နေပြည်တော် − အသွင် ပြောင်းလာသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသမီးအမတ် အရေအတွက်မှာ ၄ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီဖြစ်သည်။
အမျိုးသမီးတို့သည် အိမ်အလုပ်များသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကဏ္ဍအသီးသီးတွင် ပါဝင် လှုပ်ရှားနေကြသူများ ဖြစ်သည်။ လွှတ်တော်များ ပြန်လည်စတင်သည့် ဖေဖော်ဝါရီ ၁ မတိုင်မီကပင် မိဘ၊ သားသမီး၊ မောင်နှမ၊ အလုပ်အကိုင်များကို ချန်ရစ်ကာ ရိုးရှင်း၊ ပစ္စည်းပစ္စယ နည်းပါး၊ မီးဖိုဆောင်ပင် မပါဝင်သော နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် မညည်းမညူ လာရောက် နေထိုင်နေကြသူများလည်းဖြစ်သည်။ Myanmar Now မှ သတင်းထောက်ချုပ် သင်းလဲ့ဝင်းက အမျိုးသမီးအမတ် ၄ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်။

ဒေါ်ချိုချိုဝင်း၊ ပြည်သူ့လွှတ်တော်၊ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)


၈ လေးလုံး အရေးတော်ပုံကြီး စကတည်းက(နိုင်ငံရေးထဲ)ပါခဲ့တာ။ အဲဒီတုန်းက ရန်ကုန် စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်၊ မာလာဆောင်မှာ။ နောက်တော့ ၉ဝ ရွေးကောက်ပွဲမှာ လှုပ်ရှားတယ်။ ပြီးတော့ ကျောင်းပြန်တက်ပြီး ရန်ကုန်မှာပဲ ကုမ္ပဏီမှာလုပ်တယ်၊ အရောင်းအဝယ်တွေ လိုက်လုပ်တယ်။
ဇာတိက မော်လိုက်က။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မှာ မင်းကင်းမဲဆန္ဒနယ်မှာ NLD ရွေးကောက်ပွဲကိုယ်စားလှယ် အနေနဲ့ ကူတာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ မော်လိုက်ကိုပြန်ဖို့ အကြောင်းဖန်လာတယ်။ ရောက်တဲ့အရပ်မှာ နိုင်ငံရေးလုပ်တာ။


အမေက ၈၉ ထဲ ဝင်ပြီ။ အိပ်ရာထဲမှာ ၇နှစ်လောက် ကြာပြီ။ စည်းရုံးရေးသွားတဲ့အခါ အမေ့ကို တစိမ်းတွေနဲ့ထားခဲ့ရတာ။ အစ်မတွေက နင်က အမေ့ကို ဂရုမစိုက်ဘူးတို့ဘာတို့ ပြောတာရှိတာပေါ့။ အခုတော့ တူမတွေ၊ တစ်ဝမ်းကွဲတွေကို အကူအညီတောင်းပြီး ခေါ်ထားရတာပေါ့။
(အမျိုးသမီးကိုယ်စားလှယ်)တွေ ထပ်ရှိဖို့တော့ လိုတယ်။ ကိုယ့်မြန်မာလူမျိုးတွေက ယောက်ျားလေးဦးစားပေးကြတော့ ပညာတတ်အမျိုးသမီးကြီးတွေဆို အိမ်ထောင်ပြုလိုက်တာနဲ့ အိမ်ရှင်မ ဖြစ်ပြီး မီးဖိုဆောင်၊ အိမ်ထောင်ထိန်းသိမ်းတဲ့နေရာ ရောက်သွားတယ်။ တိုင်းပြည်က တအားဆုံးရှုံးတာ။ အဲဒီလိုမျိုးမဖြစ်စေချင်ဘူး။
လူတွေ လုပ်ပိုင်ခွင့်တွေ၊ ပြောပိုင်ခွင့်တွေဘာတွေရှိလဲဆိုတာ ကိုသိစေချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း အားနည်းတယ်။ တောင်သူလယ်သမားတွေဆိုပါစို့။ လယ်သာစိုက်တာ၊ ဥပဒေကို မသိဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်သိမှ အသုံးချနိုင်မယ်လေ။
တချို့တွေက … နင်တို့လွှတ်တော်အမတ်တွေ အပြောခံရတော့မယ်၊ အာဏာတောင်မရသေးဘူး ဒေါ်စုတောင်မှ အပြောခံနေရပြီတဲ့။ အဲဒီလိုပြောခွင့်ရှိတယ်ဆိုတာကို သိအောင် ပြောပါစေ။
ဒေါ်ကျိန်ငိုက်မန်၊ အမျိုးသားလွှတ်တော်၊ ချင်းပြည်နယ် အမှတ် ၇
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်
လွှတ်တော်တက်လာရတယ်ဆိုတာ ပြည်သူတွေရဲ့ ကိုယ်စားပါ။ ဒေသအတွက်၊ ကိုယ့်လူမျိုးတွေအတွက် စတင်ဆောင်ရွက်ရဖို့ ခြေလှမ်း လှမ်းပြီဆို တာဝန်လည်းပိုများလာတယ်၊ စိတ်လည်းလှုပ်ရှားမိပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသမီးနည်းတယ်။ ကျွန်မ အမျိုးသမီးအရေးကို ရှေးရှုပြီးတော့လည်း ဆောင်ရွက်သွားမှာပါ။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး တန်းတူရေး ကိစ္စကို လုပ်သွားမှာပါ။
မိသားစုနဲ့ တကွဲတပြားစီဆိုတော့ မိသားစုအရေးကို စဉ်းစားရင် စိန်ခေါ်မှုတွေရှိတယ်။ ကိုယ့်ဒေသ၊ ကိုယ့်အမျိုးသားရေးကို စဉ်းစားမယ်ဆိုရင်တော့ မိသားစုအရေးထက် ပိုအရေးကြီးပါတယ်။
အနိုင်ရတဲ့ ပါတီက NLD ပဲ၊ တိုင်းရင်းသားအရေးအတွက် ကောင်းမယ်ထင်ပါတယ်၊ သူတို့အပေါ်မှာ မူတည်တယ်။
ဒေါ်ခင်နှင်းသစ်၊ ပြည်သူ့လွှတ်တော်၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် NLD
ကျွန်မအဖေက မန္တလေးဆေးကျောင်းတက်ကတည်းက ကျောင်းသားဥက္ကဋ္ဌဖြစ်ခဲ့တယ်။ ၈၈ NLD စကတည်းကလည်း သူပါခဲ့တယ်။ ဖေဖေ့မျိုးရိုးမို့လို့ ပြောရမလားမသိဘူး၊ ကျွန်မ နိုင်ငံရေးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်။
ရန်ကုန်မှာ တတိယနှစ် နိုင်ငံတကာဆက်ဆံရေး တက်ရင်းနဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ ဥပဒေပညာ နားလည်သင့်တယ်လို့ တွေးမိတယ်။ အဲဒါနဲ့ စာမေးပွဲဝင်ဖြေတယ်၊ အောင်တယ်။ ရွေးကောက်ပွဲ မဝင်ခင်အထိတော့ နိုင်ငံရေးအမှုတွေလိုက်ပေး၊ လယ်သမားပြဿနာတွေ ရှင်းတာတွေ လုပ်ပေးနေတာ။
အမျိုးသမီးတွေ လုပ်ပိုင်ခွင့်မရှိသေးဘူး။ ပထမဦးဆုံးလွှတ်တော်က အမျိုးသမီးတွေလည်း သူတို့လုပ်နိုင်သလောက် လုပ်ပေးသွားတယ်။ သူတို့တွေက ပိုပြီးတော့တောင် စိန်ခေါ်မှုများသေးတယ်။ ပထမဦးဆုံးလွှတ်တော်ကိုး။ နှစ်ပေါင်း၅ဝ ကျော် ကြာပြီးကာမှ လုပ်တာလေ။ ဒီတစ်ခေါက်တော့ ပိုပြီးချောမွေ့မယ်၊ ပိုပြီးလုပ်နိုင်လိမ့်မယ်။
အိမ်ထောင်ဘက်က ဝန်ထမ်း၊ အင်ဂျင်နီယာမှုး။ သူလုပ်ကျွေးနိုင်တဲ့ အနေအထားရှိတော့ အိမ်ထောင်ရှင်မ တစ်ယောက်ပဲ ဖြစ်စေချင်တာပေါ့။ သူနားလည်အောင်စည်းရုံးရတာက ကျွန်မရဲ့ ပထမ စိန်ခေါ်မှု။ အခုတော့ နားလည်ပါတယ်။ သမီးအမွှာပူး၂ယောက်ရှိတယ်။ မနှစ်ကပဲ ဂုဏ်ထူး ၄ ဘာသာစီနဲ့ တက္ကသိုလ်ဝင်တန်း အောင်တယ်၊ မအေလိုပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ကျွန်မကို ရွေးကောက်ပွဲမှာ ကူတယ်။
ဒေါ်နန်းခင်စော၊ ပြည်သူ့လွှတ်တော်၊ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်
(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)
တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးလုပ်တဲ့အမျိုးသမီးတွေ သိပ်မရှိကြဘူး။ မလုပ်ရဲကြဘူး။ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရတဲ့အချိန်မှာ အမျိုးသမီးဆိုတဲ့အကြည့်၊ နိုင်ငံရေးနဲ့အမျိုးသမီး မပတ်သက်ဘူးပေါ့နော်၊ အဲဒီလိုမျိုးလေးတွေလည်း ရှိတယ်။ ကျွန်မတို့ပါတီထဲမှာ အမျိုးသမီးတွေ ပိုပါလာနိုင်အောင် ဆွဲဆောင်ရမယ်၊ စည်းရုံးရမယ်။
ကလေး ၂ယောက်ရှိတယ်။ အကြီးက ၁၂ နှစ်၊ အငယ်က ၃နှစ်ခွဲပဲ ရှိသေးတယ်။ အခုတော့ အဘွားနဲ့ပဲ ထားခဲ့တယ်။ အမျိုးသားကလည်း အားပေးတယ်လို့ပဲ ပြောရမှာပဲ။ ဘာမှတော့မပြောဘူး။
၁၉၉၇ ကတည်းက ကျောင်းဆရာမ လုပ်ခဲ့တာ ၁၅ နှစ်၊ ရှမ်းစာပေနဲ့ ပတ်သက်ပြီးတော့ပေါ့၊ အဲဒါကို ခဏနားပြီး စီးပွားရေးဘက်ကို ဝင်မယ်ဆိုပြီး အိမ်တွင်းမှုကို စလုပ်ဖြစ်တာ။
ဂျယ်လီတွေ၊ အချိုရည်တွေ၊ အကြော်စုံတွေ လုပ်တယ်။ ကိုယ်ပိုင်အလုပ်ဆိုတော့ ဒီနေ့လုပ်၊ နောက်ရက်မှာ အလုပ်နားပြီး သာရေး၊ နာရေး၊ နိုင်ငံရေးလိုက်။ အခုတော့ အစ်မတွေကို (အိမ်တွင်းမှုလုပ်ငန်း) လွှဲပေးလိုက်ပြီ။
နိုင်ငံရေးလောကကို ဝင်လာတာက စာပေယဉ်ကျေးမှုကြောင့်ပေါ့နော်၊ ကိုယ့်ရဲ့ယဉ်ကျေးမှု ပပျောက်မှာစိုးလို့ ၁ဝ တန်းတက်ကတည်းက စတင်ပြီး လှုပ်ရှားပါတယ်။ ရှမ်းစာနဲ့စကား မပျောက်ကွယ်သွားအောင်၊ ကျောင်းသင်ရိုးမှာ ပါအောင်လုပ်ဖို့ စိတ်ကူးတွေရှိပါတယ်။
ဒီ ၅နှစ်အတွင်းမှာ တိုင်းရင်းသားအရေးရယ်၊ ငြိမ်းချမ်းရေးရယ်၊ အဓိကထား လုပ်သွားမယ်။ ကွန်ဟိန်းကတော့ ငြိမ်းချမ်းနေပါပြီ။ ဒါပေမဲ့ ကျွန်မရဲ့နေရာလေးကိုပဲ ကြည့်လို့မရဘူးလေ၊ တစ်နိုင်ငံလုံး ကြည့်ရမယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။
















