မဲဆွယ်ကာလ ရန်ကုန်မှအသံများ

သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် Myanmar Now နှင့် တွေ့ဆုံစကားပြောခဲ့သည့် မဲဆန္ဒရှင်ပြည်သူတချို့ (ဓာတ်ပုံ - Myanmar Now)

ထက်ခေါင်လင်း၊  ဖြိုးသီဟချို၊ အိချယ်ရီအောင်တို့ တွေ့ဆုံမေးမြန်းသည်။

မဲကို ဘယ်လိုပေးရမယ်ဆိုတာတော့ အခုချိန်ထိ မသိသေးဘူး။  နေရာတော်တော်များများတွေ့နေရတဲ့ ဒေါင်းနဲ့အလံကိုတော့ မှတ်ထားတယ်။  အဲဒါ ကိုယ်ပေးရမယ့် ပါတီရဲ့ အမှတ်တံဆိပ်ဆိုတာ။  တခြားဘယ်သူတွေဝင်ပြိုင်တယ်ဆိုတာ မှတ်စရာမလိုပါဘူးဗျာ။  အပြောင်းအလဲကို လိုချင်တော့ ကိုယ်ပေးရမယ့်ဟာမှတ်ထား ပြီးတာပဲ။  ဘယ်သူတွေ မဲဆွယ်စကားလာပြောပြော လူမှုရေးအရတော့ ရေလိုက်ငါးလိုက်ပေါ့။
ကိုတိုးအောင် (အငှားယာဉ်မောင်း၊ သင်္ဃန်းကျွန်းမြို့နယ်)
 
ကိုယ့်နာမည် မဲစာရင်းမှာ မပါတော့ မဲသွားမထည့်ရုံပဲပေါ့။  နိုင်ငံရေးကို စိတ်လည်းမဝင်စားဘူး၊ သိလည်းမသိဘူး။  ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာ။  ဘယ်ပါတီတက်တက် ကိုယ့်အလုပ် ကိုယ်လုပ်နေရဖို့က အရေးကြီးတာပဲ။
ကိုရန်နောင်စိုး (အနှေးယာဉ်မောင်း- သင်္ဃန်းကျွန်း)
 
တခြားဘယ်ပါတီတွေ ဝင်ပြိုင်တယ်ဆိုတာ စိတ်လည်းမဝင်စားဘူး။  သိလည်းမသိချင်ဘူး။  စုံလည်းမစုံစမ်းဘူး။  ကိုယ့်မှာ ဘယ်ပါတီကို  ပေးရမယ်ဆိုတာပဲ သိထားတယ်။    မဲပေးရင် ဘယ်တံဆိပ်ကို ပေးရမယ်ဆိုတာပဲ မှတ်ထားတာ။  ဒါကလည်း အပြောင်းအလဲကို လိုချင်လို့။   အရင်အချိန်က တွေ့ခဲ့ မြင် ခဲ့ရတဲ့ဟာတွေကြောင့် အရင်အစိုးရပါတီကို လုံးဝ မဲပေးဖို့တော့မရှိဘူး။
ကိုကျော်မိုး (ဈေးသည်၊ သင်္ဃန်းကျွန်း)
 
ရွေးကောက်ပွဲလုပ်မယ်ဆိုတာတော့သိပါတယ်။  ဘယ်ရက်လုပ်မလဲဆိုတာတော့ မသိပါဘူး။  မဲထည့်ဖို့စိတ်ဝင်စားပါတယ်။  ကိုယ်လည်းမြန်မာနိုင်ငံသားဆိုတော့ မဲထည့်ချင်တာပေါ့။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်စုပါတီကို မဲထည့်မှာပါ။ သူများတွေကလည်း ဒီပါတီပဲ မဲထည့်မှာဆိုတော့ ကိုယ်လည်း ဒီပါတီပဲ မဲထည့်ရမှာပေ့ါ။  လူမှုရေး၊ စီးပွားရေး ပြောင်းလဲလာမယ် ထင်လို့အဲပါတီကို မဲထည့်မှာပါ။
ဦးအောင်သန်း   (သန့်ရှင်းရေးအလုပ်သမား၊ မင်္ဂလာတောင်ညွန့်မြို့နယ်)
 
 ကြံ့ခိုင်ရေးပါတီက အစိုးရ (ထပ်)ဖြစ်သွားမယ်ဆိုရင်တော့ တိုင်းပြည်ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ (ပြီးခဲ့တဲ့) ငါးနှစ်တာ ကာလမှာ ပြောင်းလဲတာ ဘာမှ မရှိပါဘူး။  ဖုန်းပေါတာ၊ ကားတွေပေါတာက တိုင်းပြည်ပြောင်းလဲလာတယ်လို့မထင်ပါဘူး။  အိမ်နီချင်းနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အဲပစ္စည်းတွေကို အသုံးပြုနိုင်တာပါ။  ကားများလွန်းတော့လည်း လမ်းတွေ ပိတ်တယ်။  အစိုးရအနေနဲ့အဲဒီလိုလမ်းတွေ မပိတ်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။  မီးလောင်တယ်ဆိုရင် မီးသတ်ကားသွားလို့မရအောင် လမ်းတွေပိတ်နေတယ်။  နာမကျန်းဖြစ်လို့ဆေးရုံကား သို့မဟုတ် အိမ်ကားနဲ့သွားရင်လည်း လမ်းမှာပိတ်နေတာနဲ့တင် တော်တော်ကြာတယ်။  အင်မတန်ကို ဒုက္ခရောက်တယ်၊ ဒါ မကောင်းပါဘူး။  ၁၉၉ဝ တုန်းက NLD ကို ထည့်ခဲ့ပါတယ်။  ၂ဝ၁ဝ တုန်းကတော့ NLD ဝင်မပြိုင်တော့ မဲသွားမထည့်ပါဘူး။  ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ NLD ပဲ ထည့်ပါတယ်။  မဲစာရင်းလည်းသွားကြည့်ပြီးပါပြီ။ မှန်ပါတယ်။  တစ်အိမ်သားလုံးလည်း ပါပါတယ်။   
ဦးလှရွှေ (ဂက်စ်အိုးလုပ်ငန်း လုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)
 
၂ဝ၁ဝ တုန်းက ပြည်ထောင်စုလွှတ်တော်အတွက်  ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ ပါတီကို မဲထည့်ခဲ့ပါတယ်။  အမျိုးသားလွှတ်တော်ကျတော့ အမျိုးသားအင်အားစုပါတီ (NDF) ပါတီကို မဲထည့်ခဲ့ပါတယ်။  တိုင်းဒေသကြီးကျတော့ ဘယ်သူမှ မထည့်ပါဘူး။  ထည့်စရာပါတီက ကိုယ်မကြိုက်တဲ့ ပါတီမို့လို့ပါ။  ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ ဒေါ်ဖြူဖြူသင်း - NLD ကို မဲထည့်ခဲ့ပါတယ်။  NLD ပါတီသာ အစိုးရဖွဲ့ခွင့်ရရင်   ကုန်ဈေးနှုန်းကြီး၊ အလုပ်ကိုင်ရှားပါး၊ လူတန်းစားမညီမျှ၊ ဆင်းရဲချမ်းသာမညီမျှတဲ့ ကိစ္စ၊ မြန်မာပြည်မှာ အခုဖြစ်နေတာက လူလတ်တန်းစားတွေ ပျောက်ဆုံးနေတာ၊ အဲကိစ္စလိုမျိုးတွေကိုလည်း ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်။  အများကြီးတော့ မကောင်းနိုင်ပါဘူး။  ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စတွေ အမျိုးသားပညာရေးဥပဒေကိစ္စတွေ အများကြီးဖြေရှင်းရဦးမှာ။
ဦးသိန်းနိုင်ဝင်း (သံတံခါးလုပ်ငန်းလုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)
 
ရခိုင်အမျိုးသားပါတီ၊ ခွပ်ဒေါင်းပါတီ၊ ကြံ့ခိုင်ရေးပါတီတို့ကို သိပါတယ်။  ရွေးကောက်ပွဲမှာက NLD ကို နိုင်စေချင်တယ်။ အပြောင်းအလဲတစ်ရပ်ကို လိုချင်တယ်။ လှိုင်သာယာမှာ ယာယီသန်းခေါင်စာရင်းနဲ့ နေတာပါ။  အဲဒါကြောင့် (မဲပေးခွင့်ရဖို့) သွားလျှောက်ထားပါတယ်။  အိမ်ရှင်ကနေတစ်ဆင့် တိုင်ပေးထားတဲ့ ဧည့်စာရင်းထောက်ခံချက်နဲ့မှ ရပ်ကွက်ရုံးက လုပ်ပေးတာ။
ကိုထွန်းထွန်း (အငှားဆိုင်ကယ်မောင်းသူ၊ လှိုင်သာယာမြို့နယ်)
 
စက်ရုံမှာလုပ်ရတာဆိုတော့ အချိန်မရဘူး။ မဲစာရင်းလည်း မစစ်ရသေးပါဘူး။  ဧရာဝတီတိုင်း မော်ကျွန်းကနေ ပြောင်းလာတာ။ ဒီမှာပေးမရရင်တော့ ဟိုမှာပြန်ပေးရမှာပေါ့။  မဲပေးလို့ ဘာတွေ တစ်ခုခုပြန်ရမယ်ဆိုတာ မမှန်းမိပါဘူး။  ကိုယ့်နိုင်ငံအေးချမ်းဖို့နဲ့ အဆင်ပြေဖို့ဆိုရင် ရပါတယ်။   
မသန်းသန်းမော် (စက်ရုံအလုပ်သမား၊ လှိုင်သာယာ)
 
 ပါတီဘယ်နှစ်ခုရှိမှန်းတော့ မသိဘူး။ အခုဆို အသက်၂၃ ပေါ့။ မှတ်ပုံတင်မရှိလို့ ကြုံဖူးတဲ့ ရွေးကောက်ပွဲတွေမှာလည်း မဲမပေးခဲ့ရဘူး။  အခုလည်း မှတ်ပုံတင်မရှိတော့ မဲပေးလို့မရဘူးဖြစ်နေတယ်။
သက်ပိုင် (အနှေးယာဉ်မောင်း၊ လှိုင်သာယာ)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading