"အမျိုးသားတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေ လိုမယ်"

မချယ်ရီဇာဟောင်း၏ facebook စာမျက်နှာတွင် တွေ့ရသော သူ၏ ဓာတ်ပုံတစ်ပုံ
မချယ်ရီဇာဟောင်း၏ facebook စာမျက်နှာတွင် တွေ့ရသော သူ၏ ဓာတ်ပုံတစ်ပုံ

မချယ်ရီဇာဟောင်းသည်  စစ်ကိုင်းတိုင်း မင်းလှမြို့ဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ကျောင်းဆရာ တာဝန်ကျရာဒေသများတွင် မိသားစုက လိုက်လံ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။  မချယ်ရီ အထက်တန်းကျောင်းပြီးချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်မြို့ အခြေစိုက် ချင်းအမျိုးသမီးအဖွဲ့တွင်  လုပ်ကိုင်ခဲ့သည်။  

အသက် ၃၄ နှစ်အရွယ် မတွာလ်ကျဲရ်ဆုံ ခေါ် မချယ်ရီဇာဟောင်းသည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (CPP) ကို ကိုယ်စားပြုပြီး သူကြီးပြင်းနေထိုင်ရာ ဖလမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အရွေးခံမည်ဖြစ်သည်။ Myanmar Now သတင်းထောက်ချုပ် သင်းလဲ့ဝင်းနှင့် မကြာသေးမီက တွေ့ဆုံစဉ် မချယ်ရီဇာဟောင်းက အမျိုးသမီးအရေး၊ ချင်းတောင်တန်းဒေသ၊ ရွေးကောက်ပွဲ၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့အကြောင်း ပြောပြခဲ့သည်။

မေး -  လူ့အခွင့်အရေးလုပ်နေရာကနေ နိုင်ငံရေးလောကထဲကို ဘာကြောင့် ဝင်ချင်ရတာလဲ။

ဖြေ -  ကျွန်မတို့က အပြင်ဘက်မှာ လူ့အခွင့်အရေးဆိုတာဘာလဲ၊ အခွင့်အရေးကို ဘယ်လိုမျိုးတောင်းဆိုရမလဲ ဆိုတဲ့ဟာလောက်ပဲ လမ်းပြလို့ရတယ်။ လူ့အခွင့်အရေးကို အကောင်အထည်ဖော်မယ့်သူက အစိုးရလေ။ အခု အစိုးရထဲမှာလည်းပဲ သူတို့လုပ်နေတာတွေက ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအတွက် လုပ်နေတယ်ဆိုတဲ့ပုံစံ ရှိမနေဘူး။  ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်း နိုင်ငံသားအခွင့်အရေးကို ထည့်ထားတာတွေ ရှိတယ်၊ ကန့်သတ်ထားတာတွေလည်း ရှိတယ်။ နိုင်ငံတော်လုံခြုံရေးကို မထိဘူးဆိုရင် အဲဒီအခွင့်အရေးတွေနဲ့ မကိုက်ညီတဲ့ တချို့ ဥပဒေဟောင်းတွေကို ဘယ်လိုမျိုး ဖြုတ်ချမလဲ၊ ကျွန်မ အဲဒီဟာတွေကို တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးရှုထောင့်ကနေ ပြောင်းချင်တယ်။  အဲဒါတွေကြောင့် နိုင်ငံရေးထဲ ဝင်သွားတာ။

မေး - မချယ်ရီ ရွေးကောက်ပွဲမှာနိုင်သွားတယ်ဆိုရင် ဘာတွေလုပ်ချင်သလဲ။

ဖြေ -  အမျိုးသမီးလွှတ်တော်အမတ်အတွေအတွက် caucus (သဘောထားတူညီသူများ အစုအဖွဲ့) လုပ်ချင်တယ်။ အခု သူတို့ အတွင်းရေးမှူး (ဝန်ထမ်း) မရှိဘူး။ ကလေးတွေ ရန်ကုန်မှာထားခဲ့၊ ကချင်မှာထားခဲ့၊ ပဲခူးမှာထားခဲ့ အဲဒီလိုမျိုး လွှတ်တော်လာတက်နေကြတာ။ တကယ်လို့များ အဲဒီ women’s caucus အောင်မြင် သွားတယ်ဆိုရင် အမျိုးသမီးအမတ်တွေက လွှတ်တော်တက်နေရတဲ့ အချိန်မှာလည်းပဲ အထောက် အကူပြုမယ်၊  နယ်တွေဆင်းတဲ့အခါကျရင်လည်း အထောက်အကူပြုမှာပေါ့။  

နောက်တစ်ခုကတော့  အမျိုးသမီးဝန်ကြီးဌာနမရှိဘူး။ ကျွန်မ ရှာလို့မရသေးတာက အမျိုးသမီးတွေရဲ့ ဝင်ငွေက ပျမ်းမျှဘယ်လောက်ရှိလဲ မြန်မာနိုင်ငံမှာ၊ အလုပ်လုပ်နေတဲ့ အမျိုးသမီးက ဘယ်နှယောက်ရှိလဲ၊ ကျွန်မတို့ မသိဘူး၊ အချက်အလက်တွေ ရှိမနေဘူး။ ချင်းပြည်နယ်မှာလည်း အမျိုးသမီးတိုင်းက တောင်ယာသွားတာပဲ၊ အလုပ်လုပ်တာပဲ။ ပြီးရင် အိမ်မှာပြန်ပြီးတော့ အိမ်တွင်းရေးကိစ္စတွေ သားသမီးကိစ္စတွေ၊ လူမှုရေးတွေ လုပ်နေရတယ်။ မနက် ၆ နာရီကနေ ည ၈ နာရီ ၉ နာရီအထိက အားတဲ့အမျိုးသမီး မရှိဘူး။ နည်းနည်းတတ်နိုင်တဲ့သူတွေကကျတော့ ဆိုင်ဖွင့်တယ်။ သူတို့ရဲ့ ဝင်ငွေကို ပျမ်းမျှတွက်လို့ရတယ်။  အိမ်မှာ အလုပ်လုပ်နေတဲ့သူ၊ တောင်ယာမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ ဝင်ငွေတွေက  ဘယ်လိုမှ တွက်လို့မရဘူး။  

မေး -   တွက်လို့မရတဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက မရှိဘူးလို့ပဲ လူတွေက ထင်ကြတာပေါ့။

ဖြေ -  ဟုတ်တယ်။  အမျိုးသမီးက အိမ်တွင်းအလုပ် လုပ်နေတယ်၊  သူဝင်ငွေရှိအောင် ကျွန်မတို့ ဘယ်လိုဝိုင်းလုပ်ကြမလဲ။ အဲဒါတွေကို  အလုပ်သမားဌာနမှာပဲ ဆွေးနွေးရမှာလား ၊ ဘယ်မှာသွားဆွေးနွေးမှာလဲ။ အဲဒါကြောင့် ကျွန်မ တွန်းချင်တာက အမျိုးသမီးဝန်ကြီးဌာန။ အခု ဝန်ကြီးဌာန ၃၆ ခု ရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ကိစ္စကို ဆွေးနွေးရမယ့်နေရာက ရှိမနေဘူး။ ဒါတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အမျိုးသားတွေကိုလည်းပဲ အများကြီးတိုက်တွန်းရဦးမှာ။ အဲဒါတွေက ကျွန်မ ရွေးကောက်ခံရရင် ပထမ လွှတ်တော်ထဲမှာတော့ ထည့်ဆွေးနွေးရမှာဆိုတော့လေ၊ မိတ်ဆွေတွေလိုက်ဖွဲ့ရဦးမယ်။ ၂၅ ရာခိုင်နှုန်း ထိုင်နေတဲ့ လူတွေရယ်၊ ပါတီအသီးသီးကတက်လာမယ့် လွှတ်တော်အမတ် အမျိုးသားတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေ လိုမယ်။ အမျိုးသမီးထုရဲ့ ဝင်ငွေသာ တိုးမြင့်အောင် လုပ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးက သိသိသာသာ အများကြီး တိုးတတ်လာလိမ့်မယ်။

မေး -  ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၅ နဲ့ ဘာတွေကွာခြားတယ်လို့ မြင်လဲ။

ဖြေ -  အများကြီးကွာတယ်။ ၂ဝ၁ဝ မှာကျတော့ ကြံ့ခိုင်ရေးကလွဲရင် ကျန်တဲ့ပါတီအသေးလေးတွေက ဟိုဟာလုပ်လို့မရ ဒီဟာသွားလို့မရ၊ ကန့်သတ်တာတွေ အများကြီး ရှိခဲ့တယ်။ အခုလည်း အခက်အခဲတော့ ရှိပေမယ့် နည်းနည်း ပိုပြီး လွတ်လပ်တယ်။ ဥပဒေတွေလည်း ထွက်လာပြီးပြီ။ NLD ပဲ ဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ် အဲဒီ သတ်မှတ်ထားတဲ့ ဥပဒေတွေ အကုန်လုံးက ကိုယ်တွေနဲ့ သက်ဆိုင်တဲ့ဟာ။ ဥပမာ အမုန်းစကား မလုပ်ရဘူး၊   လူမျိုးဘာသာကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးမလုပ်ရဘူး၊ မိဘနှစ်ပါးက နိုင်ငံသား ဖြစ်ရမယ်တို့။ ၂ဝ၁ဝ မှာတော့ အမတ်လောင်းရဲ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် ဧည့်နိုင်ငံသား ဖြစ်နေရင်လည်းပဲ စစ်ကြည့်တဲ့စနစ်က ရှိမနေဘူး။ နောက်တစ်ခုကတော့  ပါတီက အရမ်းများလာတယ်လေ။ ၂ဝ၁ဝ တုန်းက ကျွန်မတို့ပါတီဆိုရင် အမတ်လောင်းဖြစ်ဖို့အတွက် လူကို မနည်းလိုက်ရှာရတာ။ အဲဒီတုန်းက ဒို့တွေ ရွေးကောက်ပွဲပြီးတာနဲ့ ၁၉၉ဝ တုန်းကလိုမျိုးပဲ အကုန်လုံး အသိမ်းခံရမယ်လို့ သူတို့ထင်တာ။ နောက် မီဒီယာတွေက ပိုပြီးတော့ များတယ်။ ဒီ ဖလမ်းမှာဆိုရင် ဖလမ်းဘာသာနဲ့ နှစ်မျက်နှာ သတင်းစာလေးတွေ ရှိတယ်။  မြို့နယ်အလိုက် မီဒီယာတွေကလည်း များလာတယ် ဆိုတော့ ဘာတွေဖြစ်နေလဲဆိုတာ ပြည်သူလူထုက ပိုပြီး သိရတာပေါ့။   

မေး -  ဖလမ်းမှာ ပြည်ခိုင်ဖြိုးနဲ့ NLD လိုမျိုး ပါတီအကြီးကြီးတွေလည်း ဝင်ပြိုင်မယ် ဆိုတော့ ကိုယ့်အတွက် အခွင့်အလမ်း ဘယ်လောက်ရှိမယ်လို့ ထင်လဲ။

ဖြေ -  အဲဒီ ၄ ယောက်ထဲမှာ အမျိုးသမီးက ကျွန်မ တစ်ယောက်တည်း။ တော်တော်များများက အခု ဖလမ်းမြို့နယ်မှာ ဆိုရင် ဒို့ အမျိုးသမီးတစ်ယောက် အားပေးကြမယ်ဆိုတဲ့ ပုံစံမျိုး။ ရွာတွေ တော်တော်များများက ကျွန်မကို သိတယ်လေ။ လူသာ မမြင်ဘူးတာ၊ ရေဒီယိုမှာ ခဏခဏ နားထောင်ဖူးတယ်။ သင်တန်းပေးတာ လာတဲ့သူတွေ ရှိတယ်။ ပြီးရင် ကျွန်မတို့ လုပ်ခဲ့တဲ့ ပရောဂျက်တွေ၊ ကလေးတွေအတွက် စာအုပ်တွေ ဝယ်ပေးတာမျိုးတွေ၊ ကျောင်းဆရာ ငှားပေးတာမျိုးတွေ၊ အမျိုးသမီး အဖွဲ့အစည်းထဲမှာတုန်းက လုပ်ခဲ့တာတွေက ရွာတိုင်းလိုလိုမှာ သိနေကြတယ်။  ပြိုင်ဘက် ၃ ယောက်စလုံးက ဝန်ထမ်းဟောင်းတွေ။ အားတော့စိုက်ရမယ်။ သတိလွတ်သွားလို့ မရဘူး။

မေး -  ငယ်ငယ်တုန်းကတည်းက ဒီလိုမျိုး လုပ်ချင်ခဲ့တဲ့စိတ် ရှိခဲ့တာလား။

ဖြေ -  ငယ်ငယ်ကတည်းက နိုင်ငံရေးထဲမှာ တော်တော် စိတ်ကရှိနေတယ်။ အဘိုးက ရွာသူကြီး တောက်လျှောက်လုပ်လာခဲ့တာဆိုတော့ အိမ်မှာ အစည်းအဝေးတွေ အမြဲတမ်း ထိုင်တယ်လေ၊ ခိုးမှုကစလို့ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ၊ ရွာတံတား၊ ရွာကျောင်း ၊ တစ်မိသားစုနဲ့ တစ်မိသားစု ရန်ဖြစ်တဲ့ ကိစ္စတွေ ကြားနေရတဲ့အခါကျတော့ ဒီ လူထုရဲ့ အထွေထွေ လိုအပ်ချက်တွေကို ကိုယ်က တစ်နေ့နေ့ လုပ်ဖို့လိုလိမ့်မယ်ဆိုတဲ့ အသိရတယ်။ ပြီးတော့ သူက အများကြီး ပုံပြင်တွေ ပြောထားတာတွေ ရှိတယ်လေ။ ချင်းဆိုတာ ဘယ်သူလဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတဲ့အခါကျတော့ လူမျိုးတစ်မျိုးက ဘာဖြစ်လို့ ဒီလိုနောက်ဆုတ်နေရတာလဲ ဆိုတဲ့ဟာမျိုးတွေပေါ့။   

မေး -   ချင်းပြည်နယ်က အားလုံးထဲမှာ အနွမ်းပါးဆုံး၊ အဆင်းရဲဆုံးလို့ ပြောကြတော့  မချယ်ရီ အရွေးခံရမယ်၊ ဒါမှမဟုတ်ရင် ပါတီထဲက အများကြီးအရွေးခံရမယ်ဆိုရင်  ဘာတွေလုပ်ချင်လဲ။

ဖြေ -  ချင်းပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု က ၇၃ ရာခိုင်နှုံး။ အရမ်းမြင့်တယ်။ UNDP ၂ဝ၁၁ မှာ လုပ်ထားတဲ့ သူတို့ရဲ့ စာတမ်းအရပေါ့နော် ။ အယောက် ၁ဝဝ မှာ ၇၃ ယောက်က တစ်နေ့ မှာ ဝင်ငွေ ကျပ် ၂ဝဝဝ မရှိဘူးဆိုတော့ အခြေအနေ တော်တော်ဆိုးတယ်။ လမ်းပမ်းဆက်သွယ်ရေး၊  ဆက်သွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံး လွန်ခဲ့တဲ့ ၅ နှစ်က သုညကနေ ပြန်စရတဲ့သဘာမျိုး။  ကျွန်မတို့ နှစ်ရှည်စိုက်ပျိုးရေးတွေ လုပ်ဖို့လိုတယ်။ ဥပမာ ပန်းသီး၊ ထောပတ် သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ကော်ဖီ၊ အမြတ်အမြန်ပေါ်နိုင်သောသီးနှံတွေ။     တရုတ်ကနေ သွင်းစရာမလိုဘူး။ ချင်းပြည်နယ်ကနေ အကုန်လုံး တစ်နိုင်ငံလုံးကို သွင်းလို့ရတယ်။ ရင်းနှီးမြုပ်နှံခြင်းတော့ လုပ်ရမယ်။   အဲဒီဟာတွေ စောင့်ဖို့အတွက်က သုံးလေးငါးနှစ်ဆိုတော့ အဲဒီ ငါးနှစ် အတောအတွင်းမှာ လူတွေရဲ့ စားဝတ်နေရေးအတွက်ကို ဘယ်လို စီစဉ်မလဲ။ အခု ကျွန်မတို့ အဆိုတင်သွင်းထားတာကတော့ ဆန်ဂိုဒေါင် လုပ်ဖို့အတွက်။ ချင်းပြည်နယ်မှာ ဆန်ဂိုထောင် မရှိတဲ့အခါကြတော့ လူတွေက ဆန်နဲ့ ပြောင်းဖူး ဒီနှစ်စိုက်မယ် နောက်နှစ် (စားဖို့) အတွက်။ အဲဒီဟာနဲ့ပဲ လူတွေက အသက်ရှင်နေတာ။ အဲဒီအပင်ကို နှစ်ရှည်အတွက်ကို ဘယ်လိုစိုက်ရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲ၊ အဲဒီကြားထဲမှာ ကိုယ်က ဘာစားမလဲ။ အဲဒီ ငါးနှစ် ဆယ်နှစ် အတွင်းမှာ ဆန်ဂိုဒေါင်တော့ ရှိဖို့လိုတယ်။ 

မေး -  မချယ်ရီက လူငယ်လည်းဖြစ်၊ အမျိုးသမီးလည်း ဖြစ်၊ လူနည်းစုတိုင်းရင်းသားလည်း ဖြစ်နေတဲ့အတွက်  ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ရသလဲ။

ဖြေ -  ပါတီထဲမှာတော့ နိုင်ငံရေးအထောက်အပံ့က ရာနှုန်းပြည့်ရှိတယ်။ ပါတီထဲမှာ လူကြီးတွေ  ကိုယ့်အဖေအရွယ်တွေ၊ အဘိုးအရွယ်တွေ၊ အစ်ကိုအရွယ်တွေနဲ့ ပေါင်းလုပ်တဲ့အချိန်မှာလည်းပဲ သူတို့က အားကိုးတယ်။ သွက်သွက်လက်လက်ရှိတယ်၊ ငယ်ငယ်လေးနဲ့ ဒီနိုင်ငံရေးထဲမှာ၊ ဒီလူ့အခွင့်အရေးထဲမှာ နစ်မြုပ်နေတော့ အဲဒီရဲ့အတွေ့အကြုံကို သူတို့ အသိအမှတ်ပြုပေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ  (အမျိုးသမီးနဲ့၊ အမျိုးသားအပေါ်မှာထားတဲ့) စံနှစ်မျိုးရှိတယ်။ လုပ်ရည်ကိုင်ရည် ရှိနေတဲ့ အမျိုးသမီးတွေ  ဖြစ်လာအောင် ဖန်တီးပေးတဲ့စနစ်က လုံးဝမရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေရတာပဲ။ အမျိုးသမီးတစ်ယောက်ကို ဒီလို ဒီလို သင်ပေးမယ်၊ အားပေးမယ်ဆိုရင် ဖြစ်လာနိုင်မယ်ဆိုတဲ့ဟာ မိဘတွေမှာလည်း မရှိဘူး၊ ကျောင်းမှာလည်း မရှိဘူး၊ ဘုရားကျောင်းမှာလည်း မရှိဘူး။ လူမှုကွန်ရက်တစ်ခုလုံးမှာ မရှိဘူး။ ကျွန်မ အဲဒါကြောင့် ခဏခဏ ပြောနေတယ်။ ကျွန်မအဖေသာ မရှိဘူးဆိုရင် ကျွန်မ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။ အဖေ ဘောလုံးကန်သွားရင် လိုက်သွားတာ၊ ဘောလုံးသမားတွေနဲ့ အတူတူထိုင်တာပဲ။ ဘုရားကျောင်းမှာ တရားဟောရင်လည်းပဲ ရှေ့မှာ အဖေနဲ့ ဝင်ထိုင်နေရတာပဲ၊ အဲဒီလိုမျိုး အဖေက သွန်သင်ပေးတော့ သမီးဖြစ်နေတဲ့အတွက်ကြောင့် ရှက်ရမယ်၊ ကြောက်ရမယ် မသင်ပေးထားဘူး၊ လုပ်နိုင်တယ်ပဲ။

အမျိုးသမီး တော်တော် များများက အဲဒီလိုမဟုတ်ဘူးလေ၊ မိသားစုကိုယ်တိုင်ကလည်း သမီး အိမ်မှာပဲနေ၊ ဒါမပြောနဲ့၊ ဒီလိုမလုပ်နဲ့၊ အဲဒီလိုမျိုးနဲ့ ၂ နှစ်လောက် အရွယ်ကတည်းက သွင်းထားတော့ သူတို့အတွက်က ရှေ့ထွက်လာဖို့ ခက်သွားတာပေါ့။ ကိုယ်က အိမ်ထောင်မရှိ၊ ငယ်ရွယ်တဲ့အမျိုးသမီးတွေ ဖြစ်နေတော့ သိက္ခာကျအောင် ပြောတာမျိုးတွေတော့ ခဏခဏ ခံနေရတယ်။ ဥပမာ -  ဗိုက်ကြီးတယ်၊ ကလေးဖျက်ချတယ်၊ ဒီလူနဲ့ ဒီလူဖြစ်တယ် စသဖြင့် စွပ်စွဲခံနေရတာနဲ့။ ဖလမ်းမှာ ကျွန်မတစ်ယောက်တည်း နေတယ်၊ အိမ်မှာလာလည်တဲ့သူတွေ၊ အဖိုးကြီးတွေ၊ အဖွားကြီးတွေ၊ ပြီးရင် လူငယ်တွေ လာလည်တယ်၊ အလုပ်ကိစ္စပဲ။ အဲဒါမျိုးဆိုရင် “ဟိုမှာ လူပျိုနှစ်ယောက် အိမ်ကိုဝင်သွားတယ်” ဆိုပြီး သံသယဖြစ်အောင်ကို ပြောချင်တဲ့သူတွေက ရှိတယ်။ နောက်တစ်ခုကတော့ ဝတ်စားဆင်ယင်မှု။  ဥပမာ ထမီပဲဝတ်ရမယ်တို့၊ တချို့လူတွေရဲ့ စိတ်ထဲမှာ အဲဒါမျိုးတွေက ရှိသေးတယ်။ အထူးသဖြင့် ချင်းပြည်နယ်လိုမျိုးမှာဆိုရင် ထမီ တစ်ချိန်လုံး ဝတ်လို့မရဘူး။ ရွံ့ဗွက်တွေကြားထဲမှာ သွားနေရတာ။

မေး -  CPP က ဘယ်သူတွေနဲ့ မဟာမိတ်လုပ်ထားလဲ။

ဖြေ -  ချင်းပြည်နယ်အတွက်၊ ချင်းလူမျိုးထုအတွက် ကောင်းတာလုပ်ချင်တဲ့ သူဆိုရင် တပ်မတော်ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ တခြား ချင်းပါတီပဲဖြစ်ဖြစ်၊ အတူ တွဲလုပ်ရမှာပဲ။ ကိုယ့်ပါတီပဲအနိုင်ရမှ ဆိုတာမျိုး မရှိဘူး။ နောက်ကျရင်တော့ ရှိရင်ရှိလာမှာပေါ့။ အခုလောလောဆယ်မှာ လူတိုင်းက ပါဝင်ချင်တယ်ဆိုတော့ CPP ချည်းကပဲ၊ NLD ချည်းကပဲ၊ ကြံ့ခိုင်ရေးချည်းကပဲ နေရာယူထားလို့ မရဘူး။ အဲဒီလိုပဲ ကျွန်မတို့က ယုံကြည်တယ်လေ။ Federal Democracy Alliance ဆိုတာလည်း ရှိတယ်။ CPP က ဦးဆောင်နေရတာပေါ့။

မေး -  ငြိမ်းချမ်းရေးဆွေးနွေးနေကြတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

ဖြေ - NCA (တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်) ထိုးကြဖို့ကတော့ အလားအလာတော့ ရှိတယ်။ နောက်ပြီးတော့ သူက နိုင်ငံရေးဆွေးနွေးပွဲ ဆက်တက်လို့ရတာကိုး။  ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်နိုင်မယ်ဆိုရင်တော့ ပိုတော့ကောင်းတာပေါ့။ NCA ထိုးပြီးပြီ ဆိုရင် တပ်မတော်ကရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကရော သူတို့ထိုးထားတဲ့ လက်မှတ်ကို တကယ် လေးစားဖို့တော့ လိုတယ်။ ထိုးသာထိုးပြီးတော့မှ သေနတ်သံတွေ ထပ်ကြားနေရတယ်ဆိုရင်  ရွေးကောက်ပွဲအတွက်လည်း အနှောက်အယှက်တစ်ခု ဖြစ်သွားနိုင်တယ်။     ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading