ခန္ဓာကိုယ်နှင့် ဉာဏ်ရည်မသန်စွမ်းသူတစ်ဦးသည် မတရားပြုခံရသဖြင့် ဆယ်ကျော်သက်အရွယ်တွင် သားသည်မိခင် ဖြစ်လာပြီး လောကကို ဆက်လက် ရင်ဆိုင်နေသည်။
(ကျောင်းကုန်း) — အဆင်မပြေမှုနှင့် ရင်ဆိုင်ရသဖြင့် စိတ်မချမ်းသာရသည့် အခြေအနေနှင့် ရင်ဆိုင်ရဖူးပါသလား။ ထိုအခြေအနေကို လူတိုင်း ကြုံတွေ့ရနိုင်သည်။ သို့သော်လည်း အဆင်မပြေမှုသည် မြစ်ဝကျွန်းပေါ်ဒေသ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသတွင် နေထိုင်သော အမျိုးသမီးတစ်ဦးထံသို့ အပေါင်းအဖော်များစုပြီး ရောက်သွားတတ်သည်ဟု ဆိုရပေမည်။

လူ့လောကထဲသို့ ရောက်ကတည်းက မိန်းကလေးသည် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို မရခဲ့ပေ။ ခြေနှစ်ဘက်နှင့် လက်တစ်ဘက် မသန်သူ ဖြစ်လာသည်။ ဉာဏ်ရည်လည်း မသန်စွမ်းပေ။


လူ့လောကထဲသို့ ရောက်ကတည်းက မိန်းကလေးသည် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို မရခဲ့ပေ။ ခြေနှစ်ဘက်နှင့် လက်တစ်ဘက် မသန်သူ ဖြစ်လာသည်။ ဉာဏ်ရည်လည်း မသန်စွမ်းပေ။


ပိုးစား ယိုင်နဲ့နေသည့် ဝါးတိုင်များဖြင့် တည်ဆောက်ထားသော ဆယ်ပေပတ်လည် ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်းမစုံသည့် သူတို့အိမ်လေးမှာ ရက်များမကြာသေးမီက လေပြင်းဒဏ်ခံရပြီး ပြိုကျပျက်စီးသွားသည်။
Myanmar Now မှ သတင်းထောက်များ လအနည်းငယ်အတွင်း ဤနေရာသို့ နှစ်ကြိမ် သွားရောက်လေ့လာရာ အပြောင်းအလဲ အများအပြား ဖြစ်နေသည်ကို တွေ့ရသည်။ ပထမခရီးစဉ်တွင် မြင်ခဲ့ရသည့် အိမ်မှာ ဒုတိယခရီးစဉ်ကာလတွင် မရှိတော့ပြီ။ မုန်တိုင်းကြောင့် အိမ်ဟောင်း ပြိုပျက်သွားသည့်နေရာတွင် အိမ်သစ်ဆောက်နေသည်။ သူတပါး၏ လယ်ယာလုပ်ငန်းခွင် တစ်နေကုန်ဝင်ပေးမှ ရရှိလာသည့် လုပ်အားခသည် ရန်ကုန်မြို့ ခေတ်ပေါ်ကော်ဖီဆိုင်မှ ကော်ဖီတစ်ခွက်ဖိုးခန့်သာ ရှိသောကြောင့် သူတို့၏အိမ်သစ်ကို ပိုမိုခိုင်ခန့် သားနားစွာ မဖန်တီးနိုင်ပေ။
ကံမကောင်းသူအတွက် ကံကောင်းသည့် အချက်တစ်ခုမှာ ကိုးလလွယ် ဆယ်လဖွားပြီးနောက်တွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းကြခြင်းပင်။ ကလေးကို မိခင်နို့ တိုက်ကျွေးလျက်ရှိသည်။ နို့တိုက်စဉ် အတွေးထဲတွင် "ငါ့သားကို ငါ့လို မဖြစ်စေရဘူး၊ တခြားကလေးတွေလို ကျောင်းတက်၊ ပြေးလွှား ဆော့ကစားစေရမယ်" ဟူသည့် အချက်လည်း ပါဖွယ်ရှိသည်။
မိုးတွင်းကာလဖြစ်သည့်အတွက် အိမ်ဝန်းကျင်တွင် ရေဝပ်နေသည်။ ဤနေရာသည် မိန်းကလေး တရွတ်တိုက် သွားလာလေ့ရှိသည့် နေရာလည်း ဖြစ်သည်။
ဤအတောအတွင်း မိန်းကလေးသည် သူ့ရင်သွေး၊ သူ့မိခင်တို့နှင့်အတူ အဘွားဖြစ်သူ၏အိမ်တွင် ခိုလှုံနေသည်။
မသန်စွမ်းသူ အများအပြားသည် မုဒိမ်းမှုကျူးလွန်လိုသူတို့အတွက် ပိုမိုလွယ်ကူသည့် ပစ်မှတ် ဖြစ်နေသည်။ ယခု တွေ့ရသည့်ပုံမှာ ထိုမြို့နယ်အတွင်းမှ အခြားရွာတစ်ရွာတွင် မသန်စွမ်းသူတစ်ဦး မုဒိမ်းကျင့်ခံရမှု ဖြစ်ပွားပြီးနောက် ဒေသခံ အများအပြားက ထိုအမျိုးသမီးအိမ်သို့ သွားရောက် ဝန်းရံ အားပေးနေကြသည်ပုံ ဖြစ်သည်။ ရဲစခန်းက သူ့အမှုကို လက်ခံရေးမှာ စာရွက်စာတမ်းတချို့ လိုအပ်သည်။ ထို စာရွက်စာတမ်း ရရှိရေးအတွက် ရန်ကုန်မြို့ စိတ်ရောဂါအထူးကုဆေးရုံကြီးသို့ သွားကြရမည် ဖြစ်သည်။ များစွာ မဝေးလံသည့် ခရီးစဉ်အတွက် ကုန်ကျစရိတ်မှာ မများလှဟု ယူဆရသော်လည်း ထိုစရိတ်ကို ထိုအမျိုးသမီးက မတတ်နိုင်ချေ။ ထို့ကြောင့် ပတ်ဝန်းကျင်က ခရီးစရိတ် ကူညီ ထည့်ဝင်ကြလေသည်။
ဓာတ်ပုံများ - ကေဇွန်နွေး / Myanmar Now
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။




















