ရန်ကုန် – တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဒုသမ္မတလောင်းအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို သောကြာနေ့တွင် ရွေးချယ်လိုက်ကြကြောင်း တပ်မတော်သတင်းဌာန မြဝတီအင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
၆၅ နှစ်အရွယ် ဦးမြင့်ဆွေသည် ယခင် စစ်အစိုးရခေတ်က စစ်ထောက်လှမ်းရေးအကြီးအကဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည့် တာဝန်များ ယူခဲ့သည့် ထိပ်တန်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

တပ်မတော်၏ ဒုသမ္မတလောင်းရွေးချယ်မှုကို အံ့အားသင့်မိကြောင်း၊ ဦးမြင့်ဆွေထက် ပိုမိုသင့်တော်သူများ တပ်မတော်ထဲတွင် အများအပြားရှိကြောင်း ရန်ကုန်အခြေစိုက် Tampadipa Institute မှ ဒါရိုက်တာ ဦးခင်ဇော်ဝင်းက သုံးသပ်သည်။
"တိုင်းပြည်ပြောင်းလဲချိန်မှာ တပ်ဘက်က အနာဂတ်ကို ကြည့်ပြီးတော့ ပုံဖော်နိုင်မယ့်သူတွေကို တိုင်းပြည်နဲ့ တပ်မတော်ကို ကိုယ်စားပြုမယ့်သူနေရာမှာ ရွေးချယ်သင့်ပါတယ်" ဟု ဦးခင်ဇော်ဝင်းက ပြောသည်။


"သူတို့အနေအထားတွေက နောက်ဆုတ်ပေးရတော့မယ့် နေရာမျိုးပါ။ သူ့ထက်ငယ်တဲ့သူတွေကို နေရာပေးသင့်နေပါပြီ။ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကြားမှာလဲ သူ့အကြောင်းပြောနေဆိုနေကြတာတွေမှာ သိပ်ပြီးတော့ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ သိပ်မတွေ့ရဘူး"
ဦးမြင့်ဆွေသည် သဘောထားတင်းမာသူဖြစ်ခဲ့သည်ဆိုသော်လည်း လာမည့် အစိုးရအဖွဲ့သစ်နှင့် လိုက်လျောညီထွေဖြစ်မည်ဟု မျှော်လင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဘိုဘိုဦးက Myanmar Now ကို ပြောသည်။


ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေက သဘောထား ပျော့ပြောင်းလာပြီဖြစ်သောကြောင့် ဦးမြင့်ဆွေလည်း ထိုသို့ဖြစ်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။
နေပြည်တော်တွင် ပြုလုပ်သည့် တပ်တွင်းရွေးချယ်ပွဲတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးစလုံးက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို ကန့်ကွက်သူမရှိ ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
တစ်ချိန်တည်းမှာပင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ ရွေးကောက်ခံရသူများ အစုအဖွဲ့တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူတို့ကို ဒုတိယသမ္မတများအဖြစ် ရွေးချယ်လိုက်ကြသည်။
ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ ရွေးချယ်မှုတွင် ဦးထင်ကျော်က ၂၇၄ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉ မဲ ရရှိခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ဦးဟင်နရီဗန်ထီးယူက ၁၄၈ မဲ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးခင်အောင်မြင့်က ၁၃ မဲ ရရှိသည်။
လွှတ်တော်တွင်းအစုအဖွဲ့ ၂ ခု၏ ရွေးချယ်မှုတွင် ပယ်မဲ စုစုပေါင်း ၂ဝ ရှိခဲ့ရာ မဲပေးရွေးချယ်စဉ် အမှန်နှင့် ကြက်ခြေခတ်အမှတ်အသား ပြုလုပ်ရကြောင်း၊ ထိုသို့မပြုလုပ်မိပါက ပယ်မဲဖြစ်သွားကြောင်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ်က ပြောသည်။
“ ပယ်မဲဆိုတာတော့ မဖြစ်သင့်ဘူး။ ကြားနေချင်လို့ ပယ်မဲ လုပ်လိုက်တယ်လို့ပဲ ထင်ပါတယ်” ဟု သူက ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်မည့် သမ္မတရွေးချယ်ပွဲတွင် ဒုသမ္မတလောင်း ၃ ဦး ထဲမှ ထောက်ခံမဲအများဆုံးရသူက သမ္မတ၊ ကျန်နှစ်ဦးက ဒုသမ္မတများအဖြစ် တာဝန်ယူရမည်ဖြစ်သည်။
လာမည့်ရက်ပိုင်းအတွင်း သမ္မတရွေးချယ်ပွဲ ပြုလုပ်မည်ဟု သတင်းထွက်နေပြီး NLD ကိုယ်စားလှယ် အင်အားသာလွန်သော ပြည်ထောင်စုလွှတ်တော်က ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်မည်ဟု အများက ယူဆထားကြသည်။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












