံးလာကြသည်များလည်း ရှိလာနိုင်သည်။ ဥပမာအားဖြင့် ပန်းမြောင်းမှ ဦးမောင်အေးသိန်း အသတ်ခံရမှုတွင် ၎င်းအားမသတ်မီ AAက သတိပေးစာ ပေးထားပြီး ဖြစ်သည်ဟု တချို့က ဆိုကြသည်။ သို့သော် ထိုပေးစာမျိုး မပေးထားပါဟု AA ပြောရေးဆိုခွင့်ရှိသူက မီဒီယာများတွင် ငြင်းဆိုထားသည်။

သို့ဆိုလျှင် AA အနေဖြင့်လည်း ၎င်းတို့၏လမ်းစဉ်ကို နှောင့်ယှက်သည်ဆိုရာတွင် ဘယ်ရွှေ့ဘယ်မျှထိကို ခွင့်ပြုသည်၊ ဘယ်ရွှေ့ဘယ်မျှထိကို ခွင့်မပြုဘူး ဆိုသော ရှောင်ရန် ဆောင်ရန်များကို ထည့်သွင်းဖော်ပြထားလျှင် တပ်နှင့်ဖြစ်စေ၊ အစိုးရနှင့်ဖြစ်စေ အလုပ်သဘောအရ ဆက်ဆံရသူများအတွက် ဆင်ခြင်လုပ်ကိုင်၍ရသည်ဟု ယူဆချက်များလည်း ရှိလာသည်။

ဦးဦးထွန်းဝင်းကမူ AAက ၎င်းတို့လမ်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးသူများဟု တံဆိပ်မကပ်မီ မည်သည့်လုပ်ဆောင်ချက်သည် ၎င်းတို့လမ်းစဉ်နှင့် သွေဖည်ကြောင်း ရှင်းရှင်းလင်းလင်း ကြိုတင် ထုတ်ပြန်ထားသင့်သည်ဟု ပြောသည်။ ထိုသို့ မရှင်းလင်းသည့်အခါမျိုးတွင် ပုဂ္ဂိုလ်ရေး မကျေနပ်သူများက AA ၏ လမ်းစဉ်ကို အခွင့်ကောင်းယူကာ လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်သည်ဟု ပြောသည်။

“တိတိကျကျ တစ်ခုလောက် ထုတ်ပြန်ထားနိုင်ရင်တော့ တစ်ယောက်ယောက်က သေသွားရင် ဒီလူကတော့ သူတို့ရဲ့ သတ်မှတ်ချက်နှင့် လွဲချော်လို့ ဆောင်ရွက်တာမျိုးဆိုပြီးတော့ စဉ်းစားလို့ ရမှာပေါ့။ နောက်တစ်ခုက ဒီလို တိတိကျကျ မသိတဲ့အခါ သူတို့ပဲ လုပ်သလား၊ တခြားသူတို့ပဲ လုပ်သလားဆိုတာ မသိရဘူး။ ဒီလိုထုတ်ပြန်ထားနိုင်ရင်တော့ တစ်စုံတစ်ခု ဖြစ်သွားရင်တောင် ကျန်တဲ့သူတွေက သူက ဒီလိုကြောင့် ဒီလို ဖြစ်သွားတာ ငါတို့အတွက် စိုးရိမ်စရာမရှိပါဘူးဆိုပြီး စိတ်သက်သာရာ ရနိုင်ပါတယ်” ဟု ပြောသည်။

တလောကလည်း အဝေးပြေးယာဉ်များတွင် မြန်မာတပ်မတော်သားများကို မတင်ဆောင်ရန်အတွက် သတိပေးစာများကို AAက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အစိုးရတပ်များက ပဋိပက္ခဒေသများသို့ တပ်ဖွဲ့များကို ပို့ဆောင်ရာတွင် စစ်ကားများကိုသာမက အရပ်သားကားကိုပါ အသုံးပြုနေသောကြောင့် ယင်းသို့မလုပ်ရန် သတိပေးစာ ထုတ်ပြန်ခြင်း ဖြစ်သည်။ ကားသမားများ ကားပိုင်ရှင်များ အနေဖြင့်လည်း AA ၏သတိပေးစာကိုလည်း ထိတ်လန့်ရ၊ လက်ရှိအစိုးရတပ်ဖြစ်သော မြန်မာတပ်မတော်က အကူညီတောင်းလာသည်ဖြစ်စေ၊ လမ်းကြုံလိုက်လာသည်ဖြစ်စေ လက်ရှိကို ပို၍ တွေးကြောက်ရသည်ဖြစ်ရာ ငြင်းပယ်ဝံ့လေမလား။

သို့ဖြစ်ရာ သူတို့သည်လည်း အမျိုးသားသစ္စာဖောက်တံဆိပ် ကပ်ခံလာရလေမလား စိုးရိမ်မကင်း ဖြစ်နေကြပြန်သည်။ တိုက်ပွဲများကြောင့် လက်နက်သံများ ဆူညံနေချိန်တွင် လူမှုကွန်ရက်ထက်၌လည်း ‘အမျိုးသားသစ္စာဖောက်များ ရှင်းပစ်’ ဆိုသည့် ကြွေးကြော်သံများက မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။

(ကျော်လင်းသည် စစ်တွေမြို့အခြေစိုက် အလွတ်တန်းသတင်းစာဆရာတစ်ဦးဖြစ်သည်။)

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading