ကျူးကျော်ရပ်ကွက်မှ အသံများ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကျူးကျော်ရပ်ကွက်တစ်ခုတွင် တွေ့ရသော ကလေးငယ်တစ်ဦး (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)

သတင်းထောက် ထက်ခေါင်လင်း၊ အိချယ်ရီအောင်၊ ကျော်လင်းထွန်းတို့ တွေ့ဆုံမေးမြန်းထားတာတွေထဲက ကျူးကျော်ရပ်ကွက်ရဲ့ အနေအထားကို လှစ်ဟပြတဲ့ အသံ တချို့ကို ဖော်ပြလိုက်ပါတယ်။

မလုံးလုံး၊ အသက် ၃ဝ ကျော်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက် ဥက္ကလာလမ်းမ

ဈေးရောင်းပါတယ်။  မိုးတွင်းဆို ပိုပြီးတော့ အရောင်းအဝယ်လည်း အေးတယ်။  အမျိုးသားကလည်း ဆိုက်ကားဆွဲမကောင်းဘူး။  ပိုဆိုးတာက သားလေးက ဒီနှစ်မှကျောင်းစတက်တော့ ကျောင်းပို့ကျောင်းကြိုလုပ်နေရတော့ ဈေးမထွက်ဖြစ်ဘူး။    ကိုယ်ကလေးကိုလည်း ကျူရှင်ထားချင်တာပေါ။့  ကျူရှင် လခက ၇,ဝဝဝ ဆိုတော့မတတ်နိုင်ပါဘူး။  ဒီကိုရောက်တာ ၂ နှစ်ကျော်ပါပြီ။   ပေ ၁၅ ပေ ၁ဝ တဲအိမ်လေးကို ကျွန်မဝယ်တုန်းက ၄ သိန်း ပေးရပါတယ်။    စာချုပ်စာတန်းတော့ မရပါဘူး။  အိမ်ပိုင်ရှင်နဲ့ကိုယ်နဲ့နှစ်ဦးသဘောတူနားလည်မှုနဲ့ပဲ ဝယ်လိုက်တာပါ။  ကျူးကျော်မှန်းသိပေမဲ့ နေစရာမရှိတဲ့အတွက် ဝယ်လိုက်ရတာပါ။    အစိုးရက နေရာဖယ်ခိုင်းမှာတော့ စိတ်ပူတာပေါ့။  တခြားလူတွေလည်း အဲဒီလို နေနေကြတာပဲလေ။  အားလုံးဖယ်ရင် ကိုယ်လည်းဖယ်ပေးရမှာပေါ့။    
 
ကိုဝင်းနိုင်၊  အသက် ၄၅၊  မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက် ဥက္ကလာလမ်းမ

တချို့အိမ်တွေက ဂရန်အပိုင်တွေလည်းရှိတယ်။  ကျွန်တော်တို့ကတော့ ဂရန်လျှောက်ထားတုန်းပဲ။ ကိုယ့်ရှေ့မှာ ဒီလိုနေခဲ့ပြီးမှ ဂရမ်တွေ သူများတွေလျှောက်လို့ရတာ တွေ့တဲ့အတွက်  ၂ဝ၁၁ ခုနှစ် ကတည်းက ကျွန်တော်လျှောက်ထားတာပါ။  ၂ဝ၁၅ မှာ လျှောက်ထားတာကျတဲ့အတွက် ငွေသွင်းခါနီးမှာ ပိုက်ဆံမရှိတဲ့အတွက် လျှောက်တာကို ခဏနားထားပါတယ်။     ဒီနေရာမှာနေတာ နှစ် ၃ဝ ရှိသွားပါပြီ။     အရင်ကတော့ဒီလိုအိမ်တွေ မဟုတ်ပါဘူး၊   ကွမ်းယာဆိုင်၊ စက်ဘီးလေထိုးကျွတ်ဖာဆိုင်၊ မုန့်ဆိုင်လေးတွေ၊ အအေးဆိုင်လေးတွေပဲ ရှိပါသေးတယ်။  ဆိုင်လေးတွေဖွင့်ရင်း လူပါခိုးနေတဲ့သဘောပါ။    ကျွန်တော်စနေတုန်းက ဒီမှာ ဆိုင်လေး ၄ ဆိုင်ပဲရှိပါတယ်။  ကျွန်တော်က နေစရာအိမ်မရှိလို့အုပ်ချူပ်ရေးမှူးကို ခွင့်တောင်းပြီးနေလာခဲ့တာပါ။  ဇာတိကတော့ ရန်ကုန်ပါပဲ။  အရင်ကလည်းကျူးကျော်ပဲနေထိုင်ခဲ့တာပါ။  မိသားစုဝင် ၆ ယောက်နေထိုင်ပါတယ်။  သားလေးက ၈ တန်းပါ။  သမီးလေးကတော့ ကျောင်းထွက်ပြီး သူနာပြုသင်တန်းတက်နေပါတယ်။  ပိုက်ဆံမရှိတော့ ကျောင်းထုတ်လိုက်ရတာပါ။  ကျွန်တော်ကတော့ ကွမ်းယာရောင်းတယ်။ မိသားစုဝင်တွေကတော့ ကျပန်းအလုပ် လိုက်လုပ်ပါတယ်။     ကျူးကျော်ဈေးနှုန်း ဆိုပေမယ့် ကျွန်တော်တို့အိမ်ဆို သိန်း ၂ဝဝ လောက် ပေါက်ပါတယ်။  ၁ဝ ပေ ၁၅ ပေ ဆိုရင် သိန်း ၄ဝ လောက်တော့ ပေါက်ပါတယ်။

ဦးပိန် (ခေါ်) ဦးသန်းဗိုလ်
(ဦးပိန်သည် မင်္ဂလာဒုံမြို့နယ်၊  စက်မှုဇုန်တစ်ခုရှိ ကျူးကျော်နေထိုင်ကြသူများကိုဖယ်ရှားမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သူဖြစ်သည်။)  

ကျွန်တော်က အခင်းဖြစ်တဲ့နေရာမှာနေတဲ့သူ မဟုတ်ပါဘူး။  ကျွန်တော့်ယောက်ဖက အဲဒီရွာမှာနေတာပါ။  သူက ငါတို့ရွာ ဖျက်ခံနေရပြီဆိုပြီး ဖုန်းဆက်လို့သွားကြည့်တာပါ။  ကျွန်တော်က ရွှေပေါက္ကံမြို့(၁၂) ရပ်ကွက်မှာနေတာပါ။  ရွာကို ဖျက်တဲ့သူတွေက အရပ်အဝတ်စားနဲ့ပါပဲ။  အင်အားကတော့ ၅ဝဝ လောက်ရှိပါတယ်။  အဲဒီအချိန်မှာ ရဲဆို တစ်ဦးတစ်ယောက်တောင် မတွေ့မိပါဘူး။  သူတို့ကလည်း မည်းမည်းမြင်ရာအကုန်ရိုက်၊ အကုန်ခုတ်တော့တာပါပဲ။ ကျွန်တော်နဲ့တူတူဒဏ်ရာရရှိတဲ့ ၃ ယောက်ကလည်း ဆင်ဖုန်ရွာကပါပဲ။  ကျွန်တော်က ကုံးသီးမှန်လို့ခေါင်းပေါက်သွားတယ်။ ခေါင်းကတော့ ၁ဝ ချက် ချုပ်လိုက်ရပါတယ်။  ကျောကုန်းလည်း ချုပ်လိုက်ရတယ်။  နောက်ပြီး ခြေထောက်လည်း ဓားခုတ်ခံလိုက်ရပါတယ်။  ဆရာဝန်ကတော့ ခြေထောက်ကအရိုးကိုထိသွားတယ်လို့ပြောပါတယ်။  ကျွန်တော့်ကို ယောက်ဖကပဲ ဆေးရုံကို ခေါ်လာတာပါ။  ဆေးကုသစရိတ်ကတော့ ဘယ်သူ့ဆီကမှထောက်ပံ့မှုမရပါဘူး။  ကိုယ်စရိတ်နဲ့ကိုယ်တက်တာပါ။  
 
ကိုကျော်လေး၊  လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ကျွန်တော်က ဒီနားမှာ ငါးခွဲတယ်၊ ငါးဆီစက်ရုံမှာပါ။    ငါးခွဲတာ  ကြာပြီ၊ ဆယ်နှစ်လောက်ရှိပြီ။  မွေးဇာတိကတော့ ပုသိမ်ပေါ့။  ဒီကိုရောက်တာကတော့ ကျွန်တော် ငယ်ငယ်လေးကတည်းကပါ။  ဦးလေးအိမ်မှာ ကျောင်းလာတက်တာ။  ကျူးကျော်အဖြစ်နဲ့ နေလာတာက ၇ နှစ်လောက်ရှိပြီ။  တစ်ကြိမ်ပဲ ပြောင်းဖူးသေးတယ်၊ ကလေးတစ်ယောက်နဲ့ မိသားစုသုံးယောက်ပဲနေပါတယ်။  ကလေးကတော့ ကျောင်းတက်နေပါတယ်။  မဲစာရင်းတော့ သွားမကြည့်ဖြစ်ပါဘူး။ ကျွန်တော့် သန်းခေါင်စာရင်းကတော့ ဦးလေးအိမ်မှာရှိပါတယ်။  အမျိုးသမီးက ခရမ်းသုံးခွဘက် ဇာတိကပါ။  ဒီနေရာတွေကိုတော့ လာဖျက်မယ်လို့ မကြားမိပါဘူး။  
 
မမိုးမိုး၊   လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ရွှေလက်ယာဆိုတဲ့ လုပ်ငန်းက ဒီကမြေကွက်တွေကို ရောင်းတာ။  မရှိဆင်းရဲသားတွေကို ချပေးမယ်ဆိုပြီးတော့ ရောင်းတာ။  ၇ သိန်းခွဲ သွင်းရမယ့်ဟာကို ၆ သိန်း ၄ သောင်း သွင်းပြီးသွားပြီ၊ အဲဒါကို ကျွန်မတို့ကို ပြန်လျော်မယ်ဆို ၄ သိန်း ၄ သောင်းကျော် ပြန်လျော်မယ်။  နှစ်သိန်းလောက်တော့ နစ်နာသွားတာပေါ့။  အဆွယ်ကောင်းလို့ ဝယ်လိုက်မိတာ။    ပေ ၂ဝ ပေ ၆ဝ လို့တော့ ပြောတာပဲ။   

ဒေါ်စန်းရီ၊ လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ကျွန်မတို့ စနေတုန်းက ဒီနေရာက ချောက်ကြီး။ ခရာတောတွေ၊ ကျူတောတွေပဲရှိတယ်။  လမ်းဘေးမှာ နေခဲ့တုန်းက ခဏခဏ အဖျက်ခံရလို့  ဒီအထဲမှာဝင်ပြီး နေရင်ကောင်းမယ်နဲ့ တူတယ်ဆိုပြီး ရှင်းတယ်။  ကျွန်မတို့နဲ့အတူ အိမ်လေး လေးငါးလုံးပဲ ရှိတယ်။  ဒီနေရာက ဒီလိုမိုးတွင်းအချိန်ဆိုရင် ရေက ခေါင်းပေါ်ရုံပဲ၊ ကျွန်မက ရေမကူးတတ်ဘူး၊ ခေါင်းကတော့ ပေါ်တယ်။ နေတာ အနှစ် ၂ဝ ရှိပြီ။  နေသမျှ ကာလပတ်လုံး ဘယ်သူမှ ဖယ်ပေးပါလည်း မပြောဘူး၊ ဖျက်ပေးပါလည်း မပြောဘူး။  အခုဘာဖြစ်လာလဲဆိုတော့ ဒီချောင်ကြီးဟာ နွံတွေက တက်တက်ပြီးတော့ ဖို့ပြီးသားလို ဖြစ်သွားတာ။  နောက်ပိုင်းတော့ နာဂစ်ထိခဲ့ကြတဲ့သူတွေ တဖြည်းဖြည်း ဒီနေရာကို လာကြပြီး ကိုယ့်ခြုံတွေကိုယ် ရှင်းကြ၊ ခုတ်ကြနဲ့ လာနေကြတာပဲ။   တစ်ပိုင်တစ်နိုင် ကိုယ့်လမ်းလေးတွေ ကိုယ်လုပ်ကြနဲ့ပေါ့။   လမ်းလေးတွေ ကောင်းသွားတော့မှ ဖျက်ကြဆို လာပြောကြပြန်ရော။  ကျွန်မတို့ ဒုက္ခရောက်ရော။  ဒုက္ခရောက်လို့လည်း ကျွန်မတို့မှာ ရွှေ့စရာနေရာလည်းမရှိဘူး။  ပေတေပြီးတော့ကို ကပ်နေတာပဲ။  
 
ဦးဉာဏ်လင်း၊  လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

လာဖျက်ရင်တော့ ကြည့်နေတာပဲ၊ သူတို့ပြန်သွားရင်တော့ ပြန်နေတာပဲ၊  ကိုယ်ဝန်းကိုယ်ခြံလေးနဲ့ နေရတာလေးကို ဒီကလူတွေကတော့ အင်မတန်ကျေနပ်တယ်ပေါ့။    ဖျက်မယ်ဆိုရင်လည်း တခြားနေစရာလေးလုပ်ပေးရင် ကောင်းမယ်ပေါ့။    မြွေကတော့ အရမ်းပေါတယ်။  မြွေဟောက်တို့ ဂျပ်မြွေတို့၊ အိမ်ကို ပတ်ပြေးနေကြတာ။  အေးချမ်းသာယာဆိုတာ ကျွန်တော်တို့ ကိုယ့်ဘာသာ နာမည်ပေးထားတာပါ။  ရပ်ကွက်အပိုင်ကတော့ ညောင်ကျေးရွာအုပ်စုပိုင်ပါ။  တွဲဖက်မူလတန်းကျောင်းအနေနဲ့ ပေးအောင်ပေါ့။    မူလတန်း မတက်နိုင်တဲ့ ကလေးတွေက ကျွန်တော်တို့ စာရင်းကောက်ထားတာ ၁၆၅ ယောက်ရှိတယ်။  
 
မသီတာ၊ လှိုင်သာယာမြို့နယ်၊ ဂေါက်ကွင်းလမ်းဘေး ကျူးကျော်ရပ်ကွက်

ကျွန်မတို့က (ဧရာဝတီတိုင်းဒေသကြီး) ရေကြည်ဘက်က ပြောင်းလာတာ။  ကျွန်မတို့က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဒီနေရာမှာနေနေတုန်းက အဖြစ်အပျက်ပါ။  လူမိုက်တွေက ဝင်လာတယ်။  သူတို့ ဝင်လာတော့ ဒီမှာရှိတဲ့ လူကြီးပိုင်းတွေကလည်း မပြောရဲဘူး။  ကြောက်ကြတယ်။  အဲ့လိုနဲ့ ကျွန်မတို့ မိန်းကလေး ၁၆ ယောက် အဖွဲ့ဖွဲ့တယ်။  ဖွဲ့ပြီးတော့ ကိုယ့်အကွက်လေးတွေ ပါသွားမှာ စိုးလို့ ဆန္ဒပြတဲ့ သဘောပေါ့။  ကိုယ့်ချွေးနဲ့၊ သွေးနဲ့ ရင်းထားရတဲ့နေရာ သူတို့နောက်ကို ပါသွားမှာ စိုးလို့ရယ်၊ မိန်းကလေးတွေဆိုတော့ မလုပ်လေတန်ဘူး ထင်တာပေါ့။    ဝင်လာတော့ အကုန်လုံးက ပြေးကြတယ်။  သမီးတို့ ညီအမက မပြေးဖြစ်တာက လူမိုက် ဆယ်လေးငါးယောက်လောက်က အမေ့ကို ဝိုင်းထားတယ်။  အစ်မက ခေါင်းကို အခုတ်ခံခဲ့ရတယ်။  ကျွန်မက လက်ကို ဓားထိတယ်။  ရင်ညွန့်နဲ့ ညာဘက်မျက်လုံးကို ကုံးသီးနဲ့ အပစ်ခံထားရတယ်။  မျက်လုံးက ဝါးသွားတယ်။ ကိုယ်တွေက ရမလားလို့ လုပ်ကြည့်တာ။  မရတဲ့အပြင် မျက်လုံးတစ်လုံးဆုံးရှုံးတယ်။  ဘယ်သူမှလည်း ကိုယ့်ဘက်က ရပ်တည်တဲ့သူမရှိဘူး။  သူတို့ဘက်က လူကြီးပိုင်းထဲက ဦးဝင်းရွှေဆိုတဲ့ လူကြီးက သမီးတို့ကို နင်တို့ အမှုမဖွင့်နဲ့ ၊ ဖွင့်ရင်နင်တို့နောက်ကြောင်းမအေးဘူးလို့ ပြောတယ်။  ကိုယ့်မှာက ကလေးတွေ ရှိနေတဲ့အခါကျတော့ ရှေ့ဆက်အမှုမဖွင့်ရဲတော့ဘူး။  သူတို့တွေကတော့ အခုထက်ထိ ဝင်ထွက်နေကြတုန်းပဲ။  မပြောရဲကြလို့သာ မပြောတာ။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading