"အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်"

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အင်တာဗျူး

Published on Sep 17, 2015
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် (ဓာတ်ပုံ - Myanmar Now)
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် (ဓာတ်ပုံ - Myanmar Now)

မဘသအဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်း မွတ်စလင်တို့၏ နွားသတ်လုပ်ငန်းများ ရပ်တန့်ရန် လှုပ်ရှား ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ Myanmar Now သတင်းဌာန သတင်းထောက် ဆွေဝင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ကို ပုသိမ်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ၆၉ နှစ်အရွယ် ဦးသိန်းအောင်ကို သမ္မတဦးသိန်းစိန်က ၂ဝ၁၁ ခုနှစ်တွင် တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ဦးသိန်းအောင်ကို သူ၏ရုံးခန်း၌ မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့ရာတွင် နွားသတ်ရုံများ ပိတ်ပစ်ရေး မဘသ၏ ကြိုးပမ်းမှုကို သူ ထောက်ခံကြောင်း ဦးသိန်းအောင်က ပွင့်လင်းစွာ ရှင်းပြခဲ့သည်။ သူ၏ ရုံးခန်းအတွင်း အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက် ကလေးငယ်များကို သင်ကြားပေးသည့် စာအုပ်များကိုလည်း တွေ့ခဲ့ရသည်။ ဦးသိန်းအောင်သည် ရွေးကောက်ပွဲတွင်  တိုင်းအတွင်းရှိ အင်္ဂပူမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုအပြီးတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားသည့် သူ့အမြင်အချို့ကို ပြောပြစဉ်  မြန်မာပြည်ရောက် သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို နမ်းနေသည့် ဗီနိုင်းပိုစတာတစ်ခုကိုပြကာ ‘မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုလုပ်သင့်သလား။ သူသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဘာတွေဖြစ်လာမလဲ’ ဟု ပြောကြားခဲ့သည်။

မေး -  နွားတွေကို မသတ်ဖို့ ကယ်တင်ရေး ဆောင်ရွက်ရာမှာ သံဃာတော်တွေ ဦးဆောင်မှုနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ သဘောထားမူဝါဒကို ပြောပြပါ။

ဖြေ - ဒီလှုပ်ရှားမှုအတွက် တချို့နေရာတွေမှာ သံဃာတော်တွေက ရှေ့ကနေပြီး တချို့နေရာတွေမှာ နောက်က နေပါတယ်။ တကယ်တမ်းကျတော့ ဒီကိစ္စက သံဃာတော်တွေ ရှေ့ထွက်ရမယ့်ကိစ္စ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကပဲ ရှေ့ထွက်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ သံဃာတော်တွေကတော့ နောက်ကနေ ပံ့ပိုးကူညီပေးတာလေးတွေ ရှိမှာပေါ့။ အဲဒီလို သံဃာတော်တွေ ရှေ့ထွက်လို့ ပြဿနာပေါ်လာခဲ့ရင်လည်း သံဃာတော်တွေကို လျှောက်ထားပြီး ဒါလေးတွေကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းက လုပ်ပါစေ၊ သံဃာတော်တွေအနေနဲ့ ရှေ့ထွက်ပြီး မလုပ်ပါနဲ့၊ သံဃာတော်တွေ တစ်ခုခုဖြစ်ရင်လည်း လုပ်ရကိုင်ရ ခက်ပါတယ်ဆိုတာကို လျှောက်ထား တောင်းပန်တဲ့ အခါကျတော့ ပြီးမြောက်သွားပါတယ်။ တချို့ကိစ္စတွေမှာ သံဃာတော်တွေပါတာရှိတော့လည်း သူတို့ကိုယ်တိုင် ဒီမှာ လာရောက်ဆွေးနွေးသွားတာရှိပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ပြေလည်အောင် ဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလထဲမှာ ညွှန်ကြားချက် ထုတ်ထားတယ်၊ သံဃာတော်တွေအနေနဲ့ နောက်ကနေ ပါဝင်တယ်ဆိုသော်လည်းပဲ တကယ်လက်တွေ့ ကွင်းဆင်းဆောင်ရွက်တဲ့ အခါကျရင်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကပဲ တာဝန်ယူ ဆောင်ရွက်တာပဲ ကောင်းပါတယ်ဆိုတဲ့ မူဝါဒချမှတ်ပြီး ဧရာဝတီတိုင်းအတွင်းမှာ အဲဒီလို ဆောင်ရွက်နေပါတယ်။
 
မေး - တချို့ဆရာတော်တွေက မိန့်ပါတယ်၊ လိုင်စင်ဆွဲတဲ့ နေရာမှာ ဝန်ကြီးချုပ်အနေနဲ့ တန်ဖိုးလျှော့ချသတ်မှတ်ပေးပါတယ်တဲ့။ ဒီအချက်က မှန်ပါသလား။

ဖြေ -  ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ ကျွဲ၊ နွား သတ်တဲ့ကိစ္စတွေကို သဘောမတူပါဘူး၊ အထူးသဖြင့် အမြောက်အများ သတ်နေတာတွေကိုပေါ့။ ဒါကြောင့် ဇီဝိတဒါနအနေနဲ့ လိုင်စင်ယူတဲ့ မြို့တွေကိုလည်း  စဉ်းစားပြီး ဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့် ဆရာတော်တွေအနေနဲ့ လုပ်ဆောင်နေတဲ့ မြို့တွေကိုလည်း အများကြီး ကူညီဆောင်ရွက်ပေးရာမှာ မနှစ်ကရော ဒီနှစ်ရော လေလံဈေးနှုန်းရဲ့ တစ်ဝက် (၅ဝ ရာခိုင်နှုန်း) ကိုပဲ ယူစေခဲ့ပါတယ်။ ဥပမာ လေလံဈေးနှုန်းက ကျပ် ၁ဝဝ ဆိုရင် ကျပ် ၅ဝ ပဲ ယူစေပါတယ်။ ဒီလိုနည်းနဲ့ အခွင့်အရေးပေးတာတွေတော့ ရှိပါတယ်။
 
မေး -  သံဃာတော်တွေက မိန့်ပါတယ်၊ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းတချို့က အကျင့်ပျက်ခြစားမှုတွေလုပ်ပြီး နွားသတ်တာတွေကို ထိထိရောက်ရောက် မဟန့်တားဘူးလို့ ဆိုပါတယ်။ အဲဒါရော မှန်ပါသလား။

ဖြေ - မှန်တယ်။ ဇီဝိတဒါနလုပ်ထားတဲ့ ဒေသတွေမှာ ကျွဲနွားတွေ သတ်တာ၊ ဖြတ်တာတွေနဲ့ ပတ်သက်လို့ သာမန်ထက်ပိုသတ်တာတွေ၊ အများအစားသတ်တာတွေ ရှိတယ်။ အဲဒါတွေအားလုံးဟာ ဒီဒေသမှာရှိတဲ့ ရပ်/ ကျေးအဖွဲ့အစည်းတွေ၊ ရဲတွေ၊ စည်ပင်တွေ၊ အဲဒီလူတွေရဲ့ အားနည်းချက်တွေကြောင့် ဒါတွေဖြစ်တာပဲ။ သူတို့အားမနည်းရင် ဒါဖြစ်စရာအကြောင်းမရှိဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သတင်းပေး တိုင်လာတယ် ဆိုရင်တော့ အရေးယူတယ်။  အထူးအဖွဲ့နဲ့ ဆင်းပြီး ဖမ်းရတယ်။ အိမ်မဲ(မြို့)မှာဆိုရင် အဲဒီလို ပြဿနာတစ်ခုဖြစ်တယ်၊ သတင်းပေးတဲ့အတွက် အထူးအဖွဲ့က ဆင်းဖမ်းတယ်၊ အဲဒီမှာ ပစ္စည်းပိုင်ရှင်တွေနဲ့ ရဲတွေအကြား ရိုက်နှက်မှုဖြစ်လို့ ဖြေရှင်းရတာရှိတယ်။ အထက်ဌာနအနေနဲ့ကတော့ ဒါမျိုးကိစ္စတွေကို ဖိဖိစီးစီးလုပ်တယ်၊ ခွင့်မပြုဘူး၊ သိရင် သေသေချာချာ ထိထိရောက်ရောက် အရေးယူတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်း ဒီအတိုင်းပဲ တိတိကျကျတိုင်လာရင် အထူးအဖွဲ့နဲ့ စစ်ဆေးတယ်၊ ပေါ်ရင် ထိထိရောက်ရောက် အရေးယူတယ်။

မေး - ဦးသိန်းအောင် တိုင်းဝန်ကြီးချုပ် ပြန်ဖြစ်မယ်၊ အနည်းဆုံး လွှတ်တော်အမတ်ပြန်ဖြစ်မယ်ဆိုရင် ဒီဒေသအတွက် ဘာတွေကို အဓိကဦးစားပေး လုပ်ဆောင်မလဲ။   

ဖြေ -  နံပါတ်တစ်ကတော့ တရားဥပဒေ စိုးမိုးရေး။ နံပါတ်နှစ်အချက်က ပညာတတ်တွေ ပေါ်ထွက်ရေးနဲ့ အလုပ်အကိုင်ရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး။ ဒါတွေကတော့ ပထမဦးစားပေး လုပ်ရမယ့် ကိစ္စတွေပဲ။ လက်ရှိအစိုးရရဲ့ ကျန်တဲ့ကာလမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။ နောက်တက်လာမှာက ကိုယ့်လူပဲဖြစ်ဖြစ် သူလူပဲဖြစ်ဖြစ် အကောင်းဆုံး ဖောင်ဒေးရှင်းချပေးသွားမှာပါ။ မိမိတို့ ပါတီနိုင်ခဲ့ရင်လည်း ပေးတဲ့တာဝန်ကို ကြိုးစားလုပ်ဆောင် သွားမှာပါ။ ရွေးကောက်ပွဲကာလမှာလည်း ကော်မရှင်ရဲ့ စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲဝင်ပြီး အခြား မတော်မတရားနည်းလမ်းတွေကို လုပ်ဖို့လည်း မစဉ်းစားပါဘူး။

မေး - ပုသိမ်မြို့ထဲမှာ ကြံ့ခိုင်ရေးပါတီရုံး တွေ့ရတယ်၊ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကိုလည်း တွေ့ရတယ်ဆိုတော့ ရွေးကောက်ပွဲဆိုင်ရာဗျူဟာပိုင်းက ဘယ်လို ရှိပါသလဲ။

ဖြေ -  ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်က စည်းမျည်းစည်းကမ်းတွေ သတ်မှတ်ထားတာရှိတယ်။ ဒီစည်းမျည်း၊ စည်းကမ်းတွေနဲ့ အညီပဲ ကိုယ့်ပါတီအနိုင်ရအောင် ကြိုးစားသွားမယ်။ အကြမ်းဖျင်းကတော့ အဲဒီလောက်ပဲ ဖြေတာကောင်းပါတယ်။
 
မေး - ဆရာတော်တွေ လုပ်ဆောင်နေတဲ့ အမျိုးဘာသာ သာသနာ ဆောင်ရွက်ချက်တွေကိုရော ဒီထက်ပိုပြီး ကူညီပေးသွားဖို့ ရှိပါသလား။

ဖြေ -  သီးခြား ပံ့ပိုးတယ်ဆိုတာထက် ဆရာတော်တွေ ဒီလိုလုပ်ငန်းမျိုးလုပ်တယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ လှုပ်ရှားမှု ပြီးမြောက်အဆင်ပြေဖို့ စောင့်ရှောက်ပေးတာပေါ့။ သူတို့မှတင်မဟုတ်ပါဘူး၊ ကိုယ့်တိုင်းထဲမှာ လှုပ်ရှားမှုတစ်ခုခု လုပ်တယ်ဆိုရင် ဆန့်ကျင်ဘက်ပါတီ လာလှုပ်ရှားတယ်ဆိုရင်တောင် ဒေသထဲမှာ ရုန်းရင်းဆန်ခတ်မဖြစ်အောင်၊ လုံခြုံအောင် စောင့်ရှောက်ပေးပါတယ်။ ဒါအစိုးရရဲ့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ အပတ်ထဲက လာကြတယ်၊ မအူပင်၊ ကျိုက်လတ်၊ မော်ကျွန်းတို့ကို လာကြတယ်။ သွားရေး၊ လာရေး၊ စားရေး၊သောက်ရေးတွေကို အကူအညီတောင်းခံလာရင် အဆင်ပြေအောင်၊ အထူးသဖြင့် လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်တိုင်းဒေသကြီးထဲမှာ ပြဿနာမဖြစ်အောင် ကူညီစောင့်ရှောက်ပေးပါတယ်။ မဘသလည်း ထိုနည်းလည်းကောင်းပဲ သူတို့ ဒီအလုပ်လေးတွေ လုပ်တယ်ဆိုရင် မလုပ်နဲ့ ပြောလို့မရဘူး၊ ဒါပေမယ့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ စိတ်ထဲမှာ ခံစားတယ်၊ ဒါကြောင့်မို့ အားပေးတယ်။ ကူညီတယ်။ ဆောင်ရွက်ပေးတယ်။ ဒါဟာ တခြားဘာသာတွေကိုလည်း ထိခိုက်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူတို့မှာလည်း လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိပါတယ်။   
 
မေး - အနာဂတ်မှာရော မဘသကို အကူအညီပေးဖို့ အစီအစဉ် ရှိသလား။

ဖြေ -  မဘသ သံဃာတွေအနေနဲ့ အခုလိုအလုပ်တွေ မလုပ်ပါနဲ့လို့ ကျွန်တော် ပြောလို့မရပါဘူး။ ဒီလုပ်ငန်းတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက် ကာကွယ်တာဖြစ်လို့ ကျွန်တော်တို့ လုပ်သင့်ပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော် အားပေး  ထောက်ခံပါတယ်။ တနင်္ဂနွေဓမ္မစကူးလ်တစ်ခု ပုသိမ်မှာ ဆောက်လုပ်ဖို့ မြေတစ်ကွက် ပေးထားပါတယ်။
 
မေး -  တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့နောက် အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေကို ပြောပြပေးပါ။

ဖြေ - တရားဥပဒေ စိုးမိုးမှုအခြေအနေ တိုးတက်လာပါတယ်။ အခြေခံအဆောက်အဦးကဏ္ဍမှာ လမ်း၊ တံတားနဲ့ ရေ၊ လျှပ်စစ်မီး စတဲ့ ဖြည့်ဆည်းမှုအပိုင်းတွေမှာ တိုးတက်မှုတွေ ရှိလာပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်ခဲ့တယ်။ နောက် ၅ နှစ်နဲ့ ၁ဝ နှစ် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ လူငယ်ပညာတတ်တွေ ပိုများလာစေဖို့ ကလေးအားလုံး အခြေခံပညာပြီးမြောက်ဖို့ ရည်မှန်းထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့လည်း ကျွန်တော် ဝန်ကြီးချုပ် ဖြစ်ပြီးတဲ့နောက်ပိုင်း အထည်ချုပ်စက်ရုံ ၄ ရုံ တည်ဆောက်ပြီးပါပြီ။ ၁ ရုံစီမှာ ဝန်ထမ်း ၂,ဝဝဝ စီ အလုပ်ပေးနိုင်ပါတယ်။
 
မေး - ရွေးကောက်ပွဲဝင်မယ်ဆိုတော့ မဲဆန္ဒရှင်တွေကို ဘာပြောချင်ပါသလဲ။

ဖြေ -  ကျွန်တော့်ရဲ့ပထမဦးစားပေးကတော့ တရားဥပဒေစိုးမိုးရေး၊ ဒုတိယဦးစားပေးကတော့ ပညာတတ်တွေပေါ်ထွန်းရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးရေးတို့ဖြစ်ပြီး နောက်တစ်ချက်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။     ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading