ကချင်စစ်ရှောင်ဒုက္ခသည်တို့ရဲ့အသံများ

သာလွန်ကြီးရွာမှ ဒေါ်ဂါးခွန်ရာ (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

မြစ်ကြီးနား− ၂ဝ၁၁ ဇွန်လ  မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့  (KIA) တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာချိန်ကတည်းက နိုင်ငံမြောက်ပိုင်းက လူဦးရေ တစ်သိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းများမှာ ယခုအချိန်အထိ နေထိုင်နေရဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ပြီး ၁၇ နှစ်အကြာမှာ စတင်လာတဲ့တိုက်ပွဲတွေက ယနေ့တိုင် ဖြစ်ပေါ်နေတဲ့အတွက်  ဒုက္ခသည်တွေဟာ တက်သုတ်ရိုက် ဆောက်ထားတဲ့၊  ကျပ်တည်းပြီး ရာသီဥတုဒဏ်ကိုခံနိုင်ရုံမျှသာရှိတဲ့ စခန်းအသီးသီးမှာ နှစ်ရှည်လများ အချိန်ကုန်နေရပါတယ်။

အလုပ်အကိုင်ကရှားပါး၊  ထောက်ပံ့မှုများကလည်း လျော့ပါးလာပြီး အနာဂတ်က မရေမရာ ဖြစ်လာပါတယ်။  မြစ်ကြီးနားရောက် ကချင်စစ်ရှောင်ဒုက္ခသည်များကို Myanmar Now က ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံမေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဒေါ်ဂါးခွန်ရာ၊  ၄ဝ နှစ်၊  သာလွန်ကြီးရွာ

ငယ်ငယ်တုန်းကလည်းထွက်ပြေးဖူးတယ်၊  ၁၉၈၇ မှာ၊  အသက် ၁၂နှစ်လောက်ပဲ ရှိသေးတယ်။  ဒါကြောင့် စစ်အကြောင်းတွေ၊  နိုင်ငံရေးတွေကို အရမ်းစိတ်နာတယ်။  အခုလက်ရှိ အစိုးရက ပြည်သူလူထုကို မချစ်ဘူး။ မျှော်လင့်တာက အစိုးရအသစ်ကိုမျှော်လင့်နေတာပေါ့၊ စစ်ပြေးတွေရော၊  အားလုံးရော၊  လူမျိုးဘာသာမခွဲခြားဘဲ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် တည်ထောင်ပေးမယ်လို့ မျှော်လင့်တယ်။ ရွာက ပြန်မယ်ဆိုပြန်လို့ရတယ်၊  ဒါပေမဲ့ အခု ကချင်တွေနဲ့ရှမ်းတွေကို ခွဲခြားထားတယ်။  ပြည်သူ့စစ်တွေရှိတယ်။  ကချင်တွေကို KIA လို့ ထင်ကြတယ်။  အဲဒါကြောင့် အသက်ငယ်ငယ်ရွယ်ရွယ် ဆိုပြန်လို့မရဘူး။  ပြီးတော့ ပြန်ရင် ဧည့်စာရင်းတိုင်ခိုင်းတယ်၊ ကိုယ့်ရွာကိုယ်ပြန်တာတောင်၊  တစ်ခေါက်ပြန်တော့  အဲဒီလိုပြောတယ်။ ကျွန်မက သားသမီး ၆ယောက်ရှိတယ်၊  အားကိုးမဲ့သူဘယ်သူမှမရှိဘူး။  ယောကျာ်းက စခန်းရောက်ပြီးမှ ၃နှစ်လောက်က ဆုံးသွားတယ်။ ရွှေသွားတူးရာကနေ ရေထဲမျှောသွားတာ။ ဒီမှာနေရတာက ကျဉ်းတယ်။  စိတ်လွတ်လွတ်လပ်လပ်လည်း နေလို့မရဘူး၊  လုပ်ကိုင်စားဖို့နေရာလည်း မရှိဘူး။  ဘဝမဲ့သူလိုပဲ၊  ဒီမှာ မနေချင်တော့ဘူး။  အစိုးရသစ်ကို စစ်ပြေးတွေအတွက် မြန်မြန်ငြိမ်းချမ်းရေးရဖို့၊  ပြန်လည်တည်ထောင်ပေးဖို့ အမြန်လုပ်ဆောင်ပေးဖို့၊ လက်ရှိအစိုးရကိုလည်း အာဏာမြန်မြန်လွဲပေးပါ လို့၊  နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း မမေ့ပါနဲ့ဦးလို့၊  ဆက်ပြီး ပံ့ပိုးပေးပါဦးလို့ တောင်းဆိုချင်တယ်။

ဒေါ်မယန်ရွေးလွန်း၊  ၇၄ နှစ်၊  နန့်ဆန်ယမ်ရွာ

ရွာထဲမှာ စနေနေ့မှာ သေနတ်တွေ ပစ်ထဲ့လိုက်လို့ လန့်ပြီးတော့ တနင်္ဂနွေမနက် ၁ဝ နာရီလောက်မှာ ထွက်ပြေးလာတယ်။  အဝတ်အစား၊ ဘာမှ မပါဘူး။  အိမ်တော့အရမ်းပြန်ချင်တယ်။  ဘယ်နေ့ဘယ်ရက်ပြန်ရမလဲတော့ မသိဘူး။ တိုက်ပွဲမဖြစ်တာတော့ တစ်နှစ်လောက်ရှိပြီ၊   ဒါပေမဲ့ မိုင်းတွေထောင်ထားတယ်၊  နေရာတိုင်းမှာ  ကချင်တွေရော၊  ဗမာတွေရောထောင်တာ။  မပြန်ရဲသေးဘူး။  အခုလည်း စစ်တပ်တွေ ရှိသေးတယ်။  နှစ်ဘက်စလုံး ကြောက်ရတယ်။  သူတို့နှစ်ဘက်တွေ့လို့ တစ်ခုခုဖြစ်တယ်ဆိုရင် ကြားမှာ (ကိုယ်ခံရ)မှာလည်း ကြောက်ရတယ်။ အိမ်တွေက အကုန် ချုံတွေဖြစ်ကုန်ပြီ။  ပစ္စည်းတွေလည်း ဘာမှမရှိတော့ဘူး။  အဲဒီတော့ ပြန်မယ်ဆိုရင်တောင် ဘယ်လိုလုပ်ရမယ်မသိဘူး။  ဒါပေမဲ့ သံယောဇဉ်က မပြတ်ဘူး၊  အဲဒီမှာမွေးပြီး အဲဒီမှာကြီးတာလေ၊  အဲဒီမှာပဲ အိမ်ထောင်ကျတာ။ မိသားစုတွေကလည်း တကွဲတပြားဖြစ်ကုန်ပြီ။  အရင်တုန်းကတော့ ငြိမ်းချမ်းတယ်ဆိုတော့ ရွာမှာအရမ်းစည်တယ်၊  သိပ်ပျော်ဖို့ကောင်းတာ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှမထင်ဘူး။ ရွေးကောက်ပွဲမှာ အစောကြီးထပြီး မဲသွားပေးတယ်၊  ရလဒ်ကို ယုံတော့ယုံကြည်တယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ ဘယ်လိုတွေဖြစ်မလဲတော့ မသိဘူး။
 
ကိုဇော်ဖန်း၊  ၂ဝ

ကျွန်တော်က ၂ဝ၁၂ မှ စခန်းကိုရောက်တာ၊  ရွာထဲမှာနေသေးတယ်။  ဒါပေမဲ့ အစိုးရစစ်တပ်ကိုလည်း ကြောက်ရတယ်၊  KIA ကိုလည်း ကြောက်ရတယ်။  လာရှာတာတော့ မရှိဘူး၊ ဒါပေမဲ့ ကြုံရင်ခေါ်သွားတယ်၊  ထွက်ပြေးရတာပေါ့၊  ဟိုပုန်းဒီပုန်းနဲ့။  တိုက်ပွဲမဖြစ်ခင်က KIA  (စစ်သား) စုဆောင်းရေးကိုပဲ ကြောက်ရတာ။  အခု နှစ်ဘက်စလုံးကြောက်ရတယ်၊  အဲဒါနဲ့ရောက်လာတာ။  ရွာထဲမှာ အဖိုးကြီး၊ အဖွားကြီးတွေကတော့ နေလို့ရတယ်၊  သူတို့ကို သိပ်ဒုက္ခမပေးဘူးဆိုတော့ အမေကနေခဲ့တယ်။  မောင်နှမ ၅ ယောက် လာတာ၊  ဒါပေမဲ့ အစ်ကိုကြီးက ပြီးခဲ့တဲ့လ ၁၂လပိုင်း ၂၃ ရက်မှာ ဆုံးသွားတယ်၊  အသည်းရောင်အသားဝါနဲ့။  KIA စုဆောင်းတာနဲ့တွေ့ပြီး ပထမ ပါသွားတယ်၊  နောက် ထွက်ပြေးလာပြီး ဒီစခန်းမှာ နေသေးတယ်။  နောက်တစ်ခေါက် ပြန်သွားရပြီးမှ ဆုံးသွားတာ။  ယောကျာ်းလေး ၂ ယောက်တည်းရှိတာ။  အခု နမ္မတီးသွားပြီး နှစ်လ၊ သုံးလ လောက် စာရင်းငှားလုပ်ပြီး ပြန်ရောက်လာတာ။ ကျွန်တော်ကတော့ မဲမပေးဖြစ်ဘူး။  နိုင်ငံရေးစိတ်မဝင်စားတာလည်း ပါတယ်၊  အလုပ်မအားလို့ မလာဖြစ်တာလည်း ပါတယ်။  ဒါပေမဲ့ အစိုးရအသစ်လက်ထက်မှာ ရွာပြန်ပြီး အေးအေးချမ်းချမ်း နေနိုင်မယ် လို့တော့ မျှော်လင့်တာပေါ့။  ငြိမ်းချမ်းမှ ကောင်းကောင်းမွန်မွန် လုပ်နိုင် စားနိုင်မှာ။
 
ဒေါ်လတောင်ခွန်ရာ၊  ၄ဝ နှစ်၊  မလိဆက်ယန်ရွာ

ကလေးများတဲ့လူတွေ၊  အဖိုးကြီး၊  အဖွားကြီးတွေ ခဏရှောင်ကြဆိုပြီး လူကြီးတွေကပြောတာနဲ့ ၂ဝ၁၁ အောက်တိုဘာမှာ တက်လာတာ။  ဒီလောက်ထိကြာမယ်မထင်ဘူးလေ။ ပြန်တာတော့ အရမ်းပြန်ချင်တယ်။  ကိုယ့်ရွာမှာ လယ်က ၄၊  ၅ ဧက ရှိတယ်။  ပိုက်ဆံမရှိရင် ဝက်ရောင်းစားလိုက်၊  ကြက်ရောင်းစားလိုက်။  ဒီမှာက ကိုယ်နေရတာတောင် ကျဉ်းကျဉ်းလေး။  ပြီးတော့ မိုးတွင်းဆိုရေကြီးတယ်။ ကျွန်မတို့လို ကလေးများတဲ့သူတွေဆို တစ်နေ့ကို အနည်းဆုံး ၂,ဝဝဝ ကျပ် ကုန်တယ်။  ကလေး ၈ ယောက်၊  အဖေနဲ့အမေ ပါရင် ၁ဝ ယောက်။  အငယ်ဆုံးက ၁ နှစ်ကျော်၊  အကြီးဆုံးက ၂ဝ။ ကျွန်မယောကျာ်းက မနှစ်က ဆီးချိုဖြစ်လို့ ဆေးသောက်နေရတယ်၊  အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။  ကလေးအမေတွေကတော့ လုပ်ချင်ရင်တောင် ခေါ်မယ့်လူမရှိဘူး။  ရွာပြန်လို့လည်းမဖြစ်ဆိုတော့ ဒီမှာပဲ ဖြစ်သလိုနေရတာပဲ။   အစိုးရအသစ်ကို တိုင်းပြည်ငြိမ်းချမ်းဖို့ပဲ တောင်းဆိုပါတယ်။
 
ဒေါ်ဘောက်မိုင်၊  ၃၄ နှစ်၊  မလိဆက်ယန်ရွာ

အရင်ကဒီမှာ ဆန်၊  ဆီ၊  ဆား နဲ့ ပဲရတယ်။  ဒီနှစ်မှာတော့ ဆန်တွေ ဆားတွေမပေးတော့ဘူး၊  ပိုက်ဆံတော့ပေးမယ်လို့ပြောတယ်၊  နိုဝင်ဘာမှာကြေညာသွားတာ။  ဒုက္ခသည်တွေ များလာလို့ တဲ့။ အလုပ်ကလည်း မလွယ်ဘူး။  ယောက်ျားတွေကတော့ နေ့စားသွားကြတယ်၊ ပန်းရန်တို့၊  လက်သမားတို့ပေါ့။  ဒါပေမဲ့ နေ့တိုင်းမရဘူး။  ပုံမှန်မရှိဘူး။  မိန်းမတွေက သိပ်လုပ်စရာမရှိဘူး။  တချို့တွေလည်း ပန်းရန်သွားတယ်။  မိန်းကလေးက နေ့စားဆို ၃,ဝဝဝ လောက် ရတယ်။  ယောက်ျားဆို ၆,ဝဝဝ လောက်ရတယ်။  ရွာမှာဆို အချိန်ပြည့်အလုပ်ရှိတယ်။  စားစရာမရှိရင် ခြံရှိတယ်၊  အခင်းရှိတယ်။  ဒီမှာ ဘာမှမရှိဘူး။  စိတ်ကအခင်းမှာပဲ ရောက်နေတယ်။  ဒါပေမဲ့ အခု ရွာမှာစစ်ကြောင်းတွေရှိတုန်း၊  မြန်မာစစ်တပ်ရော၊  ကချင်စစ်တပ်ရော။  ကျွန်မတို့တွေက ကြားမှာ။  ကြောက်ရတယ်။

ဦးကွမ်ဘောလ၊  ၇၄ နှစ်၊ နန့်ဆန်ယမ်ရွာ

ရွာမှာဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းက လမ်းပဲ ခြားတယ်၊   အကုန်သိကြတယ်။ ဒီပြည်တွင်းစစ်တွေငြိမ်းဖို့ ဆိုရင် နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့  တိုင်းရင်းသားတွေအားလုံး လိုချင်နေတဲ့ တန်းတူညီတူ အခွင့်အရေးကို စားပွဲပေါ်မှာ မျှမျှတတ ပြေလည်အောင် ဆွေးနွေးမယ်ဆိုရင် လက်နက်နဲ့ဖြေရှင်းစရာမလိုဘူးလို့ ကျွန်တော်တို့ထင်တယ်။ တချို့နေရာတွေမှာလည်း ရွှေတူးခွင့်ပေး၊ ဒီ(စခန်း)မှာ ရှေ့ရေးတွေးလို့ မရသေးဘူး။ အစိုးရအသစ် လာမယ်၊  မျှော်လင့်တယ်၊  ဒါပေမဲ့ အရေးကြီးတဲ့ဝန်ကြီးဌာန ၃ ခုကို သူတို့က ကိုင်ထားသေးထားတာ ဆိုတော့ ပြောလို့မရသေးဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း နှစ်ဘက်လူကြီးတွေပဲ၊  လက်နက်ကိုင်တွေပဲ၊  အစိုးရအဖွဲ့အစည်းက လူတွေပဲဆိုရင် ဘာမှအလုပ်မဖြစ်ဘူး။  အခု အရမ်းဒုက္ခရောက်နေတာ၊  အမျိုးသမီးတွေနဲ့ ကလေးတွေ၊  ပြီးရင် အသက်ကြီးရွယ်အိုတွေ။  အဲဒီတော့ အမျိုးသမီးတွေလည်း ပါရမယ်၊  လူငယ်တွေလည်းပါရမယ်၊  ဘုန်းကြီးတွေလည်း ပါရမယ်၊  ဘာသာရေးတွေလည်း ပါရမယ်။  အဲဒီတော့မှ အဆင်ပြေမှာ။ နိုင်ငံရေးနဲ့ပြေလည်အောင်ပြောဆိုမှ၊  စစ်ရေးနဲ့ဖြေရှင်းရင်နှစ် ၁ဝဝ လည်း ပြီးမှာ မဟုတ်ဘူး။
 
ဒေါ်ဆိုင်းမိုင်၊  ၃၇ နှစ်၊  ဂရာယန်ရွာ

ပစ္စည်းသိမ်းဖို့အချိန်မရှိဘူး။  သေနတ်သံတွေ၊  လက်နက်ကြီးသံတွေကြားရတဲ့အချိန်မှာ ကလေးတွေက ကျောင်းမှာ၊ ပစ္စည်းမပြောနဲ့ ကလေးတွေကိုပဲ လိုက်ရှာခေါ်ပြီး တောဘက်ကို ပုန်းပြေးပြီး တစ်ဝက်က ခြေလျင်၊  တစ်ဝက်က စက်လှေနဲ့လာခဲ့ရတာ။  မြို့ကို ဘယ်လိုအမြန်ဆုံးရောက်အောင်လုပ်မလဲ ဆိုတဲ့ အတွေးပဲ ရှိတယ်။ အခုထက်ထိ ရွာတစ်ခေါက်မှ မပြန်ဖြစ်သေးဘူး။  ပစ္စည်းတွေအကုန်လုံးလည်း ဆွေးကုန်ရောပေါ့။  ပြီးတော့ ဗမာစစ်တပ်က အရင်တုန်းက ရွာထိပ်မှာပဲ ရှိတာ၊  အခုက ရွာလယ်ရော၊  အစွန်မှာရော ရှိတယ်။  မိုင်းတွေရော ကျောင်းတစ်ဝိုက်၊  ဈေးတစ်ဝိုက်မှာ (ထောင်ထားတာ)တဲ့၊  သတင်းတွေက အမျိုးမျိုးကြားရတော့ ကြောက်တယ်။  ရွာသန့်ရှင်းရေး၊  ပြန်လည်ထူထောင်ရေး လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က ပြန်ဖို့အဆင်သင့်ပဲ။ အခက်အခဲတွေကတော့ အများကြီးရှိတယ်။   အခု ထောက်ပံ့ကြေးရတယ်၊  ဒါပေမဲ့ အဲဒါက ဆက်ပေးပါ့မလား မသိဘူး။  ဒီမှာက အရင်းအနှီးလည်းမရှိ၊  နေရာလည်းမရှိ။  ကလေးတွေကျောင်းကတော့ အခမဲ့လို့ ပြောပေမဲ့ ကျူရှင်ရှိသေးတယ်၊ တခြားကုန်ကျစရိတ်ရှိသေးတယ်၊  ဆရာကန်တော့ပွဲတို့၊  နှစ်သစ်ကူးတို့၊  စာအုပ်ဖိုး။  ဒါပေမဲ့ မတတ်နိုင်တဲ့သူတွေ အများကြီး။

ဦးဇော်ယော်၊  ၄၃ နှစ်၊  ဂစုရွာ

တိုက်ပွဲက ကျွန်တော်တို့ရွာမှာ မနက် ၃နာရီမှာဖြစ်တော့ မြစ်ကြီးနားသွားတဲ့လိုင်းကားပေါ် ပြေးလိုက်လာတာ။  ၂ဝ၁၁ ဇွန်လ၂၂ မှာ စခန်းကို ရောက်ခဲ့တာ။ ကျွန်တော့်မှာ ရွာမှာ လိမ္မော်ခြံရှိတယ်။  နေ့တွင်းချင်း တစ်ခေါက်ပြန်ကြည့်တော့ တောတွေ၊ ချုံတွေချည်းပဲ ကျန်တော့တယ်၊ အိမ်တွေတောင် သိပ်မမြင်ရတော့ဘူး။ ရရင် မနက်ဖြန်ပြန်ချင်တယ်။ ဒီမှာက နေ့စားလုပ်လို့ရတယ်ဆိုပေမဲ့ တစ်လမှာ ဆယ်ရက်လောက်ပဲ လုပ်လို့ရတာ၊  ပြီးတော့ အမျိုးသားတွေ တစ်ရာ ရှိတယ်ဆိုရင် တစ်ဆယ်လောက်ပဲ ခေါ်တာ။  လုပ်မယ့်သူတွေက များနေတာ။ UNDP က ဝက်တစ်ကောင်ရတယ်။  နောက်တစ်ကောင် ထပ်ဝယ်ထားတယ်။  ပထမ အကောင်က အတော်ကြီးနေပြီ။  ပိဿာ နှစ်ဆယ်ကျော်ရှိပြီလို့ ထင်တယ်။ နှစ်သိန်းခွဲရရင် ရောင်းမယ်။  ရတဲ့ပိုက်ဆံက သမီးကိုဘော်ဒါထားမယ်၊  ၉တန်းရောက်ပြီဆိုတော့ အရေးကြီးပြီ။  ဘော်ဒါက ၇သိန်းခွဲပေးရတယ်၊  စခန်းမှာနေရင် ကလေးတွေအတွက် အကျင့်ပျက်တယ်၊  စာကျက်ဖို့နေရာလည်းမရှိဘူး၊ ဒါကြောင့်မို့ ပညာရအောင်လို့ အဆောင်မှာထားတာ။  ရွာမှာဆိုရင် အဆောင်ထားစရာမလိုဘူး၊  ကျူရှင်ဆရာမ ကောင်းကောင်း ရှိတယ်၊  လိမ္မော်ခြံနဲ့ လယ်လုပ်တာနဲ့တင် ကျူရှင်ခပေးလို့ လောက်တယ်။ ကျွန်တော်တို့ကတော့ အရမ်းပြောင်းလဲချင်နေပြီ။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading