မလေးရှားကို သင်ခန်းစာယူရန် နေပြည်တော်ရောက် မလေးပညာရှင် တိုက်တွန်း

အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားသို့ သဘောထားတင်းမာသော ဘုန်းတော်ကြီးများ၊ ထိုဥပဒေထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအငြင်းပွားဖွယ် ဥပဒေများမှာ နိုင်ငံ၏ လူနည်းစု မွတ်စလင်အသိုင်းအဝန်းကို ခွဲခြားဆက်ဆံရာရောက်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည် (ဓာတ်ပုံ - ထူးတေဇာ / MYANMAR NOW)

နေပြည်တော် -  ခမ်းနားကြီးကျယ်သော နေပြည်တော်ရှိ  ထိန်ထိန်ညီးနေသည့် ဟိုတယ်ခန်းမတစ်ခုတွင် မကြာသေးခင်က ကျင်းပခဲ့သော "ရွေးကောက်ပွဲနှင့်ကိုယ်ကျင့်တရား" ညီလာခံတွင် မလေးရှား အမျိုးသားတက္ကသိုလ်မှ ပညာရှင် ဖိုင်ဆယ်အက်ဟာဇစ်က တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ ၂၇ ခု နှင့် အရပ်ဘက်အဖွဲ့အစည်းတချို့မှ ကိုယ်စားလှယ်များကို ဘာသာရေး၊ လူမျိုးရေးနွယ်သည့် နိုင်ငံရေးလှုပ်ရှားမှုများ ရှောင်ရှားကြရန် တိုက်တွန်းပြောဆိုလိုက်သည်။ မလေးရှားနိုင်ငံ၏ လတ်တလော နိုင်ငံရေးဖြစ်စဉ်နှင့် ယှဉ်ပြပြီး ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ၂ဝ၁၂ နောက်ပိုင်း လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလမ်ဘာသာဝင်များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၁၄ဝ,ဝဝဝ ကျော် ယခုအချိန်အထိ ပြောင်းရွှေ့ နေထိုင်ရသည့်အပြင် နိုဝင်ဘာတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲမတိုင်မီ အစွန်းရောက်ဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ အစ္စလမ်ဆန့်ကျင်ရေး၊ မုန်းတီးရေး ပြောဆိုချက် အများအပြား ပေါ်ပေါက်နေသည့်  မြန်မာနိုင်ငံတွင် အဆိုပါ မလေးရှားပညာရှင်၏ သတိပေးချက်က ပရိသတ်ကို လှုပ်နိုးလိုက်သည် ။
 
“လက်ရှိ အာဏာပိုင်တွေဟာ လူထုထောက်ခံမှု ဆက်ကျဆင်းနေတာနဲ့အမျှ သူတို့တွေရဲ့ အာဏာကို ထိန်းသိမ်းဖို့ အာဏာရှင်ဆန်တဲ့ လုပ်နည်းကိုင်နည်းတွေကို အသုံးပြုလာကြတယ်” ဟု မလေးရှားတွင် ၅၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အမျိုးသား ဘာရီစန် ညွန့်ပေါင်းအစိုးရကို ရည်ညွှန်းပြီး သူကပြောသည်။ အမျိုးသား ဘာရီစန်သည် ၂ဝ၁၃ ရွေးကောက်ပွဲတွင် အခြေခံပြည်သူတို့၏ ထောက်ခံမဲများကို ဆုံးရှုံးခဲ့သည်။
 
တစ်စတစ်စ အင်အားကောင်းလာနေသော မလေးလူမျိုး မဟုတ်သူများကြောင့် “အစ္စလမ်ဘာသာနှင့် အစ္စလမ်အသိုင်းအဝိုင်း၏တည်ရှိမှု ခြိမ်းခြောက်ခံနေရသည်” ဟု ပြောဆိုသည့်နည်းဖြင့် အဆိုပါ ပါတီက မလေးလူမျိုးများအကြား အကြောက်တရား လွှမ်းမိုးအောင် လုပ်နေကြောင်း ဟာဇစ်က ဆိုပါသည်။
 
အလားတူပင် မြန်မာနိုင်ငံတွင်လည်း မဘသ ခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးက ဗုဒ္ဓဘာသာ ခြိမ်းခြောက်ခံနေရသည်ဟု ဟောပြောလျက်ရှိသည်။

ဤပြောဆိုချက်များအရပင် အမျိုးသမီးများ၊ မွတ်စလင်များကို ခွဲခြားဆက်ဆံသည်ဟု ဝေဖန်ခံရသော "မျိုးစောင့်ဥပဒေများ”ကို ပြဋ္ဌာန်းရန် အောင်မြင်စွာ တိုက်တွန်းနိုင်ခဲ့ကြသည်။
 
၎င်းဥပဒေများကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲမပေးကြရန် မဘသ အဖွဲ့ဝင်ဆရာတော်များက မဲဆန္ဒရှင် ပြည်သူအများအပြားကို ဟောပြောထားသည်။
 
သြဇာအာဏာရှိသော မဘသခေါင်းဆောင် ဆရာတော်များက ပြည်သူလူထုအတွင်း ကျော်ကြားသော NLD ကို ယှဉ်ပြိုင်မည့် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ သမ္မတ ဦးသိန်းစိန်တို့ကို ထောက်ခံကြောင်းလည်း ဟောပြောခဲ့ကြသည်။
 
“အစ္စလမ်ဘာသာနဲ့ မလေးရှားလူမျိုးတွေဟာ နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့ကြတာပါ။ ဗုဒ္ဓဘာသာနဲ့ မြန်မာတွေလည်း အဲဒီလိုပါပဲ။  ကမ္ဘာစစ်နှစ်ခု၊ ကိုလိုနီပြုခံရမှု၊ ရေဘေး၊ ဆူနာမီ၊ အငတ်ဘေး စတာတွေကို ရင်ဆိုင်ရပြီး ရှင်သန်ခဲ့တာပါ။ ရွေးကောက်ပွဲဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့်တော့ သေဆုံးသွားမှာ မဟုတ်ပါဘူး” ဟု ဟာဇစ်က ဆိုပါသည်။
 
လာမည့် ရွေးကောက်ပွဲသည်  ၂၅နှစ်အတွင်း အတိုက်အခံပါတီများအားလုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပထမဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာမည်ဟု ပြောဆိုကြပါသည်။
 
အဆိုပါ ဘာသာရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာစေရန် လုပ်ဆောင်မှုသည် အခွင့်ထူးခံရရှိနေသည့် ထိပ်တန်း နိုင်ငံရေးနှင့် ဘာသာရေး အုပ်စုများက သူတို့၏ ဩဇာ အာဏာ ဆုံးရှုံးမည်ကိုကြောက်လန့်၍ လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု Myanmar Now သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ဟာဇစ်က ပြောပါသည်။ ဤလုပ်ရပ်များမှာ ဘေးအန္တရာယ်ရှိသည်ဟုလည်း ပြောပါသည်။
 
“နိုင်ငံရေးထိပ်တန်းအုပ်စု ဒါမှမဟုတ် ဘာသာရေးထိပ်တန်းအုပ်စုတွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေမပါဘဲ သာမန်လူတွေဟာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကို ကျူးလွန်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပါတီနိုင်ငံရေး၊ ကျဉ်းမြောင်းတဲ့အယူအဆတွေကို ကျော်လွှားနိုင်တဲ့ နိင်ငံရေးခေါင်းဆောင်တွေ လိုအပ်ပါတယ်” ဟု ဟာဇစ်က ပြောသည်။
 
အတိုက်အခံများ စုစည်းဖို့လိုသည်
 
မြန်မာနှင့်မလေးရှားတို့သည် ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ကြပုံချင်းတူပြီး နှစ်နိုင်ငံစလုံးသည် တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ ဘာသာရေး အသိုင်းအဝိုင်း မျိုးစုံရှိကြသည်။ မလေးရှားတွင် လက်ရှိအုပ်ချုပ်သော ညွှန့်ပေါင်းအစိုးရ၏ အဆိုးဝါးဆုံး ရွေးကောက်ပွဲရလဒ် ပေါ်ပေါက်သွားစေရန် မဲဆန္ဒရှင်လူထုက ဖော်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို အထက်အာဏာရှိသူများက သတိကြီးစွာထားပြီး စီစဉ်လုပ်ကိုင်ခြင်းဖြစ်သည်။
 
ထိုသို့ အရောင်အသွေးစုံသည့် လူ့အဖွဲ့အစည်းများတွင် မည်သည့်ပြောင်းလဲမှုလုပ်လုပ် အားလုံးကို ထင်ဟပ်ရမည်ဟု ဟာဇစ်က ပြောသည်။
 
“လူနည်းစုတွေရဲ့ အခွင့်အရေးကို ငြင်းဆိုနေချိန်မှာတော့ ဒီမိုကရေစီရဖို့ ကြိုးပမ်းလို့ မရပါဘူး။ ဒီမိုကရေစီအခြေခံသဘောတရားတစ်ခုကိုက လူနည်းစုရဲ့အခွင့်အရေးအပါအဝင် လူတိုင်းရဲ့အခွင့်အရေးကို လေးစားထိန်းသိမ်းဖို့ ဖြစ်ပါတယ်” ဟု Myanmar Now ကို ပြောပါသည်။
 
မြန်မာ့နိုင်ငံရေးအတိုက်အခံများ မလေးရှားထံမှ လေ့လာသင်ယူနိုင်သော သင်ခန်းစာရှိကြောင်း၊ ထိုအချက်မှာ စည်းလုံးညီညွတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
 
“အတိုက်အခံပါတီတွေဟာ ရွေးကောက်ပွဲမတိုင်မီ အချင်းချင်းနားလည်မှတစ်ခု တည်ဆောက်ထားတာ ဒါမှမဟုတ် မဟာမိတ်ဖွဲ့ထားတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လက်ရှိအာဏာရပါတီကို အတိုက်အခံပါတီတွေက တန်းတူ ယှဉ်ပြိုင်နိုင်မှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းမျိုးစုံရှိတဲ့ဆီမှာ အတိုက်အခံပါတီတွေကြား သဘောကွဲလွဲတာရှိရင် အာဏာရအစိုးရကို စိန်ခေါ်ဖို့ ခဲယဉ်းလိမ့်မယ်”ဟု ပြောပါသည်။
 
ဒီမိုကရေစီအခြေခံမူများ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊  ပွင့်လင်းမြင်သာခြင်း စသော လူမျိုးဘာသာနယ်နိမိတ်မျဉ်းများကို ကျော်လွှားသွားနိုင်သည့် အစွန်းမရောက်သည့် အမှာစကားများ အပေါ် အခြေခံသည့် ဘုံရပ်တည်ချက်တစ်ခုကို အတိုက်အခံများ သဘောတူရယူရန် လိုအပ်သည်ဟု ၎င်းက ဆိုပါသည်။
 
မလေးရှားတွင် အတိုက်အခံများသည် အဆိုပါနည်းကို သုံးပြီး ချဉ်းကပ်ခဲ့သဖြင့် ၂ဝဝ၈ ရွေးကောက်ပွဲတွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိခဲ့သည်၊ ၁၉၆၉  နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လက်ရှိအာဏာရ ညွန့်ပေါင်းပါတီ အနိုင်မဲ သုံးပုံနှစ်ပုံ မရစေရန် လုပ်ဆောင်နိုင်ခဲ့သည်၊ ၂ဝ၁၃  တွင် အမတ်နေရာ ပိုရလာကာ အခြေခံလူတန်းစားများ၏ထောက်ခံမဲကိုပါ အရယူနိုင်ခဲ့သည်ဟု သူက ဆိုသည်။
 
မေးစရာရှိသည်ကတော့ မဟာမိတ်ဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းက မည်မျှ ကြာမည် ဆိုသည့်အချက် ဖြစ်သည်။ မလေးရှားနိုင်ငံတွင် ထိုသို့ မဟာမိတ်ဖွဲ့စည်းမှု ဇွန်လတွင် အဆုံးသတ်သွားပြီး ယခုအသစ် ဖွဲ့စည်းထားသည်။
 
မြန်မာပြည်တွင်လည်း မဲဆန္ဒရှင်များအနေဖြင့် အသည်းကြားကမဲတစ်ပြားဖြင့် မိမိတို့၏သဘောထားဆန္ဒအမှန်ကို ထုတ်ဖော် ပြသကြရန် ဟာဇစ်က တိုက်တွန်းသည်။
 
 “မဲတစ်မဲတိုင်း တန်ဖိုးရှိပါတယ်။ မလေးရှားမှာဆိုရင် လွှတ်တော်ကို အာဏာရပါတီကြီး သုံးပုံနှစ်ပုံ ကြီးစိုးထားတယ်ဆိုတဲ့ ထုံးစံလိုဖြစ်နေတဲ့ အစဉ်အလာကို ပြည်သူတွေက ၂ဝဝ၈ နဲ့ ၂ဝ၁၃ တို့မှာ ပြောင်းပြန်လှန်ပစ်ပြီး ထင်မထားတာတွေကို လုပ်ပြနိုင်ခဲ့တယ်။ မလေးရှားရဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့ အဝေးကြီးလိုသေးတယ် ဆိုပေမယ့် လူထုသဘောထားဆန္ဒကို ဘယ်သူမှ မတားနိုင်ပါဘူး ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading