၂ဝ၁ဝ နှင့် ၂ဝ၁၅ ကြား မြန်မာနိုင်ငံ၏ ထင်ရှားဖြစ်စဉ်များ

၂ဝ၁ဝ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပြီး အာဏာသိမ်းစစ်အစိုးရက ရလဒ်ကို အသိအမှတ်မပြုသည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

စစ်အုပ်ချုပ်ရေးအောက်နှင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့အရေးယူမှုများကြားတွင် ကျင်းပသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ရိုးသားမှုမရှိဟု သတ်မှတ်ကြပြီး စစ်အရာရှိဟောင်းတို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို လွှတ်တော်နေရာ အများအစုအတွက် အနိုင်ပေးခဲ့သည်။

ဦးသိန်းစိန်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပြီး အပိုင်စီစဉ်ထားခဲ့သည့် စစ်တပ်ဦးဆောင်သော ဒီမိုကရေအသွင်ကူးပြောင်းရေးကို အကောင်အထည် ဖော်ရာ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပတော့မည်ဖြစ်သည်။ ဤရွေးကောက်ပွဲသည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

အောက်ပါ ဖြစ်ရပ်များသည် လာမည့်ရွေးကောက်ပွဲမတိုင်မီ လက်ရှိအစိုးရ၏ သက်တမ်း ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အဓိက အကြောင်းအရာများဖြစ်သည်။

၂ဝ၁ဝ နိုဝင်ဘာ ၇ -- ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပသည်။ အဆိုပါရွေးကောက်ပွဲသည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီကို ဘက်လိုက်ပြီး အားသာစေခဲ့သည်ဟူသော ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရသည်။ အတိုက်အခံ NLD နှင့် အဓိက တိုင်းရင်းသားပါတီများက အဆိုပါရွေးကောက်ပွဲကို သပိတ်မှောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ၊ ဦးနေဝင်းလက်ထက် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမည်ပြောင်းထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က ၇၆ ဒသမ ၅ နှင့် ၅ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးဖြင့် အနိုင်ရသွားသည်။ NLD နှင့် ရှမ်းတိုင်းရင်းသားပါတီတစ်ခုတို့မှ ခွဲထွက်သွားခဲ့သည့် ပါတီနှစ်ခုကလည်း အမျိုးသားလွှတ်တော်နှင့် တိုင်း/ဒေသကြီး လွှတ်တော်တို့တွင် နေရာများ ရခဲ့သည်။

၂ဝ၁ဝ၊ နိုဝင်ဘာ ၁၃ -- နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရာမှ လွတ်မြောက်ခဲ့သည်။

၂ဝ၁၁ ၊ မတ် ၃ဝ -- စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိန်က နှစ်ပေါင်း ၅ဝ အတွင်း ပေါ်ပေါက်လာသည့် ပထမဆုံး အရပ်သားအစိုးရတွင် သမ္မတတာဝန် စတင်ထမ်းဆောင်သည်။

၂ဝ၁၁ ၊ ဇွန် ၉ -- မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်အစိုးရ ပံ့ပိုးထားသည့် တာပိန် ရေအားလျှပ်စစ်စီမံကိန်း အနီး မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲများဖြစ်ပွားသည်။ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးကြသည်။

၂ဝ၁၁ ၊ သြဂုတ် ၁၈ -- သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်သည်။

၂ဝ၁၁ ၊ သြဂုတ် ၁၉ -- သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၏ ရည်ရွယ်ချက်များအပေါ် အပြုသဘောဆောင်သည့်မှတ်ချက်များ ပေးခဲ့သည်။

၂ဝ၁၁၊ စက်တင်ဘာ ၃ဝ -- သမ္မတဦးသိန်းစိန်က လက်ရှိအစိုးရလက်ထက်အတွင်း မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းမည်ဟု ကြေညာသည်။ တရုတ်အစိုးရက ငွေကြေးထည့်ဝင်ထားသည့် အဆိုပါစီမံကိန်းကို ကချင်ဒေသခံများနှင့် မြန်မာပြည်သူများက ကန့်ကွက်ခဲ့သည်။

၂ဝ၁၁၊ နိုဝင်ဘာ ၃ဝ -- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည်။ ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာပြည်သို့ လာရောက်သော ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသည်။ မြန်မာနိုင်ငံကို ရာစုနှစ်ထက်ဝက်ခန့် ပိတ်ဆို့ အရေးယူမှုများနှင့် ဆက်ဆံရေးဖြတ်တောက်ပြီးနောက် အနောက်အုပ်စုက ပထမဆုံးအကြိမ် ပြန်လည်ထိတွေ့မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

၂ဝ၁၂၊ ဇန်နဝါရီ ၁၃ -- အစိုးရက ထင်ရှားသည့်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရာ ၁၉၈၈ အရေးအခင်းကို ဦးဆောင်ခဲ့သည့် ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များလည်း ပါဝင်သည်။

၂ဝ၁၂ ၊ ဧပြီ ၁ -- ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ၄၄ ခု အနက် နေပြည်တော်အပါအဝင် ၄၃ နေရာတွင် အနိုင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်အမတ်တစ်ဦးဖြစ်လာသည်။

၂ဝ၁၂၊ ဧပြီ ၁၃ -- မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံတကာမှ ထင်ရှားသူများအနက် တစ်ဦးဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက စီးပွားရေးပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ကြေညာသည်။

၂ဝ၁၂ ၊ ဇွန် ၈ -- ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား ပဋိပက္ခများ ဖြစ်ပွားသည်။ ရိုဟင်ဂျာတို့ကို အစိုးရက ဘင်္ဂါလီလူမျိုးအဖြစ် သတ်မှတ်ထားသည်။

၂ဝ၁၂၊ သြဂုတ် ၂ဝ -- မထုတ်ဝေမီတင်ပြရသည့် စာပေစိစစ်ရေးစနစ်ကို ဆယ်စုနှစ်များစွာ ကျင့်သုံးပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်သည်။

၂ဝ၁၂ ၊ အောက်တိုဘာ ၂၁ -- လူမျိုးရေးဆူပူမှုများဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လက်ရှိအချိန်အထိ လူပေါင်း ၁၄ဝ,ဝဝဝ နေရပ်မပြန်နိုင်သေးဘဲ အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ မွတ်စလင်အများအပြား ပင်လယ်မှတဆင့် စွန့်ခွာထွက်ပြေးသည်။

၂ဝ၁၂၊ နိုဝင်ဘာ ၁၉ -- ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ ရောက်လာရာ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည်။

၂ဝ၁၃ ၊ မတ် ၂ဝ -- မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတစ်ဦးနှင့် မွတ်စလင် ရွှေဆိုင်ပိုင်ရှင်တို့အကြား စကားများကြရာမှ ဆူပူမှုတစ်ခု ၄ ရက်ကြာဖြစ်ပွားခဲ့ပြီး ၄၃ ဦးထက်မနည်း သေဆုံးသည်။

၂ဝ၁၃ ၊ မေ ၃ဝ -- အစိုးရနှင့် KIA အကြား ဆွေးနွေးမှုတစ်ခု ပြုလုပ်ပြီး တိုက်ခိုက်မှုများ လျော့ကျသွားသော်လည်း အပစ်ရပ်ရေး သဘောတူညီချက်မရသေးပေ။

၂ဝ၁၃ ၊ ဧပြီ ၂၂ -- ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်တွင် လက်နက် ရောင်းချမှုမှလွဲ၍ ကျန်ရှိနေသည့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်သည်။ ရှေ့လပိုင်းအနည်းငယ်ကလည်း အမေရိကန်က ၎င်း၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်သော်လည်း စစ်အစိုးရနှင့်နီးကပ်ခဲ့သည့် စီးပွားရေးသမားများကို အမည်ပျက်စာရင်းတွင် ဆက်လက်ထားရှိခဲ့သည်။

၂ဝ၁၃ ၊ ဇွန် ၂၁ -- လူမျိုးရေးသဘောထားတင်းမာသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ညီလာခံ တစ်ခု ကျင်းပကာ မဘသဟု အတိုကောက်ခေါ်ဝေါ်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းသည်။ ထိုအဖွဲ့က လူမျိုးနှင့်ဘာသာကို ကာကွယ်ပေးမည့် ဥပဒေသစ်များ ပြဋ္ဌာန်းပေးရန် တောင်းဆိုသည်။

၂ဝ၁၄ ၊ ဇူလိုင် ၂ -- မွတ်စလင်အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကြောင်း ကောလာဟလတစ်ခုကို ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူက Facebook တွင် တင်လိုက်ပြီးနောက် မန္တလေးတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့အကြား အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးသည်။

၂ဝ၁၅၊ ဖေဖော်ဝါရီ ၉ -- ကိုးကန့်တပ်ဖွဲ့က အစိုးရတပ်စခန်းများကို တိုက်ခိုက်ရာမှ ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားရာ ကိုးကန့်တိုင်းရင်းသားအများစုအပါအဝင် အရပ်သား သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးရသည်။

၂ဝ၁၅ ၊ ဇွန် ၁၅ -- မဘသက အဆိုပြုထားသည့် မျိုးစောင့်ဥပဒေ ပထမလေးခုကို သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးသည်။ အဆိုပါအဖွဲ့က တိုက်တွန်းထားသည့် ဥပဒေအားလုံးကို လက်မှတ်ထိုးရေးအစီအစဉ်အပေါ် ပြည်ခိုင်ဖြိုးပါတီလွမ်းမိုးထားသည့် လွှတ်တော်တွင် ကန့်ကက်မှုအချို့ရှိခဲ့သည်။

၂ဝ၁၅ ၊ ဇွန် ၂၅ -- စစ်တပ်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးအမတ်များက ၂ဝဝ၈ အခြေခံဥပဒေမှ အဓိကကျသည့် အပိုဒ်တစ်ပိုဒ်အား ပြင်ဆင်ရန် ကန့်ကွက်လိုက်သည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အချက်ကို လွှတ်တော်တွင်း အပြောင်းအလဲလုပ်ရန် ကြိုးပမ်းချက် အောင်မြင်မှု မရခဲ့ပေ။

၂ဝ၁၅ ၊ ဇူလိုင် ၃ -- သမ္မတဦးသိန်းစိန်၏ ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း သမ္မတသက်တမ်းဒုတိယအကြိမ်အတွက် လွှတ်တော်က ရွေးချယ်နိုင်ကြောင်း သမ္မတရုံးအကြီးတန်း အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

၂ဝ၁၅ ၊ ဇူလိုင်၈ -- ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ နိုင်ငံရေးပါတီ ၉၃ ခု၊ ကိုယ်စားလှယ်လောင်း ၆,ဝ၇၄ ဦး ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်သည်။

၂ဝ၁၅ ၊ သြဂုတ် ၁၂ -- ပြည်ခိုင်ဖြိုးပါတီအတွင်း ပြဿနာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်သည်။

၂ဝ၁၅ ၊ စက်တင်ဘာ ၈ -- ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်သည်။

၂ဝ၁၅၊ စက်တင်ဘာ ၂ဝ -- ဒုတိယအကြိမ်ထုတ်ပြန်လိုက်သည့် မဲစာရင်းတွင် အမှားအယွင်းများ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြင်ဆင်ပေးရန် မဲဆန္ဒရှင်များက လျှောက်ထားနိုင်ကြောင်း ကြေညာသည်။

၂ဝ၁၅ ၊ အောက်တိုဘာ ၁၃ -- ဇွန်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ရန် ရွေးကောက်ပွဲကော်မရှင်ကဆွေးနွေးခဲ့သော်လည်း စီစဉ်ထားသည့်အချိန်အတိုင်း ကျင်းပမည်ဟု ကြေညာသည်။

၂ဝ၁၅ ၊ အောက်တိုဘာ ၁၅ -- လက်နက်ကိုင်အဖွဲ့ ၈ ခုက အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည်။ သို့သော်လည်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် KIA နှင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ ပါဝင်ခြင်းမရှိပေ။

ကိုးကား - မြန်မာသတင်းဌာနများ၊ ကုလသမဂ္ဂ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊
The Burma Fund, BBC, Reuters, The Irrawaddy, Human Rights Watch, International Crisis Group

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading