"ရခိုင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘူး"

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

နေပြည်တော် – ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနောက်ကျနေသဖြင့် ပြည်ထောင်စုအစိုးရက ဂရုတစိုက် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု  ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန်က ပြောသည်။

Myanmar Now နှင့် မကြာသေးခင်က နေပြည်တော်တွင် တွေ့ဆုံစဉ် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၇ဝ အရွယ် ဦးဘရှိန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်အမျိုးသားပါတီအတွင်း ဖြစ်ပေါ်နေသော အခြေအနေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဆက်ဆံရေး၊ အစိုးရအဖွဲ့သစ်၏ အနေအထား၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခတို့အကြောင်း ပြောပြခဲ့သည်။ တွေ့ဆုံမေးမြန်းချက်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး - အရပ်သားစစ်စစ် အစိုးရ တက်လာတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ - NLD က အများစုအနိုင်ရလို့ ဦးဆောင်ပြီးဖွဲ့တဲ့ အစိုးရလို့ပဲ ပြောလို့ရမယ်။  ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးတွေမှာ စစ်သားဝန်ကြီးတွေ ပါလာတာပဲ၊ ဒုတိယသမ္မတ တစ်ယောက်က စစ်သားဟောင်းကြီး။ ဒါ့ကြောင့် အရပ်သားစစ်စစ် အစိုးရလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ NLD က ဖွဲ့တဲ့ အစိုးရဆိုတော့ NLD ရဲ့ စီမံကိန်းတွေ အတိုင်း ဒီအစိုးရက သွားတော့မှာပေါ့။ သူတို့မှာ ရက် ၁ဝဝ၊ ၆ လ၊ ၁ နှစ်ဆိုတဲ့ စီမံချက်တွေရေးပြီးလုပ်ကြမှာ။ လုပ်မယ့် လုပ်ငန်းတွေကို ပြည်သူကို ချပြချင်လည်း ချပြမယ်၊ မချပြဘဲ အစိုးရအဖွဲ့အစီအစဉ်နဲ့ ဝန်ကြီးဌာနတွေကို ညွှန်ကြားပြီး လုပ်ချင်လည်း လုပ်မှာပေါ့။  

မေး -  ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်ချက်နဲ့ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ပါတီက ဖွဲ့တဲ့ အစိုးရ ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာသင့်တယ်လို့ မထင်ဘူးလား။

ဖြေ - အဲ့ဒီကြွေးကြော်ချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သိပ်အရေးမကြီးဘူးထင်တယ်။ လူတွေက အပြောင်းအလဲကို လိုချင်နေကြတာ။ ဗိုလ်ချုပ်ကြီးတွေ လက်ထဲက အာဏာဟာ ဗိုလ်ချုပ်ကြီးတွေမဟုတ်တဲ့သူတွေရဲ့ လက်ထဲကို ရောက်စေချင်တယ်၊ ပြည်သူတွေမှာ အဲ့ဒီလို ရိုးရိုး သားသားလေးပဲ၊ မျှော်မှန်းချက်ကြီးကြီးမားမားမရှိဘူးလို့ပဲ ကျွန်တော် သဘောပေါက်တယ်။ ဗိုလ်ချုပ်ကြီးတွေ ထူထောင်တဲ့ပါတီနဲ့ ပြိုင်မယ်ဆိုရင် မြန်မာပြည်မှာ အင်အားအကြီးဆုံးပါတီက NLD ပါတီ။ ၈၈ ကျောင်းသားတွေကလည်း ပါတီ မထောင်ဘဲနဲ့ သူ့ကို ဝိုင်းရံပေးထားတယ်ဆိုတော့ ၈၈ ရဲ့အားရော NLD ရဲ့ မူလအားရော နှစ်ခုစလုံးကို သူရတယ်။ အဲ့ဒါကြောင့် ပြည်သူတွေ ထောက်ခံပေးလိုက်တော့ တိုင်းရင်းသားနယ်တွေမှာလည်း ပြည်ခိုင်ဖြိုးခေတ်ကလိုပေါ့။ အပြောင်ရှင်း၊ အပြတ်ရှင်းခံလိုက်ရတာပဲ။

မေး - ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားပါတီက အများစုရတယ် မဟုတ်လား။

ဖြေ - အဲ့ဒါကြောင့် ရခိုင်ပါတီက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရွေးမယ်၊ ဝန်ကြီးချုပ်ရွေးမယ်လို့ ပြောနေတာပေါ့။ သူတို့လိုချင်တဲ့ဆန္ဒ သူတို့ဖော်ပြတာပဲလေ။ ဒါပေမယ့် သမ္မတကို ပြည်နယ်ဝန်ကြီးချုပ်ရွေးဖို့ (အခြေခံဥပဒေက) လုပ်ပိုင်ခွင့် ပေးထားတာကိုး။  

မေး - ဥပဒေအရတော့ ရွေးလို့ရတာပေါ့။ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ဘယ်လိုလုပ်သင့်တယ် ထင်လဲ။

ဖြေ - ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ကျွန်တော်တို့ကို နိုင်ငံရေးအရ စကားပြော ဆွေးနွေးမယ် ဆိုရင်တော့ ကျွန်တော်တို့က ပြောမှာပေါ့။ ဒီအပြောင်းအလဲကို NLD က လုပ်ပိုင်ခွင့်ရှိတော့ သူက ဦးဆောင်ပြီး ပြောင်းလဲသွားမယ်။ ရှမ်းပြည်နယ်မှာ ရှမ်းမဟုတ်တဲ့ဗမာကို ဝန်ကြီးချုပ်ပေးထားတာပဲ။ တိုင်းရင်းသားတွေ ဘယ်လိုခံစားရမလဲ။ ပစ္စည်းတစ်ခုက ကိုယ်မဆုံးရှုံး၊ မနစ်နာဖူးရင် ဒီပစ္စည်းရဲ့ တန်ဖိုးကိုသိဖို့က တကယ်ဆုံးရှုံးသွားခဲ့သူလောက် မခံစားရဘူးလေ။ ရခိုင်တိုင်းရင်းသားတွေလည်း ဒီလိုခံစားကြရပါတယ်။ ဒါပေမယ့် ခံစားချက်တွေကို ဖော်ပြတဲ့နည်းလမ်းတွေ လိုတာပေါ့လေ။ အမြင်ကောင်းအောင် ဖော်ပြတဲ့နည်းလမ်း ရှိသလို ဒီလိုပြောဖို့မလိုပါဘူးကွာဆိုပြီး သဘောမကျနိုင်တဲ့နည်းလမ်းတွေလည်းရှိတာပေါ့။ အဲ့ဒီလိုရင်ဆိုင်ရတယ် ဆိုတာ သူတို့ရွေးချယ်မှုနဲ့ ပက်သက်ပြီးတော့ သက်ဆိုင်ရာ တိုင်းရင်းသားဒေသရဲ့နိုင်ငံရေးအင်အားစု၊ လူမှုအဖွဲ့အစည်း တွေက  တုံ့ပြန်ကြတာပေါ့။  မြန်မာပြည်မှာ ပြည်သူတွေတစ်ရပ်လုံး တောင်ပြိုကမ်းပြို ထောက်ခံတာကြောင့် ဒီအပြောင်းအလဲကို သူဦးဆောင်ခွင့်ရတယ်။ အာဏာလွှဲပြောင်းယူခွင့်ရတယ်။ ကမ္ဘာကလည်း ဒီဟာကို အားပေး နေကြတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့က မထိတထိလေး ပြောလိုက်တဲ့အနေအထားမျိုးတွေ ကြုံတဲ့အခါ မြင်ရတဲ့ မြင်ကွင်းက သူများအပြောအဆိုမလွတ်ဘူးပေါ့။  

မေး - ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ် အမည် တင်သွင်းတော့ ရခိုင်အမျိုးသားပါတီ အမတ်တွေ ထပြန်သွားကြတယ်။ အဲ့ဒါကို ဘယ်လိုမြင်သလဲ။

ဖြေ - လွှတ်တော်မှာ ဦးညီပုကို (ပြည်နယ်အစိုးရဝန်ကြီးချုပ်အဖြစ် အဆိုပြုတာ) မကြိုက်ရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခံစားချက်တွေထက် ဥပဒေနည်းလမ်းအရ စဉ်းစားပြီးတော့ လုပ်တာ ပိုသင့်တော်တယ်။ အခြေခံဥပဒေအရ ဝန်ကြီးချုပ်မဖြစ်ထိုက်ရင် မဖြစ်ထိုက်ဘူးပြောရမယ်၊ မကြိုက်ဘူးလို့ ပြောရုံနဲ့ မလုံလောက်ဘူး။ ခံစားချက်တွေသက်သက်နဲ့ပြောလိုက်ရင် လူမြင်လို့မကောင်းဘူး။ ဒီလိုနည်းလမ်းကတော့ ကျွန်တော် သဘောမကျဘူး။  

မေး - အကဲဆတ်တဲ့ ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးညီပုအနေနဲ့ ဘယ်လောက် ဦးဆောင်နိုင်မယ်လို့ ထင်လဲ။

ဖြေ - တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ပါတီရဲ့ လမ်းညွှန်ချက်ရှိမှာပေါ့။  သူနိုင်နိုင်နင်းနင်း မထမ်းဆောင်နိုင်ရင် ရခိုင်ပြည်နယ်လွှတ်တော်က ဥပဒေနဲ့အညီ ပြောကြမှာပေါ့။

မေး - ရခိုင်အမျိုးသားပါတီက အင်အားစုနှစ်ခု ပေါင်းပြီးမှ အခုနောက်ပိုင်းမှာ ပြဿနာတချို့တက်ခဲ့တဲ့အတွက် ပါတီရဲ့ညီညွတ်မှု ပြိုကွဲနိုင်တယ်လို့ သုံးသပ်ကြတာတွေလည်း ရှိတယ်။ ပါတီကိစ္စကိုပဲ အာရုံစိုက်နေရတဲ့အတွက် ပြည်နယ်တိုးတက်ဖို့က နောက်ဘက်ရောက်သွားတယ်လို့ ထင်လား။

ဖြေ - ပါတီကိစ္စကို အာရုံစိုက်သလား၊ ပြည်တိုးတက်ရေးနောက်ဘက်ရောက်သလားဆိုတာ ပါတီခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ ပါတီတွင်းမှာ ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ကိုယ့်ရခိုင်အချင်းချင်း ညှိနှိုင်း ဆောင်ရွက်တာကိုတောင် မရနိုင်တဲ့သူ၊ မရတတ်တဲ့သူ၊ မရအောင် ပိတ်ပင်ထားတဲ့သူဆိုရင်  ပြည်ထောင်စု တည်ဆောက်တာမှာ ပါဝင်ပူးပေါင်းဖို့၊ တိုင်းရင်းသားတွေ လိုချင်တဲ့ အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးတို့ကို သွားဖို့က အခက်အခဲတွေ ရှိနိုင်တာပေါ့။   

မေး - ရခိုင်လိုမျိုးအဆင်းရဲဆုံးပြည်နယ်တစ်ခု တိုးတက်အောင် ဘာတွေလုပ်ဖို့လိုမလဲ။

ဖြေ -   ရခိုင်မှာ လုပ်နေတဲ့ ဓာတ်ငွေ့ကိစ္စတွေကတော့ ရခိုင်ပြည်နယ်တိုးတက်ဖို့ မပါပါဘူး၊ အာဏာရှင်ကြီးတွေ လုပ်ထားတဲ့ဟာပဲ။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုတာလည်း အရင်လက်ထက်ကတည်းကပဲ။ အခု ဒီမိုကရေစီအစိုးရတက်လာတဲ့အခါ ဒါတွေကို ပြင်ဆင်တာတွေ၊ ညှိနှိုင်းတာတွေ၊ ပြောင်းလဲတာတွေ လုပ်ရမှာပေါ့။ အခုက ရခိုင်တွေ တိုးတက်ရေးအတွက် မဟုတ်ဘဲ ပြည်ထောင်စုအစိုးရပဲ ပိုက်ဆံရနေတာ။ ရခိုင်ပြည်နယ်မှာ ခေတ်မီလယ်ယာလုပ်ငန်းတွေမရှိဘူး၊ ခေတ်မီဖို့ စက်ယန္တရားတွေလိုတယ်။ မြေနိမ့်ပိုင်းဒေသက  လက်နဲ့လုပ်ထားတဲ့ တာတမံတွေဟာ ဒီရေအင်မတန်ကြီးတဲ့အချိန်တွေဆို အရင်ကလောက် မခံနိုင်ကြတော့ဘူး။ တာတမံတွေ ပေါက်တယ်၊ ကျိုးတယ်။ လယ်တွေလျော့သွားတယ်။ ယန္တရားတွေနဲ့လုပ်ပေးဖို့လိုတယ်။ ဒါတွေကို ရခိုင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘူး။ ပြည်ထောင်စုအစိုးရက ဒါတွေကို ဦးစားပေးပြီး ရခိုင်ဒေသအတွက် လုပ်ပေးမယ်ဆိုရင် လယ်ယာလုပ်ငန်းခွင်တွေ ပေါလာမှာပေါ့။ ဒီဒေသမှာ စက်ရုံအလုပ်ရုံတွေ ထူထောင်ပေးနိုင်ရင်တော့ ရခိုင်ပြင်ပရောက်နေတဲ့ ရခိုင်သားတွေ ရခိုင်ဒေသကိုပြန်အခြေချလာနိုင်တာပေါ့။ အခုက ရွာတွေမှာ အရွယ်ရောက်တဲ့ယောကျ်ားတွေ တော်တော်လေး နည်းနေပြီ။ တချို့ရွာတွေမှာ အသုဘတောင်မှ အမျိုးသမီးတွေ ထမ်းပြီးချနေရပြီ။ ဒါတွေက ပြည်ထောင်စုအစိုးရပေါ်မှာ မှီတည်နေတာပဲ။ ပြည်နယ်အစိုးရမှာ ဘာမှလုပ်ပိုင်ခွင့်မှမရှိတာ၊ ဒီ လုပ်ပိုင်ခွင့်မရှိတဲ့အာဏာကိုလုနေကြတာ၊ ပြည်နယ် ဝန်ကြီးချုပ် ဘာအာဏာမှမရှိဘူး။ တစ်ခုရှိတာက ပြည်နယ်ကို ပိုက်ဆံတွေပေးလိုက်တာကို လုပ်ငန်းတွေလုပ်ဖို့ တင်ဒါတွေ။ အရင်တုန်းက ဝန်ကြီးချုပ်ကတော်ဆီသွားတယ်၊ အိမ်နောက်ပေါက်ကဝင်တယ်။ အဲ့ဒီလိုအခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ အဲ့ဒီအခွင့်အရေးတွေ မက်မောပြီး လုပ်နေသလားလို့ အပြောအဆိုခံရတာလည်း ရှိတယ်လေ။ NLD အစိုးရကတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေ တတ်နိုင်သလောက် အကင်းရှင်းဆုံးဖြစ်အောင် ကြိုးစားမယ်ထင်တယ်။

မေး - ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကို မရတဲ့အတွက် အတိုက်အခံအဖြစ်ပဲနေမယ်။ အစိုးရအဖွဲ့ထဲပါတဲ့သူတွေကိုလည်း ပါတီက ထုတ်မယ့်အပြင် လျော်ကြေးပေးရမယ်ဆိုပြီး ခံဝန်လက်မှတ်တွေတောင် ထိုးခိုင်းနေတယ်လို့ သိရတယ်။ ဒါကို ဘယ်လိုယူဆပါသလဲ။

ဖြေ - ဝန်ကြီးချုပ်မရရင် အစိုးရအဖွဲ့မှာမပါဘူးလို့ ကြေညာချက်ထုတ်တော့ ကျွန်တော်က ပြောလိုက်တယ်။ ဝန်ကြီးချုပ်လုပ်ချင်၊ လွှတ်တော်ဥက္ကဋ္ဌလုပ်ချင်တယ်ဆိုတာ ဟုတ်တယ်၊ ဒီအထိ ကျွန်တော်လက်ခံ တယ်၊ မရရင်ဘာဆိုတဲ့ဟာကတော့ လက်တွေ့မကျဘူး၊ အဲ့ဒီလိုကြေညာချက်တွေ ဘာလို့ထုတ်လဲလို့ ပြောလိုက်တယ်။ ဒီအပြောင်းအလဲကြီးမှာ ကျွန်တော်တို့ ပါရမှာပေါ့။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ သူတို့လုပ်ချင်တာလုပ်ကြပါ။ ကိစ္စမရှိဘူး။ ရခိုင်အစိုးရ၊ ရခိုင်လွှတ်တော်မှာ ရန်ဖြစ်နေ၊ ကိုယ့်ရခိုင်အချင်းချင်းဖြစ်တာ ဘာမှမဖြစ်ဘူး။ ပြည်ထောင်စုရဲ့ အပြောင်းအရွေ့တွေ၊ ဒီမိုကရေစီကူးပြောင်းမှုတွေမှာ ကျွန်တော်တို့ ပါခွင့်ရထားလျက်နဲ့ မပါဘဲနေရင် ကျွန်တော်တို့ဘာဖြစ်မလဲ။ ဒီမိုကရေစီ အကူးအပြောင်းကို ကျွန်တော်တို့ မကြိုက်သလို ဖြစ်နေမှာပေါ့။ ကျွန်တော်တို့ကြိုက်တယ်၊ လိုလိုလားလားရှိတယ်။ ဒါကိုအလုပ်နဲ့ ပြရမှာပေါ့။ အခုခံဝန်ထိုးခိုင်းတာကိုတော့ ကျွန်တော် တိတိကျကျ မသိသေးဘူး။ ထိုးခိုင်းတာမှန်ရင် ထိုးချင်တဲ့သူလည်း ထိုးမှာပေါ့။ မထိုးတဲ့သူ ရှိချင်လည်းရှိမှာပေါ့။ အဲ့ဒီလို ဘာ့ကြောင့်လုပ်တယ်ဆိုတာကိုတော့ သူတို့ရှင်းလင်းချက်ထုတ်ရလိမ့်မယ်။  

မေး - ရက္ခိုင့်တပ်မတော် (AA) နဲ့ တိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်လို့ရော ဘယ်လိုထင်မြင်လဲခင်ဗျ။

ဖြေ - ကျောက်တော်နဲ့ ပလက်ဝမှာ တပ်မတော်ဘက်ကတော့ တော်တော်များများ ကျသွားတယ်။ အဲ့ဒီအပေါ်မှာ တပ်မတော်ဘက်ကလည်း ထိခိုက်တာနဲ့ ပတ်သက် ပြီး ခံစားမှုတွေ ဖြစ်မှာပေါ့။ (သူပုန်အဖွဲ့) ဒီလိုရောက်လာတဲ့ဟာ ဒေသခံတွေနဲ့ တစ်စုံတစ်ရာ အဆက်အသွယ်ရှိတယ် ဆိုပြီး ဒေသခံတွေကို ဖမ်းဆီးအရေးယူတယ်။ တပ်မတော်ဘက်ကတော့ သူတို့နိုင်အောင် လုပ်တဲ့အတွက် သူတို့ လုပ်တဲ့လမ်းကို မှန်တယ်လို့ပြောမှာပေါ့။ ဒေသခံတွေကလည်း သူတို့ကိုထိခိုက်အောင်လုပ်တဲ့သူကို နာကြည်းမှာပဲ။ နာကြည်းမှုမရှိအောင်လုပ်ဖို့ လိုအပ်တယ်ဆိုတာ သိရမှာ။ AA က ကျွန်တော်တို့နဲ့ နိုင်ငံရေးလမ်းကြောင်း မတူပါဘူး။   ကျွန်တော်တို့က ပါလီမန်ထဲမှာ တိုက်ပွဲဝင်နေတာပဲ။ တိုက်ပွဲမှာ ထိခိုက်လို့  လက်စားချေရင်တော့ ဘယ်တော့မှ မကျေဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်မတော်ကို နိုင်မယ်ထင်လို့ တိုက်နေတာမဟုတ်ဘူး၊ မကျေနပ်လို့ တိုက်နေတာ။ တိုင်းရင်းသားအားလုံး နိုင်ငံရေး၊ စီးပွားရေး တန်းတူရည်တူမရှိတဲ့အတွက်ကြောင့် ရန်ဖြစ်နေရတာ။ အဲ့ဒါကိုမှန်အောင်၊ မျှတအောင် လုပ်ရမှာ။ အခု ဒေါ်အောင်ဆန်းစုကြည်မှာ ပိုတာဝန်ရှိလာတာပေါ့။      ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading