ရန်ကုန် – ရိုဟင်ဂျာလူမျိုးဟူသည့် အသုံးအနှုန်းကို တရားဝင် ကန့်ကွက်စာ ထုတ်ပြန်သွားပြီး ဖြေရှင်းပေးရန် အစိုးရကို ဆန္ဒပြတောင်းဆိုသွားရန် ပြင်ဆင်နေသည်ဟု အမျိုးသားရေး ဝါဒီများထံမှ သိရသည်။
ပထမဆုံး ဆန္ဒပြပွဲကို မန္တလေးမြို့တွင် သောကြာနေ့ ပြုလုပ်မည်ဟု ဆန္ဒပြပွဲတွင်ဦးဆောင်မည့် ဝံသာနုရက္ခိတ စနေလူငယ်များအသင်းမှ ဦးပြည့်ဖြိုးအောင်က ပြောသည်။

“ရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ မရှိပါဘူး။ မရှိတဲ့လူမျိုးကို အရှိလုပ်ပြီး သုံးစွဲနေတဲ့အတွက် ဆန္ဒပြတာပါ”ဟု ဦးပြည့်ဖြိုးအောင်က ဆိုသည်။
ဆန္ဒပြရေး ခွင့်ပြုမိန့်ရရှိရန် စနေနေ့က အောင်မြေသာဇံမြို့နယ် ရဲစခန်းသို့ လျှောက်လွှာ တင်ထားပြီးဖြစ်ကြောင်း၊ အစိုးရက တောင်းဆိုချက်များကို လိုက်လျောခြင်းရှိ၊ မရှိအပေါ် မူတည်ပြီး ဆန္ဒပြပွဲများ ဆက်လုပ်သင့်မသင့် စဉ်းစားသွားမည်ဟု သူကပြောသည်။


နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သံအမတ်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် ရခိုင်ဒေသ မွတ်စလင်များကို ရိုဟင်ဂျာ ဟု ခေါ်ဆိုခြင်း မပြုရန် တိုက်တွန်းခဲ့သေးသည်။ ထိုသို့ တိုက်တွန်းခြင်းမှာ လူမျိုးရေးပဋိပက္ခ ကြီးထွားမလာစေရေးအတွက်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။
မကြာသေးမီက ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ကြေညာချက်တစ်စောင်တွင် ရိုဟင်ဂျာဟု ဖော်ပြခဲ့ပြီးနောက်ပိုင်း အမျိုးသားရေးဝါဒီအများအပြားက ဆန့်ကျင် ကန့်ကွက်ကြစဉ် ထိုသို့ မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု သိရသည်။


“ဒီအသုံးအနှုန်းကိုသုံးစွဲတာကြောင့် ပြဿနာတွေ ပိုပြီးရှုပ်ထွေးစေလာနိုင်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက ပြောသည်။
ရိုဟင်ဂျာသည် တိုင်းရင်းသား ၁၃၅မျိုးထဲတွင် မပါဝင်သောကြောင့် မြန်မာတိုင်းရင်းသား လူမျိုးတစ်ခုအဖြစ် လက်ခံရန် မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်ကို ကြိုဆိုသူများထဲတွင် မဘသဟု ထင်ရှားသည့် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး(ဗဟို)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်ဦးသောပါကလည်း ပါဝင်သည်။
ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို သဘောမတူသည့် မဘသ အပါအဝင် အမျိုးသားရေးဝါဒီများ၏ လှုပ်ရှားမှုများမှာ အစိုးရသစ်အပေါ်တွင်သာ မူတည်ကြောင်း ဆရာတော်က မိန့်သည်။
“ဇွတ်မှိတ်ပြီးတော့ ဆန့်ကျင်နေမယ်ဆိုရင်၊ ငါတို့က လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ လုပ်နေမယ်ဆိုရင်တော့ အခြေအနေတွေ ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့” ဟု ဆရာတော်က မိန့်သည်။
မြန်မာအစိုးရ၊ အမျိုးသားရေးဝါဒီ အသင်းအဖွဲ့များ၊ သာမန်ပြည်သူအများအပြားက ရခိုင်ပြည်နယ်မှ နိုင်ငံမဲ့ မွတ်စလင်တို့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်သည်ဟုဆိုကာ “ဘင်္ဂါလီ" ဟု သုံးနှုန်းလျက်ရှိသည်။
ပြီးခဲ့သည့်လအတွင်း စစ်တွေမြို့အနီး စက်လှေ နစ်မြုပ်သေဆုံးခဲ့သူများနှင့် ပတ်သက်ပြီး အမေရိကန်သံရုံးက ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ရာတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ထည့်သွင်းထားရာ အမျိုးသားရေးဝါဒီအများအပြားက ဧပြီလ ၂၈ ရက်နေ့တွင် သံရုံးရှေ့သို့ သွားရောက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ထိုနေ့တွင်ပင် အမေရိကန်သံအမတ် Scot Marciel က သတင်းထောက်များနှင့် တွေ့ဆုံရာ အမေရိကန်အစိုးရအနေဖြင့် ထိုသို့ သုံးနှုန်းခြင်းကို ရပ်တန့်မည်မဟုတ်ဟု ပြောလိုက်သည်။
မည်သည့်လူမှုအသိုင်းအဝန်းမဆို ၎င်းတို့ကို မည်သို့ခေါ်ဆိုရန် ရွေးချယ် သတ်မှတ်နိုင်သည့် အခွင့်အရေးရှိသည်ဟု အမေရိကန်အစိုးရနှင့် နိုင်ငံတကာက ခံယူထားသည်ဟု သူက ဆိုသည်။
“သူတို့ကို ဘယ်လိုခေါ်ပါလို့ တောင်းဆိုတဲ့အတိုင်း ကျွန်တော်တို့က သုံးနှုန်းမှာပဲ။ ဒါက နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက် မဟုတ်ပါဘူး၊ သာမန် လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ” ဟု သံအမတ်က ပြောသည်။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












