"လွှတ်တော်မှာ မျှော်လင့်ချက်တွေရှိလာတယ်"

မကြာသေးခင်က နေပြည်တော်တွင် တွေ့ရသည့် မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်(ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)
မကြာသေးခင်က နေပြည်တော်တွင် တွေ့ရသည့် မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်(ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

နေပြည်တော် – ပြန်လည်စတင်သည့် လွှတ်တော်တွင် မျှော်လင့်ချက်များ ရှိလာသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံထားရသူ ဦးစိုင်းသီဟကျော်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ခန့်အပ်သည့် မူဝါဒတို့နှင့် ပတ်သက်၍မူ မေးခွန်းထုတ်လိုသည်ဟု သူက ဆိုသည်။

မကြာသေးမီက နေပြည်တော်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ၄၁ နှစ်အရွယ် ဦးစိုင်းသီဟကျော်က တိုင်းရင်းသားအရေး၊ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်တို့အကြောင်း ပြောပြထားသည်။

မေး - ပြည်သူ့လွှတ်တော်မှာ ဘာတွေ အပြောင်းအလဲရှိတယ်လို့ သုံးသပ်ချင်ပါသလဲ။

ဖြေ - ပထမအကြိမ်လွှတ်တော်မှာ ကျွန်တော်တို့အတွက် ပေါ့ပေါ့ပါးပါးလေး သွားနေရတဲ့အနေအထား။ အခြေအနေအရသာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာတယ်၊ သိပ်ကြီးကြီးမားမား မျှော်လင့်ထားတာမရှိဘူး။ ဒါပေမယ့် ဒီဒုတိယအကြိမ် လွှတ်တော်မှာ မျှော်လင့်ချက်တွေ ရှိလာတယ်။ နည်းနည်းလေး စိတ်ဝင်စားစရာကောင်းတဲ့၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အခင်းအကျင်းမျိုး ပေါ်ပေါက်လာတာပေါ့။ ကွာခြားချက်က ဒါပါပဲ။

မေး - မျှော်လင့်ချက်ဆိုတာ ဘာကိုပြောတာလဲ။

ဖြေ - တိုင်းရင်းသားတွေရဲ့အဓိက မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်အရေး ကိစ္စတွေပါ။ ဒါတွေကိုဦးတည်ပြီးသွားဖို့ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်။ ပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ ပြင်လို့ရတာနဲ့ လွှတ်တော်ပြင်ပကတဆင့် ထိရောက်အောင်၊ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှု၊ နောက် … ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေကနေတဆင့် ညှိနှိုင်းဆောင်ရွက်ရင်း ရလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အကျိုးအမြတ်ကနေမှတစ်ဆင့် ဖွဲ့စည်းပုံကိုပြင် ဆိုတာမျိုးတွေ ရှိတာပေါ့။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့တွေ လွှတ်တော်ထဲဝင်လာတော့ ဒီအပေါ်မှာ သိပ်မျှော်လင့်မထားနိုင်ဘူးပေါ့။ လွှတ်တော်ထဲမှာဝင်ပြင်ရအောင်လည်း ကျွန်တော်တို့က ပြင်နိုင်လောက်တဲ့ အင်အားမရှိဘူး။ အခုတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကလည်း အတော်အတန်ရောက်လာပြီ။ တစ်နိုင်ငံလုံး အနိုင်ရရှိတဲ့ NLD ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ကြွေးကြော်ပြီး လွှတ်တော်ထဲရောက်လာတဲ့အဖွဲ့အစည်း။ အဲဒါကြောင့်မို့လို့ ဒီတစ်ခေါက်မှာ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့ လွှတ်တော်ကို တက်လာတာပါ။

မေး - လွှတ်တော်မှာအရင်က USDP (ပြည်ခိုင်ဖြိုးပါတီ) အားကြီးတယ်၊ အခု NLD အားကြီးတယ်။ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်မိတာ ရှိသလား။

ဖြေ - အထိုက်အလျောက်တော့ စိုးရိမ်တယ်လို့ပြောရမှာပဲ။ အရင်တုန်းက USDP အင်အားကြီးတဲ့ အနေအထားမှာ သူဘယ်လောက်ထိ ပြောင်းလဲချင်တဲ့စိတ်ဆန္ဒရှိမလဲ၊ လုပ်ရောလုပ်ပါ့မလား၊ ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်မယ် ဆိုတဲ့ပုံစံမျိုးနဲ့သွားတာ။ ဒီတစ်ခေါက်တော့ NLD က နည်းနည်းလေးစလှမ်းတဲ့ အစပိုင်းလေးမှာ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်တွေမှာ နည်းနည်းအငြင်းပွားစရာ၊ ငြင်းခုံစရာ ကြားလာရတယ်။ သူလုပ်ချင်ကိုင်ချင်တဲ့ပုံစံကို ပုံဖော်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဝန်ကြီးချုပ်(တာဝန်)တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် (အခြေစိုက် ပါတီတွေ)က ပုဂ္ဂိုလ်တွေကို ပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ထွက်လာတဲ့အခါမှာ သူ့ပါတီထဲက လူတွေကိုပဲ ပေးပါ့မယ်ဆိုတဲ့ပုံစံတွေ ဖြစ်လာတယ်။ ဖွဲ့စည်းပုံကို လက်မခံဘူး ဆိုတဲ့ ပါတီက ဖွဲ့စည်းပုံနဲ့ပဲကိုင်ပြီးသွားမယ့် အခြေအနေမျိုးဖြစ်လာတော့ နည်းနည်း စိုးရိမ်လာပြီ။

မေး - အမျိုးသားရင်ကြားစေ့ရေးလို့ NLD က ပြောတဲ့အတိုင်း လွှတ်တော်မှာရော၊ အုပ်ချုပ်ရေးပိုင်းမှာရော ကရင်၊ ကချင်၊ ချင်း၊ ရခိုင် စသည်ဖြင့်ကို တာဝန်ပေးတယ်။ လစ်လပ်နေတဲ့ထဲမှာ ရှမ်းလူမျိုးစု ပါဝင်နေပါတယ်။

ဖြေ - ကျွန်တော်တို့နဲ့မဟာမိတ်သဘောမျိုးရှိနေတဲ့ NLD က အပြတ်အသတ်အနိုင်ရတဲ့အချိန်မှာ ကျွန်တော်တို့ကို နေရာပေးသင့်တယ်လို့ အများစုက မြင်သွားတယ်။ NLD အနေနဲ့လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပါဝင်ဖို့၊ ပြည်နယ်မှာလည်းပါဝင်ဖို့ တကယ် ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့ပါတီ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတစ်ခုလည်း ရှိနေသေးတာမို့ ငြင်းပယ်လိုက်ရတယ်ဆိုတာလည်း ကြားကြမှာပါ။ သို့သော်လည်း ရုံးချုပ်ကလည်း လွှတ်တော် အသီးသီးမှာ ရှိနေတဲ့ NLD အမတ်တွေနဲ့ ကျွန်တော်တို့ SNLD အမတ်တွေ ပူးပေါင်းဆောင်ရွက်ကြပါလို့ မှာကြားထားပါတယ်။ NLD အပေါ်မှာ ဘာမှ သဘောထားမရှိပါဘူး။ အားလုံးကိုနားလည်နိုင်တဲ့အနေထားပါ။

မေး - ရှမ်းပြည် ရွေးကောက်ပွဲနိုင်သူတွေထဲမှာ ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ခဲ့သူ၊ ပြည်သူ့စစ်တွေနဲ့ ဆက်နွယ်နေတဲ့သူတွေ ပါလာပါတယ်။ ဒါက ဒေသတိုးတက်ရေးအတွက် အခက်အခဲ ဖြစ်နေမလား။

ဖြေ - ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ အရင်တုန်းကလည်း စစ်အစိုးရအုပ်ချုပ်ခဲ့တယ်။ ပြီးတော့ USDP ဆက်ပြီး အုပ်ချုပ်ခဲ့တာပဲ။ ထူးထူးခြားခြားပြောင်းလဲသွားတာ မတွေ့ရဘူး။ နဂိုကတည်းကလည်း တိုက်ပွဲတွေ ဖြစ်နေတယ်၊ ဆက်လည်းဖြစ်နေတာပဲ၊ ပိုတောင်တိုးလာသလားလို့တောင် ထင်ရတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သိပ်မခံစားရဘူး။

မေး - ဒီတိုက်ပွဲတွေကြောင့် မကြာခင်ကပဲ စစ်ပြေးဒုက္ခသည် အများအပြား ထပ်ပြီး ထွက်ပေါ်လာတယ်။ တကယ်ငြိမ်းချမ်းအောင် ဘာတွေလုပ်ဖို့လိုမလဲ။

ဖြေ - ဘာဖြစ်လို့ နှစ်ပေါင်းများစွာ တောထဲမှာနေပြီးတော့ လက်နက်ကိုင်တော်လှန်ခဲ့ကြသလဲ ဆိုတာကို ပြန်ကြည့်ဖို့လိုမယ်။ လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပဲ။ ဒါကို ဘာလို့ပြန်တောင်းနေကြသလဲဆိုရင် အခုလက်ရှိအနေအထားနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် ပိုပြီးထင်ရှားမယ်။ ရှမ်းပြည်နယ်ကိုဥပမာပေးပြီးပြောရရင် ကျွန်တော်တို့ကို အားလုံးကမဲပေးလို့ အပြတ်အသတ်အနိုင်ရတယ် ဆိုပါစို့၊ ကျွန်တော်တို့ ဝန်ကြီးချုပ်ခန့်နိုင်ပါ့မလား။ ခန့်မယ်၊ မခန့်ဘူးဆိုတာ သမ္မတလက်ထဲမှာရှိတယ်ဆိုတော့ အခြေခံဥပဒေက ပြောင်းရမယ်။ တကယ့် ဖက်ဒရယ်စနစ် သွားဖို့ဆိုတာက ဗဟိုအစိုးရ တာဝန်၊ ပြည်နယ်အစိုးရတာဝန် ကွဲကွဲပြားပြား သတ်မှတ်ပြဋ္ဌာန်းထားနိုင်မှဖြစ်ပါမယ်။ ကျွန်တော်တို့ဟာ (ရှမ်းပြည်နယ်မှာ) ရွေးကောက်ပွဲ landslide (အပြတ်အသတ်) အနိုင်ရရင်တောင်မှ ကျွန်တော်တို့ (ပြည်နယ်) အစိုးရမဖွဲ့နိုင်ပါဘူး။ အဓိကပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားပြီ၊ ဘာဖြစ်လို့ အဲဒီကိုပဲ ဦးတည်သလဲဆိုတာ သိလောက်ပါပြီ။

မေး - တရားဥပဒေစိုးမိုးရေးကို အလေးထားတယ်ဆိုတဲ့ NLD က အစိုးရဖွဲ့ပြီးနောက်ပိုင်းမှာ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ဘယ်လို ကိုင်တွယ်မလဲ။

ဖြေ - တရားဥပဒေစိုးမိုးရေးဆိုတာ ပြောရတာတော့… လွယ်တယ်၊ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ ကြီးစိုးတဲ့ နေရာတွေမှာ တရားဥပဒေက မကြီးစိုးနိုင်ပါဘူး။ ပြည်သူ့စစ်တပ်ဖွဲ့တွေထက် နိုင်ငံရေးယုံကြည်ချက်နဲ့လုပ်ကိုင်နေတဲ့ လက်နက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့လိုမယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဆိုတာက အခုဆိုရင် တပ်မတော်ရဲ့ကွပ်ကဲမှုအောက်ကိုရောက်နေပါပြီ။ အဲ… သူတို့က ပြည်သူအပေါ် အနိုင်ကျင့်တယ်ဆိုရင်တော့ တပ်က တာဝန်မကင်းဘူးလို့ပဲ ပြောရမှာပဲ။

မေး - ငြိမ်းချမ်းရေးလမ်းကိုရော NLD အစိုးရ ဘယ်လိုဆက်ပြီးလျှောက်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ - သမ္မတထက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေရှင်းမှဖြစ်မယ့်ကိစ္စလို့ ထင်တယ်။ အဖွဲ့အချင်းချင်းတွေ့တဲ့အခါမှာ တကယ့် ဆုံးဖြတ်ချက်ချနိုင်မယ့်ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ လိုပါတယ်။ အခု NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်) အဆင့်အထိ ရောက်ခဲ့ပြီးပြီ။ ဒီ NCA ကို အစိုးရအသစ်က လက်ခံနိုင်မလား၊ ပြင်ရင်ရော လက်နက်ကိုင် အဖွဲ့တွေက လက်ခံနိုင်မလား။

မေး - ရှမ်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ လာမယ့် ၅နှစ်အတွင်းမှာ ဘာတွေလုပ်ဖို့လိုမလဲ။

ဖြေ - ပညာရေးစနစ် နိမ့်ကျခဲ့တယ်၊ မူးယစ်ဆေးဝါး ပြဿနာတွေ ကြီးထွားခဲ့တယ်၊ ပြည်နယ်ထဲက လူတော်တော်များများက တဖက်နိုင်ငံ (ထိုင်းတို့၊ တရုတ်တို့ကို) ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထွက်သွားတာ သန်းချီရှိနေတယ် ဆိုတော့ လူဦးရေလည်း တော်တော်လျော့နေပြီ။ စီးပွားရေးအခွင့်အလမ်းတွေ၊ ဆက်သွယ်ရေးတွေ
ကောင်းအောင် လုပ်ပေးလာနိုင်မယ်ဆိုရင်တော့ အထိုက်အလျောက်တော့ ဖွံ့ဖြိုးလာလိမ့်မယ်။ ဒီဟာတွေကို မြှင့်တင်နိုင်ပြီဆိုရင် ပညာရေး၊ ကျန်းမာရေးက ပါလာပါလိမ့်မယ်။ သူတို့ရှာဖွေစားသောက်ဖို့ပဲ ရုန်းကန်နေရမယ်ဆိုရင် ကျောင်းမလာဘူး၊ လုံးချာလည်လိုက်နေမှာ။ ဒါပေမယ့် ဒါဟာ ရေတိုဖြေရှင်းနည်း၊ ၅နှစ်တာ လုပ်နိုင်တဲ့နည်းလမ်း။ ရေရှည်အတွက်၊ အဘက်ဘက်က ကောင်းအောင် စွမ်းဆောင်နိုင်ဖို့က အဓိကပြဿနာကို ကိုင်တွယ်နိုင်မှ။ အဲဒီ အဓိက ပြဿနာက ငြိမ်းချမ်းရေးပါပဲ။

မေး - ကချင်ပြည်နယ်ပြီးရင် ရှမ်းပြည်နယ်က ရေကာတာ၊ ဆည် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာနိုင်မယ့် ဒေသလို့ ပြောနေကြပြီ။ အစိုးရသစ်က ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်သင့်သလဲ။

ဖြေ - စိတ် စေတနာကောင်းဖို့၊ စေတနာမှန်ဖို့ လိုပါတယ်။ ရေကာတာလုပ်တာမှန်ပေမယ့် လုပ်နည်းလုပ်ဟန် လွဲနေတယ်။ ပြည်သူတွေအားလုံးက မကျေနပ်၊ လက်မခံချင်ဘူး။ ရေကာတာကျိုးပေါက်လို့ ဒုက္ခရောက်မယ်ဆိုရင် ပြည်သူတွေပဲ ထိခိုက်မှာ။ စေတနာအမှန်နဲ့ လုပ်ပေးချင်တယ်ဆိုရင် သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းတွေ အားလုံးကို မထိခိုက်အောင် လုပ်ရမယ့်နည်းတွေ အများကြီးပါ။ လျှပ်စစ်မီးလိုချင်တာမှန်တယ်၊ ဒါပေမယ့် ကိုယ့်အသက်အိုးအိမ်တွေနဲ့ ရင်းပြီးမှရမယ်ဆိုရင် မယူတော့ဘဲ အမှောင်ထဲပဲနေမယ်။

မေး - နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) မှာ NLD က စစ်တပ်ထက် အင်အား နည်းနေတာကို တွေ့ရတယ်။

ဖြေ - ဒါက ဖွဲ့စည်းပုံနဲ့ဆိုင်တယ်။ တပ်ရဲ့စီမံခန့်ခွဲခွင့် အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပေးပြီးသား၊ သမ္မတတောင် ပြောလို့မရဘူး။ ဒါ့ကြောင့် ကာလုံကို ကျွန်တော်တို့အမြင်အရ သိပ်ပြီးတော့ တိုင်းပြည်ကို မောင်းနှင်မယ့်အဖွဲ့မဟုတ်ဘူး။ တကယ်မောင်းရမှာက အစိုးရအဖွဲ့ပဲ။ အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ၊ နိုင်ငံခြားနဲ့ စစ်ဖြစ်မယ့်ကိစ္စတွေမှာ ကာလုံကဏ္ဍ အရေးပါလာမှာ၊ တခြားအချိန်တွေကတော့ ပုံမှန်ပဲ။ သို့သော် အစိုးရအပြောင်းအလဲတို့၊ တိုင်းပြည်ဆူပူဖြစ်လာတာတို့မှာ သူပါမှာ။ အဲ့ဒီလိုအခြေအနေ ဖြစ်လာရင်လည်း လွှတ်တော်ဆိုတာ ပျက်ပြီ၊ အစိုးရအဖွဲ့ ပျက်ပြီ။ ပြီးခဲ့တဲ့ ၅ နှစ်တာ အစိုးရသက်တမ်းမှာကတော့ ကာလုံရဲ့ သဘောတူညီချက် ယူခဲ့ရတဲ့ကိစ္စ တစ်ခုမှမကြားမိခဲ့ဘူး။ ဒါကလည်း ကျွန်တော်တို့ပဲ မသိတာလား၊ သူတို့က မထုတ်ပြန်တာလားတော့ မပြောတတ်ဘူး။

မေး - အစိုးရသစ်က တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဖွဲ့တာကို ဘယ်လိုမြင်လဲ။

ဖြေ - တိုင်းရင်းသားလို့ ပြောရင် ဗမာပါသလား၊ မပါဘူးလား။ အားလုံးက ပြောတော့ ပါပါတယ်။ ဒါဆိုရင် တစ်နိုင်ငံလုံးနဲ့ မဆိုင်တော့ဘူးလား။ တိုင်းရင်းသားအခွင့်အရေးဆိုတာ ဘယ်သူ့ကို ပြောချင်တာလဲ။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုရင် တိုင်းရင်းသားလို့ မပြောနဲ့တော့၊ နိုင်ငံသားလို့ပဲ ပြောရမှာ။ အခုက တိုင်းရင်းသား အခွင့်အရေးကို သီးခြားခွဲထုတ်လိုက်သလို ဖြစ်တာကြောင့် တိုင်းရင်းသားဆိုတဲ့ အဆင့်တစ်ခု သတ်မှတ်လိုက်ပြီးတော့ ဗမာကအဆင့်တန်းတစ်ခုလို့ ခွဲထုတ်လိုက်သလို ပိုဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒီကိစ္စကို သဘောမတူသလို လက်လည်း သိပ်မခံချင်ဘူး။ ကျွန်တော်တို့က နိုင်ငံသားမဟုတ်ဘူးလား။ နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရတဲ့သူ၊ ဧည့်နိုင်ငံသား၊ နိုင်ငံခြားသား ဘယ်လို ခံစားခွင့်ရှိကြတယ်ဆိုတာကို ကွဲကွဲပြားပြား လုပ်လိုက်ရင် ရတယ်။ အဲ့ဒါကို အသိအမှတ်မပြုခင်မှာ လွှတ်တော်မှာ တိုင်းရင်းသား ပါတီ အများကြီးရှိနေတဲ့ဟာ ကြိုပြီးတော့ ညှိနှိုင်းမှု မရှိခဲ့ဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်မယ်ဆိုပြီးလုပ်တာ။ ဒီတိုင်းရင်းသားအခွင့်အရေး ဥပဒေအရလည်း ပြည်စုံမှု မရှိဘူးလို့ ထင်တယ်။ နိုင်ငံသားအခွင့်အရေးကို နိုင်ငံသားတိုင်းက သူ့ဓလေ့၊ သူ့ယဉ်ကျေးမှု၊ သူ့စာပေတွေ အားလုံးကို ဖွဲ့စည်းပုံမှာလည်း ပေးထားပြီးသားပဲ။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက နိုင်ငံသားအခွင့်အရေးတွေကို လေးစားလိုက်နာမယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးဆိုတာကို သီးခြားတောင်းစရာမလိုဘူး။ အခုဒီလိုလုပ်ခြင်းအားဖြင့် ဗမာလောက် အပြည့်အဝ မပေးချင်လို့ ကန့်သတ်လိုက်တဲ့ပုံမျိုး ဖြစ်တယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading