"ပြည်သူက ပွင့်လင်းမြင်သာစွာ အရာရာကို သိနေရမယ်"

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်သန္တာသည် ၂ဝ၁၄ တွင် ခင်ပွန်းသည် လူမသိသူမသိ ကွယ်လွန်သည့် ဖြစ်ရပ်နှင့် ကြုံခဲ့ရသည်။ ကိုပါကြီးဟု လူသိများသည့် ခင်ပွန်းသည် အလွတ်သတင်းထောက်မှာ စစ်တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းခံရစဉ် ပစ်သတ်ခံရကြောင်း ကာလအတန်ကြာမှ သိခဲ့ရသည်။

ပြည်သူ့လွှတ်တော် ပြန်လည်စတင်သည့် တနင်္လာနေ့တွင် ဒေါ်သန္တာသည် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်သို့ ရောက်လာသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ဇာတိမြေ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ၊ ရင်းနှီးဖော်ရွေပြီး ပွင့်ပွင့်လင်းလင်းရှိသူ ဒေါ်သန္တာက Myanmar Now မှ ထက်ခေါင်လင်း၊ သင်းလဲ့ဝင်းတို့နှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် သူ၏ မျှော်လင့်ချက်၊ စိုးရိမ်မှု၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုတို့အကြောင်း ပြောပြခဲ့သည်။

မေး - ၂ဝ၁၅ ရွေးကောက်ပွဲက တက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီး ပါဝင်လာတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

ဖြေ - အရင်တုန်းက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာထက်စာရင် အများကြီးမြင့်တက်လာတာပေါ့။ ဒါပေမယ့် ဒီရာခိုင်နှုန်းက နည်းပါသေးတယ်။ မြန်မာနိုင်ငံမှာက အမျိုးသမီးဦးရေက များတယ်။ အဲဒီလိုဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ ၁၃ ရာခိုင်နှုန်းပဲ ပါလာရတာလဲ၊ ဘာလို့နည်းနေသေးတာလဲဆိုတာက လေ့လာဆန်းစစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပဲ။ ဒီထက်ပိုလာဖို့ ကြိုးစားဖို့လိုတယ်။ ကျွန်မတို့ အမျိုးသမီးကိုယ်စားလှယ်တွေ တွေ့တဲ့အခါတိုင်းလည်း ဒီလိုကြိုးစားကြရမယ့်အကြောင်း ပြောဖြစ်ကြတယ်။

မေး - မြန်မာအမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုက မိသားစုအနေအထား၊ စီးပွားရေးအခြေအနေတွေနဲ့ ဘယ်လောက် သက်ဆိုင်သလဲ။

ဖြေ - စီးပွားရေးနဲ့လည်း တိုက်ရိုက်သက်ဆိုင်သလို ယဉ်ကျေးမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်တယ်။ ကျွန်မတို့နိုင်ငံမှာ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာက သိပ်မကွဲဘူး။ ယဉ်ကျေးမှုဆိုတာက တကယ့်ကို ကျွန်မတို့ထိန်းသိမ်းရမယ့်အရာတွေ။ ထုံးတမ်းစဉ်လာက ခေတ်မမီတော့ရင် ပယ်ရမယ့်အရာ။ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်မှာပါရင် လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံရတယ်၊ အချိန်တိုင်းသွားလာရတယ်၊ အဲဒီအပေါ်မှာ နားမလည်တဲ့မိသားစုတွေ အများကြီးရှိသေးတယ်၊ ပညာတတ်မိသားစုတွေကြားမှာလည်း ရှိနေတယ်။ အဲဒီဟာကို မကျော်လွှားနိုင်သရွေ့ အမျိုးသမီးတွေ ပါဝင်မှု နည်းနေမှာပဲ။ အမျိုးသမီးတွေဟာ အိမ်ရှင်မဖြစ်ရမယ်၊ အိမ်ထဲမှာနေရမယ်ဆိုတဲ့ မူတွေ လျှော့ချနိုင်တာနဲ့အမျှ စီးပွားရေးထဲမှာရော နိုင်ငံရေး၊ လူမှုရေးတွေထဲမှာ ပါလာလိမ့်မယ်။

မေး - ပွဲတွေ၊ အခမ်းအနားတွေရဲ့ အကြီးအကဲလုပ်တဲ့ခုံမှာ အမျိုးသားတွေသာ ကြီးစိုးနေပေမယ့် တနင်္လာနေ့က ပြည်သူ့လွှတ်တော် ပြန်ပြီး စတင်ရာမှာတော့ သဘာပတိဟာ အမျိုးသမီးတစ်ဦး ဖြစ်နေတယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - ကျေနပ်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာလို့ ပြောတဲ့နေရာကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင်လို့ ပြောလိုက်တာကိုက ကျွန်မတို့စိတ်ကို သိပ်ကျေနပ်စေတယ်။ သဘာပတိဆိုတာ ဒီအစည်းအဝေး တစ်ခုလုံးကို ထိန်းကျောင်းသွားတဲ့သူ။ မမျှော်လင့်ထားတာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့ အခွင့်အာဏာ သူ့ဆီမှာ အပြည့်ရှိတယ်၊ ဒါကို အမျိုးသမီးတစ်ယောက်က လုပ်နိုင်တာ။ မိန်းမဆိုတဲ့သဘာဝက စေ့စပ်တယ်၊ ယောက်ျားတွေမှာ အားသာတာရှိသလို မိန်းမတွေမှာ အားသာတာလည်းရှိတယ်၊ ဒီနှစ်မျိုး ပေါင်းလုပ်ရင် အရမ်းကိုပြည့်စုံမှာ။ ယောက်ျားတွေဟာ ရည်မှန်းချက်ကြီးကြီးနဲ့ ဆုံးဖြတ်ချက်ကြီးကြီးကို ချတတ်ပေမယ့် မိန်းမတွေက ဆုံးဖြတ်ချက်သေးသေးတွေကို စေ့စေ့စပ်စပ်နဲ့ စုပေါင်းပြီးလုပ်တတ်တယ်။ နောက်ဖေးမီးဖိုဆောင်မှာ ကြက်သွန်တစ်တက်ကအစ မကုန်အောင် လုပ်တတ်တဲ့အတွက် မြန်မာနိုင်ငံမှာ အလဟဿဆုံးရှုံးနေတဲ့ ဘဏ္ဍာ၊ အမျိုးသမီးတွေသာ အဲဒီလိုနေရာမျိုးမှာပါရင် တော်တော် စေ့စေ့စပ်စပ် လုပ်နိုင်မယ်။ သဘာဝကို အသုံးချတတ်ဖို့ပြောတာပါ။

မေး - ၂ဝ၁ဝ ရွေးကောက်ပွဲထက် စာရင် ၂ဝ၁၅ မှာ ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်ခံရသူ ပိုမို များပြားလာတယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ - ဒီမိုကရေစီ ရောင်နီဦးပြီလို့တော့ ပြောလို့ရတယ်၊ အလင်းရောင်ဖြာကျနေတဲ့အဆင့်တော့ မဟုတ်သေးဘူး။ ပြည်သူတွေရဲ့ အိပ်မက်တွေက သိပ်များနေပြီး အဲဒီအိပ်မက်ကြီးကို မြန်မြန်ဆန်ဆန်မရလို့ စိတ်မကျေနပ်ဖြစ်လာကြမှာကိုတော့ စိုးရိမ်တယ်။ ပြည်သူကိုအရင်ချပြမယ်၊ ပြည်သူ့စကားသံကို ပြန်နားထောင်ရမယ်၊ အဲဒီကမှ လွှတ်တော်မှာ ပြန်တင်ပြ ဆွေးနွေးမယ်၊ ဆုံးဖြတ်ချက်ယူပြီး ပြန်လုပ်မယ်ဆိုတော့ အရင်ကလို အပေါ်ကအောက်ကို တိုက်ရိုက်ဆင်းသွားသလို အာဏာနဲ့လုပ်သလောက်တော့ မမြန်ဆန်ဘူး။ ဒါပေမယ့် ပြည်သူက ပွင့်လင်းမြင်သာစွာ အရာရာကို သိနေရမယ်။ ဒါကို ပြည်သူနားလည်ဖို့ ကျွန်မတို့ ကြိုးစားရလိမ့်မယ်။ အဲဒီလိုလုပ်ရာမှာ အရမ်းကိုနှေးရကောင်းလားဆိုတဲ့ ပြည်သူ့ဘက်က စောဒကမျိုးဖြစ်လာမှာကိုတော့ စိုးရိမ်တယ်။

မေး - လွှတ်တော်မှာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း အစိုးရဘက်က တင်ပြလာတဲ့ ဥပဒေအများစုကိုပဲ စိစစ်သုံးသပ်ကြတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကိုယ်တိုင် တင်ပြတဲ့ ပြည်သူတွေ အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေ ပေါ်ပေါက်ရေးမှာ အားနည်းခဲ့တယ်။ အခုလွှတ်တော်မှာ ပါတီအနေနဲ့ရော၊ ဒေါ်သန္တာ အနေနဲ့ပါ ဘယ်လိုပြင်ဆင်ထားတာတွေ ရှိသလဲ။

ဖြေ - ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းပေါ်မူတည်ပြီးပဲ ပြောရမှာပဲ။ အဲဒါကိုကိုင်ပြီးမဲဆွယ်ခဲ့တာဆိုတော့ အဲဒီထဲမှာပါတဲ့အတိုင်း ကျွန်မတို့က ကတိတည်ရလိမ့်မယ်။ ပြည်သူတွေလိုလားတဲ့၊ ပြည်သူကိုအကျိုးပြုတဲ့ (ဥပဒေ) ဆိုကတည်းက ပြည်သူတွေကို အကျိုးပြု၊ မပြုက ပြည်သူပဲသိတာ။ စားပွဲပေါ်မှာထိုင်နေတဲ့သူတွေက မသိနိုင်ဘူး။

မေး - ပြည်သူ့ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဥပဒေတွေ များလာဖို့ ပြည်သူတွေကပဲ စရမယ်ဆိုတော့ နှောင့်နှေးမှု ဖြစ်မလာနိုင်ဘူးလား။

ဖြေ - နှောင့်နှေးမှု ဖြစ်နိုင်တယ်၊ ဒါပေမယ့် ပြည့်စုံလိမ့်မယ်။ မြန်ချင်လို့ ဧရာဝတီတိုင်းဘက်က တောင်သူတွေရဲ့အသံပဲယူပြီး လယ်ယာမြေကိစ္စနဲ့ ပက်သက်တဲ့ ဥပဒေမျိုးလုပ်လိုက်ရင် မကွေးတိုင်းဘက်က တောင်သူတွေရဲ့ အသံကို ဘယ်လိုထားခဲ့မလဲ၊ သူတို့အတွက် နှစ်တို၊ နှစ်ရှည် ချေးငွေတွေကအစ မတူကြဘူး။ အဲဒီလိုလုပ်တဲ့ဟာတွေမှာ အချိန်အတိုင်းအတာတစ်ခု ရှိတာကိုလည်း ပြည်သူတွေအနေနဲ့ သိထားဖို့တော့ လိုတယ်။ တောင်သူလယ်သမားတွေအများစုဟာ ပညာရေးအားနည်းတယ်။ သူတို့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ရှိမှန်းတောင် မသိကြဘူး။

မေး - လွှတ်တော်တွေမှာက NLD ကိုယ်စားလှယ်အများဆုံးဖြစ်လာပြီ။ လာတော့မယ့် အစိုးရကလည်း NLD အစိုးရ။ ဘယ်လို အပြန်အလှန် ထိန်းကျောင်းကြမလဲ။

ဖြေ - ဒီမိုကရေစီအရတော့ မဏ္ဍိုင် ၃ ခုလုံးက တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းရမှာပါ။ အုပ်ချုပ်ရေးပိုင်းမှာ အရင်ရှိပြီးသား ပညာရှင်တွေ၊ ကျွမ်းကျင်ပြီးသား ဝန်ထမ်းတွေ ရှိမယ်။ အဲဒီနေရာမှာ ကျွန်မတို့ကိုယ်စားလှယ်တွေက သွားပြီးထိန်းကျောင်းစရာတောင် လိုလိမ့်မယ်မထင်ဘူး။ နောက်ပြီးတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးကို တိုက်ရိုက် ထိန်းကျောင်းလို့မရဘူး၊ တိုက်ရိုက်စကားပြောခွင့်မရှိဘူး။ ကျွန်မတို့ထိန်းကျောင်းရမှာက ဥပဒေအတိုင်း လိုက်နာသလား၊ ဒီဥပဒေက ခေတ်နဲ့လျော်ညီသလား၊ ပြုပြင်ရမှာလား၊ အဲဒီဥပဒေအတိုင်း တရားမျှတစွာလုပ်ရဲ့လားဆိုတာ ကျွန်မတို့ဘက်က စောင့်ကြည့်နိုင်မယ်။ ဒါကိုပြောမယ်ဆိုရင်တောင် ကော်မတီကတဆင့်ပဲ ပြောနိုင်မယ်။

မေး - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပထအဦးဆုံးအကြိမ် လွှတ်တော်တက်ရတာကို ဘယ်လိုခံစားရလဲ။

ဖြေ - ကျွန်မတို့ ဒီနေ့ ဒီနေရာကိုရောက်လာဖို့က ဒီလမ်းကြောင်းမှာ အတူတူတွဲလျှောက်လာခဲ့ကြပြီး လမ်းခုလတ်မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေအားလုံးကို သတိရတယ်။ သူတို့ကိုလည်း ကျေးဇူးတင်တယ်။ စိတ်လည်းမကောင်းဘူး။ သူတို့နဲ့အတူ ဒီနေရာကို တွဲပြီးတော့ လျှောက်ချင်ခဲ့တာ။ သူတို့အတွက် ဝမ်းနည်းစိတ်ရော၊ သတိရစိတ်ရောနဲ့ ကျွန်မတို့နောက်ပိုင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအများကြီးရှိနေတဲ့အပေါ်မှာ မူတည်ပြီးတော့ အရမ်းပျော်တာမျိုးတော့ မဖြစ်ဘူး။ ပြည်သူက NLD ကိုပဲ ပေးခဲ့တာ၊ တစ်ဘက်ကို အရမ်းဆန့်ကျင်လိုလို့ပေးတာ။ အဲဒါက ကျွန်မတို့အတွက် သိပ်အန္တရာယ်ရှိတယ်။ ကျွန်မတို့ တာဝန်သိပ်ကြီးနေပြီ။

မေး - အဲဒါဆို ပြည်သူက အပြောင်းအလဲကိုလိုချင်လို့ တခြားရွေးချယ်စရာမရှိတော့ဘဲ NLD ကိုပဲ ပေးခဲ့တဲ့သဘောမျိုးရော မသက်ရောက်ဘူးလား။

ဖြေ - ရွေးချယ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် NLD လောက် လောက်လောက်လားလားရှိတဲ့ ပါတီတော့ သူတို့မှာ မရှိခဲ့လို့ပါ။ NLD ပါတီဟာလည်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာကိုး။ ပါတီအလံကို ယုံကြည်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာရယ်ပါ။ ကျွန်မတို့ကိုယ်စားလှယ်တွေကို ယုံကြည်တာမဟုတ်ဘူး။ အဲဒီအတွက် လုပ်ပြရတော့မယ်။ ကျွန်မတို့တစ်ခုခုလုပ်တာနဲ့ မှားသွားရင် ပထမဆုံးထိခိုက်မှာက ပါတီ၊ ဒုတိယထိခိုက်မှာက ဒေါ်အောင်ဆန်းစုကြည်။ အဲဒီအတွက် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းကျောင်းရမယ်။

မေး - လာမယ့် ၅ နှစ်အတွင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာတွေဖြစ်စေချင်လဲ။

ဖြေ - လုပ်စရာတွေက ဘယ်ဟာအရေးကြီးဆုံးလဲလို့ ခေါင်းစဉ်တပ်ရင်တောင်မှ ဝေခွဲဖို့ကခက်နေတယ်။ အားလုံးကအရေးကြီးတဲ့ ခေါင်းစဉ်တွေဖြစ်နေလို့။ လုံခြုံမှုကို မပူပင်ရတော့ဘဲနဲ့ ကောင်းကောင်းအိပ်မယ်၊ မနက်အိပ်ရာထတာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး နိုးထလာနိုင်တဲ့ ဘဝတွေကို တိုင်းရင်းသားဒေသပါ အားလုံးခံစားရတယ်ဆိုရင်၊ ကိုယ့်အခွင့်အရေးတွေ ဘယ်တော့ဆုံးရှုံးရမလဲ ကြောင့်ကြနေရတာမျိုး မရှိတော့ရင် ကျွန်မတင်မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး တာဝန်ကျေတယ်လို့ ယူဆတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading