ထူးခြားသည့်အခြေခံဥပဒေကြောင့် ရွေးကောက်ပွဲရှုံးအမတ်များ လွှတ်တော်ထဲ ပြန်ရောက်

၂ဝ၁၅ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ် ရှုံးနိမ့်သွားသော်လည်း ရွေးကောက်ပွဲတွင် အရေးနိမ့်သွားသည့် လွှတ်တော်အမတ်များ တနင်္လာနေ့တွင် ပြန်လည်စတင်သည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နေကြပြီဖြစ်သည်။

မဲသမာမှုများ ဖြစ်ပွားခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးကောက်ခံရသည့် ပြည်ခိုင်ဖြိုးအမတ်များ လွှမ်းမိုးထားသည့် လက်ရှိလွှတ်တော်သက်တမ်းသည် ၂ဝ၁၆ ဇန်နဝါရီလကုန်အထိ ဆက်လက်တည်မြဲမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ရှံးနိမ့်သည့် လွှတ်တော်အမတ်များနှင့် ကျင်းပသော၊ မြန်မာနိုင်ငံတွင်သာရှိသော ယင်းကဲ့သို့ ထူးထူးခြားအစီအစဉ်သည် စစ်တပ်က ရေးဆွဲခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိနေသည်။

ယင်းကဲ့သို့ လုပ်ဆောင်ထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲမကျင်းပမီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝေဖန်ခဲ့ပြီး၊ အာဏာလက်လွှတ်ရတော့မည့် ပါတီတစ်ခုအနေဖြင့် အာဏာလွှဲပြောင်းမပေးမီ မည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရန် ကြိုးပမ်းသွားမည်ဆိုသည့် အချက်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ရွေးကောက်ပွဲတစ်ခုနဲ့ အစိုးရသစ်တစ်ခုဖွဲ့တာရဲ့ ကြားကာလကို ကြီးကြီးမားမားဖြစ်အောင်လုပ်ထားတာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲရှိတယ်။ ဒါဟာစိုးရိမ်စရာ ကိစ္စရပ်တစ်ခုပါ၊ ရွေးကောက်ပွဲပြီးမှာ မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားကောင်း ပြောင်းလဲသွားသလိုရှိမှာပါ။ ဒါပေမယ့် လက်ရှိလွှတ်တော်ကတော့ လာမယ့် ၂ဝ၁၆ ဇန်နဝါရီ ၃၁ ရက်နေ့ထိ ဆက်ရှိနေဦးမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ရွေးကောက်ပွဲ ကျင်းပပြီးသည်နှင့် တစ်ပြိုင်နက် လွှတ်တော်ကို ဖျက်သိမ်းပစ်ပြီး အနိုင်ရပါတီက လွှတ်တော်ခေါ်ယူလေ့ရှိကြောင်း စင်ကာပူနိုင်ငံမှ အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံမှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မောင်မောင်သန်းက ပြောကြားသည်။

“ဗမာပြည်က စနစ်ကတော့ တော်တော်ထူးခြားတယ်။ တစ်ခါမှလည်း ဒီစနစ်ကို လက်တွေ့မကျင့်သုံးရသေးဘူး။ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေက နောက်ငါးနှစ် လွှတ်တော်မှာ မပါတဲ့လူတွေလည်း ရှိတယ်၊ ပါတဲ့လူတွေလည်း ရှိတယ်။ အဲဒီတော့ ဆုံးဖြတ်လိုက်တဲ့ ဥပဒေတွေက နောက်တက်တဲ့ လွှတ်တော်အတွက်ကို လုပ်ဖို့ကိုင်ဖို့ ခွင့်ပေးထားမလား၊ ဒါမှမဟုတ် ဖြတ်ချလိုက်မလား။ နောက်... လွှတ်တော်အင်အားကြီးပါတီက ဒီလွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တာတွေ မကြိုက်လို့ ပြန်ပြင်ဆင်နိုင်တာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ပြဿနာ ထွေပြားလာနိုင်ပါတယ်။ ဖြစ်ချင်တာဖြစ်ဆိုပြီး ရှိတဲ့ (၃) လမှာ လုပ်ချင်တာတွေ လုပ်သွားမယ်ဆိုပြီး အဲလိုမျိုးတော့ ဖြစ်မယ်လို့တော့ မထင်ပါဘူး။ တည်ငြိမ်မှု ပြဿနာကိုတော့ ကြည့်ရမှာပေါ့” ဟု သူက လွှတ်တော် မစတင်မီ ရက်ပိုင်းအလိုတွင် ပြောပြသည်။

အစိုးရဘဏ္ဍာငွေ ခွဲဝေအသုံးချရေးဥပဒေ၊ လွှတ်တော်အမတ်များ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ၊ မူပိုင်ခွင့်ဥပဒေများကို ယခုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်သည်။

အာဏာမလွှဲပြောင်းမီ ကြားကာလအတွင်း လက်ရှိအုပ်ချုပ်ရေးယန္တယားက နောက်တက်လာမည့် အစိုးရအတွက် ဒုက္ခများ ပေးတတ်ကြောင်း၊ ထိုကဲ့သို့မဖြစ်ပွားစေရန် သက်ဆိုင်သူများအားလုံး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးအဖြေရှာရန်လိုကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုသိပ္ပံမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်ခင်မမမျိုးက ပြောကြားသည်။

“ခွာစစ်မှာ ကိုယ်တပ်စွဲခဲ့တဲ့နေရာကို မြေမြှပ်မိုင်းတွေ အပြည့်ထားခဲ့ပြီးမှ ဆုတ်ခွာတာလည်း ရှိပါတယ်” ဟု သူက လွန်ခဲ့သည့်အပတ်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။

ယခုလွှတ်တော်သို့ တက်ရောက်သူများမှာ ငါးနှစ် တာဝန်ထမ်းဆောင်ပြီးသည့် လူဟောင်းများဖြစ်ပြီး အများစုမှာ ယခုရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့သူများ မဟုတ်သောကြောင့် ၎င်းတို့ မည်သူ့ကို ကိုယ်စားပြုသူများ ဖြစ်သနည်းဆိုသည့် မေးခွန်း ထွက်ပေါ်လာသည်။

ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင် မဲရှုံးသွားသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကမူ တနင်္လာနေ့တွင် စတင်သည့်လွှတ်တော်တွင် ၎င်းနှင့် ရွေးကောက်ပွဲရှုံး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် “ မဲရံႈးလို့ ဒုတိယအကြိမ်လွှတ်တော်အတွင်း ပြန်လာစရာမရှိသော်လည်း” ယခုကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်ရန် မိန့်ခွန်းပြောကြားခဲ့သည်။

အငြင်းပွားဖွယ်ရာ

အမတ်တစ်ဦးကို တာဝန်မှ ပြန်ရုပ်သိမ်းနိုင်သည့် ဥပဒေကြမ်းကို ပြီးခဲ့သည့်နှစ်ကပင် ဆွေးနွေးခဲ့သော်လည်း ယခုလွှတ်တော်တွင် ဆုံးဖြတ်ချက်ချရမည်။ အဆိုပါဥပဒေအရ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအနက် တစ်ရာခိုင်နှုန်းက ၎င်းတို့၏ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း တင်ပြလာပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ဖယ်ရှားနိုင်မည့် အခြေအနေများ ပေါ်ပေါက်လာမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ခေါင်းဆောင်ရေးရာပိုင်းတွင် ပြဿနာဖြစ်ပွားနေသည့် ပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားနိုင်ရန် အဆိုပါဥပဒေကို အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

“ဒီဥပဒေကြမ်းကို ထပ်ဆွေးနွေးသွားဦးမယ်။ ကျွန်တော်ကတော့ ဒါဟာ ပြဋ္ဌာန်းသင့်တယ်လို့ ထင်တယ်” ဟု ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် တစ်ယောက်ဖြစ်သည့် ဦးလှဆွေက ပြောကြားသည်။

ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိုးဝင်းကလည်း သူတို့၏ပါတီအနေဖြင့် ကြားကာလတွင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။
“ဖွဲ့စည်းပုံအခြေခံနဲ့အညီ အာဏာလွှဲပြောင်းရေးက ဖြစ်သွားမှာပါ။ ကျွန်တော်တို့သက်တမ်းမှာ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ နောက်တက်လာမယ့်သူတွေလည်း သူတို့ဟာ သူတို့ အကောင်းဆုံး ကြိုးစားမယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

လက်ရှိလွှတ်တော်သည် သူရဦးရွှေမန်း၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သဖြင့် ပြည်သူလူထုဆန္ဒနှင့် မကိုက်ညီသော ဥပဒေများ တင်သွင်းအတည်ပြုလာလိမ့်မည်ဟု မထင်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ဉာဏစိုးက သုံးသပ်သည်။

သူရရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်သောသူဖြစ်ပြီး ၎င်းတို့နှစ်ဦး ကြာသပတေးနေ့တွင် တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးရန် ရှိသည်။

ပြန်လည်သင့်မြတ်ရေးနှင့် နောက်အစိုးရဖွဲ့ရေးအတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရန် လွန်ခဲ့သည့်အပတ်က မေတ္တာရပ်ခံထားသည်။ ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading