"ဥပဒေစိုးမိုးရေးအတွက် တရားသူကြီးတွေကို အကာအကွယ်ပေးသင့်ပါတယ်"

မကြာသေးမီက ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ရဲ့ ရန်ကုန်ရုံးမှာ တွေ့ရတဲ့ ဒေါ်လှလှရီ (ဓာတ်ပုံ - Myanmar Now)
မကြာသေးမီက ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ရဲ့ ရန်ကုန်ရုံးမှာ တွေ့ရတဲ့ ဒေါ်လှလှရီ (ဓာတ်ပုံ - Myanmar Now)

ရန်ကုန် - အမျိုးသမီး၊ ကလေးသူငယ်တို့ရဲ့အမှုအခင်းများမှာ အကူအညီပေးနေတဲ့ ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ (Legal Clinic Myanmar) က ရန်ကုန်၊ မြစ်ကြီးနား၊ စစ်တွေ၊ ဖျာပုံ၊ မန္တလေး၊ မိတ္ထီလာမြို့တို့မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး အဖွဲ့ဝင် ၃ဝ ကျော်နဲ့ လှုပ်ရှားနေပါတယ်။

ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရခိုင်တိုင်းရင်းသူ၊ ရှေ့နေ ဒေါ်လှလှရီနဲ့ မကြာသေးခင်က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းရာမှာ သူက အသက်မပြည့်သေးသူများ မုဒိမ်းကျင့်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးများနဲ့ ပတ်သက်ပြီး အစိုးရသစ်လက်ထက် ဥပဒေဆိုင်ရာ မျှော်လင့်ချက်၊ တရားသူကြီးများရဲ့ အနေအထားတွေအကြောင်း ပြောပြပါတယ်။

Myanmar Now သတင်းထောက် အိချယ်ရီအောင်နဲ့ တွေ့ဆုံစဉ် ပြောဆိုထားတာတွေထဲက ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး - ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ စတည်ထောင်ဖြစ်တဲ့အကြောင်း ပြောပြပေးပါ။

ဖြေ - ပထမတုန်းက ဥပဒေရေးရာ ကုစားရေး လူငယ်အဖွဲ့ပါ။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို မြှင့်တင်မယ်၊ တရားမျှတမှုအတွက် ရပ်တည်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်တွေနဲ့၂ဝ၁၁ ခုနှစ်က စတင်ဖွဲ့စည်းဖြစ်တာပါ။ အမျိုးသမီးတွေ၊ ကလေးတွေ အကြမ်းဖက်ခံရရင် တရားရုံးမှာ အမှုပြီးသည်အထိ လိုက်ပါဆောင်ရွက်ပေးပါတယ်။ တရားရုံးမှာ အမှုလိုက်တဲ့ အဆင့်မရောက်ခင်ကြားမှာ နှစ်ဆင့်ခံထားပေးပါတယ်။ ကာယကံရှင်က လာဆွေးနွေးတဲ့အခါ တရားရုံးမှာ တရားရင်မဆိုင်ချင်ဘူးဆိုရင် သူဘာဖြစ်ချင်တာလဲဆိုတာကို မေးပြီး ဥပဒေအရ အကြံဉာဏ်ပေးပါတယ်။ တရားစွဲဖို့ သူ့မှာ အခြေအနေတစ်ခုအရ မပြုလုပ်ချင်ဘူးဆိုရင် ဥပဒေအရ ညှိနှိုင်းပေးပါတယ်။ ရုံးမှာ လူကိုယ်တိုင် လာရောက်ဆွေးနွေးဖို့အဆင်မပြေဘူးဆိုရင် ဆက်သွယ်မေးမြန်းလို့ရအောင် ၂၄ နာရီဖွင့်ထားတဲ့ ဖုန်းတွေ ရှိပါတယ်။

မေး - ရုံးခွဲတွေဖွင့်မယ့်နေရာကို ဘယ်အချက်တွေအပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာလဲ။

ဖြေ - ဘယ်ဧရိယာမှာ ရုံးဖွင့်ရင် ပြည်နယ်တိုင်းဒေသကြီးတစ်ခုလုံး ခြုံလွှမ်းနိုင်မလဲ၊ ဘယ်ဧရိယာမှာ ဒီအမှုတွေက ကူညီပေးဖို့လိုလဲ၊ အဲဒီအချက်တွေပေါ်မှာ မူတည်ပြီး စဉ်းစားဆုံးဖြတ်ခဲ့တာပါ။ ကျွန်မတို့က တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ကိုးကွယ်တဲ့ ဘာသာဆိုရင်လည်း အစုံပါပါတယ်။

မေး - အမျိုးသမီးတွေကို ဥပဒေအမြင်ဖွင့်သင်တန်းတွေပေးတဲ့အခါ ဘယ်လောက်ထိ အောင်မြင်မှုရှိပါသလဲ။

ဖြေ - နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုစံနှုန်းတွေ၊ ဘာသာရေးဓလေ့ထုံးစံတွေအရ အမျိုးသမီးကိစ္စတွေက ဦးစားပေးကိစ္စတွေ မဟုတ်ဘူး၊ အမျိုးသမီးဖြစ်ရင် အိမ်တွင်းအကြမ်းဖက်မှု ခံရမယ်ဆိုပြီး အဲဒီလိုအမြင်တွေ ရှိနေကြပါတယ်။ သင်တန်းမစခင်မှာ “ဘာအကြမ်းဖက်မှုတွေရှိလဲ” မေးရင် “မရှိဘူး” အကုန်လုံး အဆင်ပြေတယ် ဆိုပြီးပြောကြတယ်၊ ဒါက မိသားစုကိစ္စ ဖြစ်တယ်၊ အမျိုးသမီးတွေက ခံရမယ်၊ အိမ်တွင်းအကြမ်းဖက်မှု မဟုတ်ဘူးဆိုပြီး မှတ်ယူထားကြတယ်။ ကျား၊ မ အခြေပြုပြီး အကြမ်းဖက်မှုတွေ ဘယ်လိုဖြစ်လဲ၊ ဘယ်အခြေအနေမှာ ဖြစ်လဲဆိုပြီး ဥပဒေပိုင်းအရရော ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ပြောပြတဲ့အခါမှာ အိမ်တွင်းအကြမ်းဖက်မှုက ဘာလဲဆိုတာကို သူတို့ အတော်အသင့်နားလည်သွားကြပါတယ်၊ သင်တန်းပြီးတဲ့အခါ လူကိုယ်တိုင်လာပြီးဆွေးနွေးတာ၊ ဖုန်းဆက်ပြီး ဆွေးနွေးတာတွေ ရှိပါတယ်။ အရင်တုန်းက လုပ်ပေးမယ့်သူ၊ ကူညီပေးမယ့်သူမရှိဘူး။ အခု ကျွန်မတို့အဖွဲ့အပါအဝင် တခြားလုပ်ပေးတဲ့ အဖွဲ့တွေ ရှိလာတဲ့အခါ အကြမ်းဖက်မှုကိစ္စက ပိုပြီး ကျယ်လောင်တယ်လို့ ပြောလို့ရပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာကို အမျိုးသမီးအများစု သိရှိလာအောင် ပညာပေးရေးအစီအစဉ်တွေကတော့ ကျွန်မတို့အဖွဲ့အနေနဲ့ စဉ်ဆက်မပြတ် လုပ်ပေးနေမှာပါ။ အခုကျွန်မတို့အဖွဲ့လုပ်နိုင်တဲ့နှုန်းက အကန့်အသတ်ရှိနေပါသေးတယ်။

မေး - ရုံးကို အများဆုံး ရောက်လာတာက ဘယ်လိုအမှုမျိုးတွေလဲ။

ဖြေ - ၂ဝ၁၅ မှာ ရုံးကိုလာပြီး အကူအညီတောင်းတဲ့ အမှုက ၂ဝဝ ကျော်ပါတယ်။ တရားရုံးရင်ဆိုင်တဲ့ အမှုက ၆ဝ ကျော်ပါ။ တခြားအမှုတွေကတော့ ကျွန်မတို့ရုံးက ကြားဝင်ဖြေရှင်းပေးလိုက်တဲ့ အမှုတွေပါ။ ဥပမာ အမျိုးသမီးက သူ့အမျိုးသား နောက်မိန်းမလည်း ရှိတယ်၊ သူ့ကိုလည်း ကွာရှင်းမပေးဘူးဆိုရင် ကျွန်မတို့က သူ့အမျိုးသားကို သတိပေးစာ ပို့ပေးတယ်။ ဥပဒေကြောင်းအရ ရင်ဆိုင်မယ်ဆိုပြီး ပို့လိုက်ရင် အမျိုးသားက လာရောက်ဖြေရှင်းပါတယ်။ တခြားရုံးခွဲတွေမှာလည်း လာပြီးဆွေးနွေးတဲ့ အမှုတွေကလည်း ၂ဝဝ ကျော် ရှိပါတယ်။ လာတဲ့အမှုအများစုက အိမ်တွင်းအကြမ်းဖက်မှုတွေပါ။ ယောက်ျားက မိန်းမကို ညှဉ်းပန်းနှိပ်စက်ပြီး ရိုက်နှက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရအောင်လုပ်တဲ့ ကိစ္စတွေ၊ နောက်မိန်းမနဲ့အတူနေပြီး ဖောက်ပြန်တဲ့ကိစ္စတွေ၊ သက်ငယ်ပိုင်းမုဒိမ်းကျင့်ခံရတဲ့ အမှုတွေပါ။

မေး - ပြီးခဲ့တဲ့ နှစ်က သက်ကြီးမုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှု (အရွယ်မရောက်သေးများအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှု) ဘယ်ဟာ ပိုပြီးလိုက်ခဲ့ရပါသလဲ။

ဖြေ - ပြီးခဲ့တဲ့နှစ်က တော်တော်လေး အံ့သြခဲ့ရပါတယ်၊ ရန်ကုန်ရုံးကို လာပြီးအကူအညီတောင်းတဲ့ အမှုတိုင်းက သက်ငယ်မုဒိမ်းမှုတွေ ဖြစ်နေပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သက်ငယ်မုဒိမ်းတွေ တော်တော်များများဖြစ်နေတယ်လို့ မှတ်ချက်ချလို့ ရပါတယ်။ သက်ကြီးမုဒိမ်းက မဖြစ်ပွားတာ မဟုတ်ပါဘူး၊ ဖြစ်ပွားနေတာပဲ။ တရားရုံးရဲ့ လုပ်ငန်းစဉ်ကို လူကြီးတွေက တော်တော်များများ နားလည်ထားကြတော့ တရားရုံးမှာ တရားရင်မဆိုင်ချင်လို့ အကူအညီ မတောင်းကြတာလား ဆိုတာကတော့ စဉ်းစားစရာပါပဲ။ ကျွန်မတို့ သုတေသနပြုလုပ်ထားမှုအရ ကလေးတွေက လူကြီးတွေလောက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော မဖွံ့ဖြိုးသေးတဲ့အတွက် စည်းရုံးရတာလွယ်ကူတယ်၊ နောက်ပြီးတော့ (ကျူးလွန်သူတွေနဲ့ ဆက်စပ်နေတဲ့) မူးယစ်ဆေးဝါးနဲ့ ညစ်ညမ်းရုပ်ရှင်တွေကြောင့် (မုဒိမ်းမှုတွေ ဖြစ်ပွားတယ်) ဆိုပြီး ဖြေကြားတာတွေ့ရပါတယ်။

မေး - ၂ဝ၁၅ ထဲမှာ ရုံးကို ရောက်လာတဲ့ မုဒိမ်းမှု အရေအတွက် ဘယ်လောက် ရှိသလဲ။

ဖြေ - ကျွန်မတို့ရုံးက ကူညီဖြေရှင်းပေးလိုက်တဲ့ အမှုက ၁၆ မှုပါ၊ အဖေက သမီးကို မုဒိမ်းပြုကျင့်မှုကိုတော့ ၁ဝ နှစ်အပြည့် ပြစ်ဒဏ်ချမှတ်ပါတယ်။ နှစ် ၂ဝ ချတာကတော့ အဲဒီ ၁၆ မှုထဲမှာ တစ်မှုမှ မပါပါဘူး။ ကျန်တာတွေက ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်လောက်ပဲ ချပါတယ်။ ကျွန်မ ရှေ့နေလုပ်သက် ၈ နှစ်အတွင်းမှာတော့ တစ်သက်တစ်ကျွန်းချတဲ့ အမှုမျိုး လုံးဝ မကြုံဖူးပါဘူး။

မေး - မုဒိမ်းမှု ပြစ်ဒဏ်က ခေတ်ကာလအရ ပြန်လည်ပြင်ဆင်ဖို့ လိုနေပြီလား။

ဖြေ - ဇန်နဝါရီလထဲမှာပဲ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ဆိုပြီး ပါလာပါတယ်။ အရင်ကဆို ၁၄ နှစ်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ဆက်ဆံမှသာလျှင် အလိုတူတူ၊ မတူတူ မုဒိမ်းမှုမြောက်ပါတယ်။ အခုပြင်ဆင်ချက်မှာဆိုရင် ၁၆ နှစ် မပြည့်သေးတဲ့မိန်းကလေးက အလိုတူလို့ ကာမကိစ္စကို ခွင့်ပြုတယ်ဆိုရင်တောင် ဒါက မုဒိမ်းမှုမြောက်တယ်။ ဒီလိုပြင်ဆင်လိုက်တယ်ဆိုရင်တော့ အမျိုးသမီးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အမျိုးသမီးတွေနဲ ပတ်သက်တဲ့ ဥပဒေတစ်ခု ရေးဆွဲလို့ပြီးပြီလို့ သိရပါတယ်၊ အဲဒီဥပဒေများ ပေါ်ထွက်လာရင် အမျိုးသမီးတွေကိုများ ကာကွယ်ပေးနိုင်မလား၊ မုဒိမ်းမှုမှာ (ပြစ်ဒဏ်တချို့ပြောင်းရုံနဲ့) မုဒိမ်းကျင့်ခံရတဲ့သူကို ကာကွယ်ပေးနိုင်မလား ဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ၊ သူတို့ဘဝအတွက် ပြန်လည်ထူထောင်ရေး ဂေဟာတွေ၊ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြေရှင်းပေးနိုင်တဲ့ ဥပဒေမျိုးတွေ လိုပါတယ်။

မေး - မုဒိမ်းမှုအတွက်ပြစ်ဒဏ်က နည်းနေတယ်လို့ ယူဆသလား။

ဖြေ - မုဒိမ်းမှု ကျူးလွန်ရင် ၁ဝ နှစ်ဖြစ်စေ၊ နှစ် ၂ဝ ဖြစ်စေ ချမှတ်နိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားတယ်။ တရားသူကြီးတွေအနေနဲ့ အမှန်တကယ် ကျူးလွန်သူကို အပြည့်အဝ ထောင်ချမယ်ဆိုရင် ဒီပြစ်ဒဏ်က နည်းတဲ့ပြစ်ဒဏ် မဟုတ်ပါဘူး။ ၁ဝ နှစ်ဖြစ်စေ အနှစ် ၂ဝ ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်ဆိုတာက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားရှိအောင် ဖွင့်ပေးထားတာပါ။ အနည်းဆုံးဘယ်လောက်၊ အများဆုံးဘယ်လောက်ဆိုပြီး ပြဋ္ဌာန်းထားတယ်ဆိုရင် တရားသူကြီးကလည်း ဒီပြစ်ဒဏ် ချကို ချရမယ်။
တရားဥပဒေစိုးမိုးရေးအတွက် တရားသူကြီးတွေကို အကာအကွယ်ပေးသင့်ပါတယ်။ ဥပမာ မုဒိမ်းမှု ကျူးလွန်သူတစ်ယောက်ကို တရားသူကြီးက ထောင်ဒဏ်နှစ် ၂ဝ အပြည့်ချလိုက်တယ် ဆိုပါစို့။ တရားသူကြီးကို တရားခံမိသားစုက ရန်ရှာနိုင်တဲ့အခါမှာ တရားသူကြီးတွေရဲ့ လုံခြုံရေးပိုင်းကို အကာအကွယ်ပေးထားတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက ကာကွယ်ပေးမယ်ဆိုတာက ဒုတိယအဆင့်၊ ကိုယ်ဖြစ်ရင်ကိုယ်ခံဆိုတာက အရင်ဆုံးအဆင့်ပါ။ တရားသူကြီးတွေက တရားမျှတတဲ့ ပြစ်ဒဏ်ချဖို့အတွက်လည်း အကာအကွယ်တွေ ပေးသင့်တယ်လို့ ထင်ပါတယ်။

မေး - မုဒိမ်းမှုက အာမခံယူလို့ရသလား။

ဖြေ - မရပါဘူး။ ဒါပေမဲ့ ခြွင်းချက်အခြေအနေတွေတော့ ရှိပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၇ (၁) အရ ကျူးလွန်သူက ကလေးဖြစ်နေတယ်၊ အမျိုးသမီးဖြစ်နေတယ်၊ သို့မဟုတ် ဖျားနာနေတဲ့သူဖြစ်နေတယ်ဆိုရင် အာမခံ ပေးနိုင်တယ်လို့ပြောထားပါတယ်။

မေး - ကျူးလွန်သူကို အာမခံပေးရင် ဘယ်လိုနောက်ဆက်တွဲ ပြသာနာတွေဖြစ်လာနိုင်သလဲ။

ဖြေ - မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကို နှုတ်အားဖြင့်ဖြစ်စေ၊ အမူအရာအားဖြင့်ဖြစ်စေ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ပါတယ်။

မေး - အမျိုးသမီးအကြမ်းဖက်မှုတွေလိုက်တဲ့ အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိပါသလဲ။

ဖြေ - ရဲစခန်းနဲ့တရားရုံးတွေကို အမျိုးသမီးတော်တော်များများက မသွားချင်ကြပါဘူး။ အဲဒါက အဓိက စိန်ခေါ်မှုပါ။ တရားရုံးမှာ တစ်ဖက်ရှေ့နေ့က မေးတာကို သိပ်ပြီးတော့ မဖြေချင်ကြပါဘူး။ တချို့က တရားရုံးမှာ အမှုစစ်ဆေးတဲ့ ကြာချိန်ကို သိပ်ပြီးမကြိုက်တဲ့အတွက် တရားမစွဲတာမျိုးတွေရှိပါတယ်။ ဥပမာ- ကာမလိမ်လည်တဲ့ ပုဒ်မနဲ့တရားစွဲတယ်ဆိုပါစို့၊ ကျူးလွန်သူအမျိုးသားက ဒဏ်ငွေပဲဆောင်ရတယ်ဆိုရင် တစ်နှစ် နီးပါး တရားရင်ဆိုင်ရပြီး အဲဒီအမျိုးသမီးအတွက် မျှတရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်၊ ဥပဒေက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေကို တရားမျှတတဲ့ဥပဒေတွေနဲ့ အကာအကွယ်ပေးသင့်ပါတယ်။ အဲဒီအချက်တွေကလည်း အမျိုးသမီးတွေရဲ့ တရားမျှတမှုကို တောင်းတဲ့အခါမှာ အခက်အခဲတွေပါပဲ။

မေး - အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လျော့နည်းအောင် အစိုးရအသစ်က ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ - ခေတ်နဲ့မလျော်ညီ၊ လူအခွင့်အရေးပိုင်းနဲ့မကိုက်ညီ၊ ပြည်သူတွေရဲ့အကျိုးစီးပွားကို မကာကွယ်ပေးတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။ အစိုးရအဆက်ဆက်မှာ ညွှန်ကြားထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ၊ ပြဋ္ဌာန်းချက်တွေ ဥပဒေဘောင်ကို ကျော်လွန်မှု ရှိမရှိ၊ ကျင့်သုံးဖို့ သင့်မသင့်ဆိုတာ ပြန်ကြည့်သင့်ပါတယ်။ အမျိုးသမီးကိစ္စကို အဓိကထားပြီးပြောပါဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဥပဒေတစ်ခုကို ရေးဆွဲနေပါပြီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရေးဆွဲနေတာပါ၊ အစိုးရသစ်လက်ထက် လွှတ်တော်အသစ်မှာ တင်မှာပါ။ အမျိုးသမီးတွေကို အမှန်တကယ် ကာကွယ်ပေးတဲ့ ပုဒ်မတွေ ပြစ်ဒဏ်တွေပါလား၊ မပါလားဆိုတာကို ထောက်ပြပြီးတော့ ထည့်သွင်းဖို့အတွက် လွှတ်တော်အသစ်ကို အရမ်းအားကိုးပါတယ်။ အမျိုးသမီးတွေအတွက် အကောင်းဆုံးဥပဒေတစ်ခု ထွက်လာအောင် ပြုလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုချင်ပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading